Main menu

ဂျုံရိုးခမောက်(ခေါ်)ဂျုံရိုးဦးထုပ်လုပ်ငန်း (Wheat Straw Hats)

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာရှိ ဂျုံရိုးခမောက်(ခေါ်)ဂျုံရိုးဦးထုပ်လုပ်ငန်းမှ တာဝန်ရှိသူအချို့ထံမှ လုပ်ငန်းလုပ်ငန်းမှုအခြေအနေများကို လေ့လာ၍ သုံးသပ်တင်ပြလိုက်ရပါသည်။ ဂျုံရိုးခမောက်လုပ်ငန်းသည် မြန်မာ့လက်မှုပညာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် မိရိုးဖလာလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မြန်မာလူမျိုးများ နှစ်သက်စွာ အသုံးပြုခဲ့သော ဦးထုပ်တစ်မျိုးဖြစ်ပါသည်။ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စုရှိ ငါးလုံးတင်ကျေးရွာ၊ မထိသာကျေးရွာနှင့် ဆင်မြေကျေးရွာများတွင် ဂျုံစိုက်ဧက (၂၀၀၀)ကျော်မှ ရရှိသော ဂျုံရိုးများကိုစုဆောင်း၍ ကြိုးကျစ်ခြင်းလုပ်ငန်းများကို ကျေးရွာသူ/သားများ အားလုံး လုပ်ကိုင်ကြပါသည်။ ငါးလုံးတင်ကျေးရွာတွင် ဂျုံရိုးခမောက် ထုတ်လုပ်သည့် လုပ်ငန်းရှင် (၇)ဦးခန့် ရှိပါသည်။
ဂျုံရိုးအဆစ်ချိုးခြင်းနှင့် အဆစ်ခွဲခြားခြင်း
ကုန်ကြမ်းဂျုံရိုးများကို အခြောက်လှန်း၍ သန့်စင်ပြီးပါက ဂျုံရိုးများကို သုံးဆစ်ချိုးယူ၍ အဆင့်အတန်း(၃)မျိုးခွဲခြားပါသည်။ ဂျုံရိုးတစ်ရိုး၏ အပေါ်ဆုံးအဆစ်သည် နူးညံ့သည့်အတွက် ဂျုံရိုး ဦးထုပ်အချောအတွက်လည်းကောင်း၊ အလယ်အဆစ်မှာ ဦးထုပ်ကြမ်းချောအတွက်လည်းကောင်း၊ နောက်ဆုံးအဆစ်မှာ ဦးထုပ်အကြမ်းအတွက်လည်းကောင်း အဆင့်ခွဲခြား၍ ဦးထုပ်(၃)မျိုး(၃)စား ထုတ်လုပ်ပါသည်။ ဂျုံရိုးအဆစ်များကို ကောင်း၊ သင့်၊ ညံ့ (၃)စားခွဲ၍ တစ်ပိဿာစည်းများ စည်းထားပါသည်။
ကြိုးကျစ်ခြင်း နှင့် ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်
ဂျုံရိုး ဦးထုပ်တစ်လုံး ဖြစ်ပေါ်စေရန်အတွက် ပထမအဆင့်အနေဖြင့် ကုန်ကြမ်း ဂျုံရိုးကို ကျစ်ပင်စပိုင်းဖြစ်သော အပေါ်နှံကို ချိုးယူကြရပါသည်။ ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ -
ချိုးပြီးသော ဂျုံရိုးများကို (၁၀)မိနစ်ခန့် ရေစိမ်ပြီးပါက ကြိုးကျစ်နိုင်ပါသည်။ (ရေစိမ်မှသာ ဂျုံရိုးများ ပျော့ပြောင်းသွားသည့်အတွက် ကြိုးကျစ်ရန် အဆင်ပြေမည်ဖြစ်ပါသည်) ဂျုံရိုးဦးထုပ် တစ်လုံးစာ အတွက် ကျစ်ကြိုးအရှည် အတောင်(၄၀)ခန့် လိုအပ်သည်။ (ဂျုံရိုး တစ်ပိဿာစည်း တစ်စည်းလျှင် ကျစ်ကြိုးအခွေ(၁၂)ခွေ ရရှိပါသည်) ကြိုးကျစ်ပြီးပါက ဆက်ထားသည့်ဂျုံရိုးတွင် ထွက်နေသည့် အစလေးများကို ကပ်ကြေးနှင့်ညှပ်ထုတ်ရပါသည်။ ဂျုံကျစ်ကြိုးကို ရေအနည်းငယ်စွတ်ပြီး အပ်ချုပ်စက် နှင့်ဂျုံရိုးဦးထုပ်များ ချုပ်ကြပါသည်။ (ကျား၊ မ၊ လူကြီး၊ လူငယ် မရွေး အသုံးပြုနိုင်သည့် ဒီဇိုင်း ပုံစံ (၇) မျိုးခန့် ချုပ်လုပ်ကြပါသည်) ချုပ်ပြီးဦးထုပ်များကို နေရောင်တွင် အချိန်အနည်းငယ် လှန်းပါသည်။ ဂျုံရိုး၏သဘာဝအရောင်သည် ညိုဝါရောင်ဖြစ်၍ ကန့်မှုန့်ကိုမီးရှို့ပြီး ပေါင်းခံအိုးနှင့် တစ်ည ပေါင်းခံကာ အရောင်ချွတ်လိုက်ပါက အဖြူရောင်သမ်းလာပါသည်။ အဖြူရောင်သမ်းနေသော ဦးထုပ်များကို နေရောင်ခြည်အောက်တွင် တစ်ရက်လှန်းပါသည်။ အချို့ဦးထုပ်များပေါ်ကို ဆေးရောင်စုံဖြင့် ပန်းအလှရေးဆွဲကြပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဦးထုပ်မေးသိုင်းကြိုးတပ်ရန် ရိုက်သီးကွင်း ကလေးနှစ်ခု ရိုက်တပ်ပြီးပါက ဈေးကွက်သို့ တင်ပို့ရောင်းချရန် အသင့်ဖြစ်ပြီးဖြစ်ပါသည်။
ဈေးကွက်၊ ဈေးနှုန်းအခြေအနေ
ဂျုံရိုးဦးထုပ်တစ်လုံးလျှင် ဖောက်သည်ဈေးမှာ အရွယ်အစားအမျိုးမျိုးပေါ်မူတည်၍ ကျပ် (၁ဝဝဝ/- မှ ၂ဝဝဝ/- ကြား)ရရှိပြီး ဈေးဆိုင်များတွင် လက်လီရောင်းဈေးနှုန်းများမှာ ကျပ် (၁၅ဝဝ/-မှ ၄ဝဝဝ/-) ဈေးအသီးသီးဖြင့်ရောင်းချကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့၊ ပခုက္ကူမြို့၊ မြင်းခြံမြို့များသို့ အများဆုံးတင်ပို့ခြင်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ တစ်နှစ်ပတ်လုံးတင်ပို့ရောင်းချရာ လုပ်ငန်းရှင်တစ်ဦးလျှင် အလုံးရေ(၁)သိန်းကျော် ရောင်းချနိုင်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်သားခပေးချေရမှု အခြေအနေ
ဂျုံရိုးကျစ်ခြင်းလုပ်ငန်းသည် လွယ်ကူပြီး ကျွမ်းကျင်စွာရက်လုပ်ပါက လူတစ်ဦးလျှင် တစ်ရက် ဦးထုပ်(၃/၄)လုံးစာ ရက်လုပ်နိုင်ပါသည်။ ကျစ်ကြိုးဈေးနှုန်းမှာ ဦးထုပ်တစ်လုံးစာ အတောင်(၄၀)ကို ကျပ်(၈၀၀ မှ ၁၀၀၀ ကြား) ပေးချေရပါသည်။ စက်ချုပ်ရာတွင် လှပသေသပ်သည့် ဦးထုပ်များရရှိရန် အမျိုးသမီးတစ်ဦး၏ ကျွမ်းကျင်မှုအရ တစ်ရက်လျှင် ဦးထုပ်လုံးရေ(၄၀/၅၀)ခန့် ချုပ်လုပ်နိုင်ပြီး စက်ချုပ်အလုပ်သမားတစ်ဦး တစ်ရက်လုပ်ခမှာ ကျပ်(၄၀၀၀/- မှ ၅၀၀၀/- ကြား) ရရှိပါသည်။ ဂျုံရိုးဦးထုပ် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးသည် အလုပ်သမား (၁၅ဦး မှ ၂၀ဦးထိ) ငှားရမ်းလုပ်ကိုင်ပါသည်။
သုံးသပ်ချက်
ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်၏ အားသာချက်များမှာ ထုတ်လုပ်မှုစရိတ် သက်သာသော လက်မှုလုပ်ငန်းတစ်ခုဖြစ်ခြင်း၊ ရိုးရှင်းလှပပြီး ပေါ့ပါးခြင်း၊ အများပြည်သူဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်ခြင်း၊ လူသုံးများသည့် ဈေးကွက်ဝင် ထုတ်ကုန်တစ်မျိုးဖြစ်ခြင်း၊ နေပူဒဏ်ကာကွယ်ပေးသော ပြည်တွင်းဖြစ် အသုံးအဆောင်တစ်မျိုးဖြစ်ခြင်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင်ခြင်းတို့ကြောင့် အရင်းအနှီး၊ နည်းပညာနှင့်ဈေးကွက်စသည့် အထောက်အပံ့ကောင်းများပံ့ပိုးပေးနိုင်ပါက ကျေးလက်ဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။