Main menu

ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူမှုဆိုင်ရာ အသိပညာ

Powered by Drupal

      စားသုံးသူများအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အရည်အသွေးပြည့်ဝသည့် ကုန်စည်များရရှိရန်နှင့် ကျေနပ်မှုရှိစေသည့် ဝန်ဆောင်မှုများကို ရရှိရန်မှာ အခြေခံလိုအပ်ချက် ဖြစ်ပေသည်။ ယင်းလိုအပ်ချက်များကို အပြည့်အဝ ရရှိစေရန်အလို့ငှာ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများသည် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိသည်မှာ ထင်ရှားလှပေသည်။ အသိပညာပေးမှုအပိုင်းတွင် စားသုံးသူတို့ ယေဘုယျသိထားသည့်အချက်များမှာ ဘယ်လိုပစ္စည်း၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို ရွေးချယ်ဝယ်ယူမလဲ၊ မည်သို့သော ကုန်စည်နှင့် ဝန်ဆောင်မှုများက စျေးနှုန်းနှင့် အရည်အသွေးကိုက်ညီမှုရှိသည်ဟု ဆင်ခြင်ဆုံးဖြတ်မလဲ၊ ကုန်စည် နှင့် ဝန်ဆောင်မှုတို့ တည်ရှိသည့်နေရာအပေါ် သုံးသပ်၍ ဘယ်လိုဝယ်ယူမလဲ၊ ကုန်စည်နှင့် ဝန်ဆောင်မှု တို့ကိုဝယ်ယူရာတွင် ရရှိသည့် သို့မဟုတ် ပါရှိသည့်သက်တမ်းကို အလေးထား၍ ဘယ်လို အသုံးချမလဲ၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အာမခံချက်ကို ဘယ်လိုအသုံးချမလဲ၊ အသုံးပြုပုံနှင့် ထားသိုပုံဆိုင်ရာ အချက်အလက်တို့ကို ဘယ်လိုစိစစ်မလဲတို့ ဖြစ်ပါသည်။ လက်ရှိတွင် စားသုံးသူများ ရင်ဆိုင်နေရသောပြဿနာအချို့မှာ ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူရာတွင် စျေးနှုန်း ကွာဟခြင်း၊ ပစ္စည်းများရောနှောရောင်းချခြင်း၊ အရည်အသွေးပြည့်မီမှု မရှိခြင်း၊ အပြစ်အနာအဆာရှိသော ပစ္စည်းများရောင်းချခြင်း၊ မမှန်ကန်သော အချိန်အတွယ် အသုံးပြုခြင်း၊ လိမ်လည်လှည့်ဖြားသည့် ရောင်းဝယ်မှုအလေ့အကျင့်များ ဆောင်ရွက်ခြင်း၊ စားသုံးသူများအတွက် လမ်းညွှန်ချက်ပေးမှု အားနည်းခြင်း၊ စံချိန်စံညွှန်းနှင့်ကိုက်ညီမှု မရှိခြင်း အစရှိသဖြင့် အမျိုးမျိုးသော အခြေအနေတို့ဖြင့် ဝယ်ယူနေကြရသည်။ ယင်းသို့သောအခြေအနေများကို ကျော်ဖြတ်ရန် စားသုံးသူများအနေဖြင့် လိုအပ်သည့်အချက်များမှာ ၎င်းရရှိနိုင်သည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်တို့ကို သိရှိလိုက်နာ ဆောင်ရွက်ရန်၊ ပြဌာန်းထားသည့် သက်ဆိုင်ရာ ဉပဒေများကို သိရှိလေ့လာထားရန်၊ ပြဿနာများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။ ဖော်ပြပါ လိုအပ်ချက်များ၏ အရင်းအမြစ်သည် စားသုံးသူတို့ကို အသိပညာပေးခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် ဝယ်ယူ စားသုံးမှုဆိုင်ရာ အသိပညာဗဟုသုတများ ရှိကြရမည် ဖြစ်သကဲ့သို့ လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရသော နစ်နာဆုံးရှုံးနေရသည့် အခြေအနေများအတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ အသင်းအဖွဲ့များသို့ ဆက်သွယ်တိုင်ကြား၍ ဆုံးရှုံးနစ်နာမှုများ မရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။