Main menu

အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း ဆီအုန်းစိုက်ခင်း ဟက်တာ ၅ သိန်းကျော် စိုက်ပျိုးမည်

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံ၌ ကုန်ထုတ်လုပ်မှုကိုထိန်းသိမ်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် ဆီအုန်း ပြန်လည်စိုက်ပျိုးမှုအစီအစဉ်အား ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့် ဆီအုန်းစိုက်ခင်း ဧရိယာ၏ နှစ်ဆတိုးမြှင့်၍ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက မေလ ၃၀ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ သစ်တောဧရိယာ ပိုမိုခုတ်ထွင်ရှင်းလင်းရမှု မရှိစေပဲ ထုတ်လုပ်မှုမြှင့်တင်နိုင်ရန်နှင့် စိုက်ပျိုးသီးနှံများ၏ ရေရှည်တည်တံ့မှုအပေါ် ထိခိုက်မှုများမှ ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်လျက် လုပ်ကွက်ငယ်တောင်သူများအတွက် အစိုးရ၏ ပံ့ပိုးမှုဖြင့် ဆီအုန်းပြန်လည်စိုက်ပျိုးသည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ်၌ စတင်ဆောင်ရွက်ခဲ့သည်။ ယခုအခါ လုပ်ကွက်ငယ်တောင်သူများ၏ ဆီအုန်းပင်ပြန်လည်စိုက်ပျိုးမှုကို ၂၀၂၄ ခုနှစ်အတွင်း ဧရိယာဟက်တာပေါင်း ၅၄၀၀၀၀ (ဧကပေါင်း ၁.၃ သန်း) အထိ စိုက်ပျိုးနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးမှုနှင့် ကုန်ထုတ်လုပ်မှုကို အားသစ်လောင်းရန်အတွက် လုပ်ကွက်ငယ်တောင်သူများ၏ ဆီအုန်းပင်ပြန်လည်စိုက်ပျိုးရန် လျာထားချက်ကို ၂ နှစ်အတွင်း အောင်မြင်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးရာကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သော Mr. Rizal Affandi Lukman က စက်မှုကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။

လုပ်ကွက်ငယ်တောင်သူများ၏ ဆီအုန်းပြန်လည်စိုက်ပျိုးရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ် နှောင်းပိုင်း၌ စတင်ခဲ့ပြီး မူလက ၂၀၂၅ ခုနှစ်တွင် ဆီအုန်းစိုက်ဧရိယာ ဟက်တာပေါင်း ၂.၄ သန်းအထိ စိုက်ပျိုးနိုင်ရန် အင်ဒိုနီးရှားအစိုးရက ရည်မှန်းခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လအထိ ဧရိယာဟက်တာပေါင်း ၂၇၈၀၀၀ ခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်၌ ဆီအုန်းဟက်တာပေါင်း ၁၈၀၀၀၀ ခန့် ပြန်လည်စိုက်ပျိုးနိုင်ရန် အစိုးရကလျာထားကြောင်း၊ အဆိုပါအစီအစဉ်အရ အစိုးရအနေဖြင့် စိုက်ဧရိယာ ၁ ဟက်တာလျှင် အင်ဒိုနီးရှားရူပီးငွေ သန်း ၃၀ (ဒေါ်လာ ၂၀၀၀ ခန့်) ထောက်ပံ့မည်ဟု Mr. Rizal ၏ ပြောကြားကြောင်း The Star သတင်းဌာနက ဖော်ပြထားပါသည်။

ဆီအုန်းပြန်လည်စိုက်ပျိုးမှုအတွက် ၁ ဟက်တာ ကုန်ကျစရိတ်ကို အင်ဒိုနီးရှားရူပီးငွေ သန်း ၇၀ ခန့် ကုန်ကျနိုင်မည်ဟု အင်ဒိုနီးရှား လုပ်ကွက်ငယ်တောင်သူများအသင်း (APKASINDO) က ခန့်မှန်းထားရာ တောင်သူများအနေဖြင့် ဘဏ်လုပ်ငန်းများထံမှ ငွေကြေးအရင်းအမြစ်များရရှိရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

Source: The Star News, 30 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)