Main menu

အာဖရိက ၃ နိုင်ငံသို့ G2G အစီအစဉ်ဖြင့် အိန္ဒိယမှ ဆန်ကွဲများ တင်ပို့ဖွယ်ရှိ

Powered by Drupal

အာဖရိကဒေသရှိ ဆီနီဂေါ၊ ဂမ်ဘီယာနှင့် ဂျီဘိုတီ နိုင်ငံများသို့ အစိုးရချင်း ညှိနှိုင်းသည့် G2G အစီအစဉ်ဖြင့် ဆန်ကွဲတန်ချိန် ၇၅၀၀၀ ကို တင်ပို့ဖွယ်ရှိကြောင်း အိန္ဒိယ ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြပါသည်။ ပြည်ပနိုင်ငံများ၏ စားနပ်ရိက္ခာ ဖြည့်ဆည်းရန် လိုအပ်ချက်အရ ဆန်ကွဲတင်ပို့ခြင်းကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြီးခဲ့သည့် သီတင်းပတ်၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အာဖရိကဒေသရှိ နိုင်ငံများစွာက အိန္ဒိယမှ ပေါင်းဆန်အပြင် ဆန်ကွဲများကိုပါ ဝယ်ယူလိုကြောင်း တောင်းဆိုမှုများရှိလာချိန်၌  ယခုကဲ့သို့ မူဝါဒပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။ အိန္ဒိယအစိုးရသည် မတ်လအစောပိုင်း၌ ဆီနီဂေါသို့ ဆန်ကွဲတန်ချိန် ၂.၅ သိန်း၊ ဂမ်ဘီယာသို့ ဆန်ကွဲတန်ချိန် ၁ သိန်း၊ ဂျီဘိုတီနှင့် အီသီယိုးပီးယားသို့ ဆန်တန်ချိန် ၁၀၀၀၀ တင်ပို့ရန် ခွင့်ပြုခဲ့သည်။

နယူးဒေလီမြို့ အခြေစိုက် ဆန်ကုန်သည်တစ်ဦးဖြစ်သူ Mr. Rajesh Paharia Jain က ဗီယက်နမ်နှင့် ပါကစ္စတန် ပင်ရင်းဒေသဆန်များနှင့် နှိုင်းယှဉ်ပါက အိန္ဒိယဆန်ဈေးနှုန်းမှာ ပိုမိုသက်သာမှုရှိကြောင်း၊ သင်္ဘောပေါ်အရောက် FOB ဈေးနှုန်းအပေါ် ဆန်အဆင့်အတန်းအလိုက် ၂၀% ပို့ကုန်အခွန် တန်ဖိုးအားဖြင့် ၆၅ ဒေါ်လာမှ ၇၅ ဒေါ်လာအထိ ထပ်ဆောင်းကုန်ကျမှုရှိသည်ကိုပင် ကျယ်ပြန့်စွာ လက်ခံဝယ်ယူလျက်ရှိကြကြောင်း၊ အဆိုပါ အာဖရိက ၃ နိုင်ငံသို့ ဆန်ကွဲ တင်ပို့ရန်မှာ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မူဝါဒထုတ်ပြန်ရန် ကျန်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း G2G အစီအစဉ်ဖြင့် အိန္ဒိယမှဆန်များ ဝယ်ယူတင်သွင်းမည်ဟု ခန့်မှန်းရကြောင်းဖြင့် ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ၌ ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်းအပါအဝင် ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူ FOB ဈေးနှုန်း ၁ တန်လျှင် ၄၈၀ ဒေါ်လာ၊ ဆန်ကွဲ ၂၅% ပါဝင်သောဆန် FOB ဈေးနှုန်း ၁ တန်လျှင် ၄၆၀ ဒေါ်လာဖြင့် တင်ပို့လျက်ရှိကြောင်း၊ အလားတူ ဆန်အမျိုးအစားများအတွက် FOB ဈေးနှုန်း ၁ တန်လျှင် ထိုင်းဆန်သည် ၅၁၁ ဒေါ်လာနှင့် ၄၉၄ ဒေါ်လာ၊ ဗီယက်နမ်ဆန်သည် ၄၉၈-၅၀၂ ဒေါ်လာနှင့် ၄၈၃-၄၈၇ ဒေါ်လာ ပေါက်ဈေးရှိရာ အိန္ဒိယဆန်သည် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှုနှင့် တည်နေရာအရ သယ်ယူပို့ဆောင်စရိတ်သက်သာမှု အားသာလျက်ရှိကြောင်း၊ ပေါင်းဆန်တင်ပို့ရာတွင်လည်း ဆန်ကွဲ ၅% ပါဝင်သော ပေါင်းဆန် FOB ဈေးနှုန်း ၁ တန်လျှင် ထိုင်းနိုင်ငံမှ ၅၂၃ ဒေါ်လာနှင့် ပါကစ္စတန်နိုင်ငံမှ ၅၈၃-၅၈၇ ဒေါ်လာ အသီးသီး ကမ်းလှမ်းနေချိန်တွင် အိန္ဒိယကုန်သည်များအနေ ဖြင့် ဇူလိုင်လနှင့် ဩဂုတ်လ သင်္ဘောတင်ပို့မှုအတွက် ၃၈၅ ဒေါ်လာခန့်ဖြင့် ရောင်းချပေးနိုင်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 1 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)