Main menu

ဆန်တင်ပို့မှု ဖွံဖြိုးတိုးတက်ရေး မဟာဗျူဟာကို ဗီယက်နမ်အစိုးရက အတည်ပြု

Powered by Drupal

ဗီယက်နမ်နိုင်ငံ၌ ပြည်ပဈေးကွက်များသို့ ဆန်တင်ပို့ရာတွင် တည်ငြိမ်မှုရှိပြီး သင့်တင့်သည့် ဈေးကွက်ရရှိမှု၊ ထိရောက်သည့် ပို့ကုန်ပမာဏနှင့် ကုန်ထုတ်လုပ်ငန်း ဖွဲ့စည်းတည်ဆောက်မှုစနစ်တို့နှင့်အတူ ဈေးကွက်ချဲ့ထွင်နိုင်ရန် ရည်ရွယ်လျက် ၂၀၃၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆန်တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ဒုတိယဝန်ကြီးချုပ်လီမင်ကိုင်က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မဟာဗျူဟာအရ ဗီယက်နမ်နိုင်ငံအနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု လက်မှတ်ရေးထိုးထားသည့် ဈေးကွက်များနှင့်အတူ သမားရိုးကျနှင့် အဓိကကျသော ပို့ကုန်ဈေးကွက်များကို ခိုင်မာစွာ စုစည်းတည်ထောင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ဗီယက်နမ်ဆန်၏ ဈေးကွက်ဝေစုကို တိုးတက်ရရှိရန် ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တန်ဖိုးကွင်းဆက်အရ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတို့ကို ဆက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ဗီယက်နမ်ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တိုက်ရိုက်ဖြန့်ဖြူးမှုကို တိုးမြှင့်လျက် တင်ပို့သည့်ဆန်၏ လုံခြုံစိတ်ချရမှုနှင့် အရည်အသွေးတို့ကို သေချာခိုင်မာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများအား တန်ဖိုးမြှင့်တင် ထုတ်လုပ်လျက် စဉ်ဆက်မပြတ်တင်ပို့ရန်၊ ဗီယက်နမ်ဆန်၏ အမှတ်တံဆိပ်နှင့် ဂုဏ်အဆင့်အတန်းကို ခိုင်မာစွာရပ်တည်နိုင်ရန် မျှော်မှန်းထားကြောင်းဖြင့် Vietnam Plus သတင်းဌာနက ဖော်ပြပါသည်။

အဆိုပါဆန်တင်ပို့မှုမဟာဗျူဟာ၌ တန်ဖိုးမြင့်ထုတ်ကုန်မြှင့်တင်ရန်၊ တင်ပို့သည့်ဆန်၏ တန်ဖိုး တိုးတက်မှုရရှိစေရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်ပမာဏကို ဆန်တန်ချိန် ၄ သန်းခန့် ရောက်ရှိအောင်လျော့ချပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံ (ဆန် ၁ တန်လျှင် ဈေးနှုန်း ‌၆၅၅ ဒေါ်လာခန့်) ရရှိစေရန် စသည့်အချက်များကို ရည်မှန်းချက် ပန်းတိုင်များအဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ဆန်တင်ပို့မှု ပျမ်းမျှတိုးတက်နှုန်းမှာ ၂၀၂၃-၂၀၂၅ ကာလအတွင်း ၂.၄% ခန့်နှင့် ၂၀၂၆ - ၂၀၃၀ ကာလအတွင်း ၃.၆% ခန့် လျော့ကျမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်၏ ဆန်အဆင့်အတန်းအလိုက် တင်ပို့မှု အချိုး အစားမှာ အနိမ့်တန်းမှ အလယ်အလတ်တန်း အဆင့်ရှိ ဆန်ဖြူ ၁၅% ၊ အရည်အသွေးမြင့် ဆန်ဖြူ ၂၀% ၊ ဆန်မွှေး၊ ဂျပွန်နီကာနှင့် အထူးဆန် ၄၀% ၊ ကောက်ညှင်းဆန် ၂၀% ၊ တန်ဖိုးမြင့်အာဟာရ ဖြည့်ဆန်၊ ပေါင်းဆန်၊ အော်ဂဲနစ်ဆန်၊ ဆန်မှုန့်၊ ဖွဲနုနှင့်  အခြားသော ဆန်ထွက်ပစ္စည်းများ ၅% အသီးသီး ပါဝင်မည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အမှတ်တံဆိပ်များ (brand names) ကပ်နှိပ်တင်ပို့မှု ၂၀% ရှိမည် ဖြစ်သည်။ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း အဆိုပါ ဆန်အဆင့်အတန်းအလိုက် တင်ပို့မှုကို ၁၀% ၊ ၁၅% ၊ ၄၅% ၊ ၂၀% နှင့် ၁၀% သို့ အသီးသီး ပြောင်းလဲမည်ဖြစ်ပြီး ဗီယက်နမ် အမှတ်တံဆိပ် ကပ်နှိပ်တင်ပို့မှုကို ၄၀% အထိ မြှင့်တင်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၌ ဈေးကွက်ဖြန့်ကျက်မှုအနေဖြင့် ဗီယက်နမ်၏ ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏ စုစုပေါင်းတွင် အာရှဈေးကွက်သို့ ၆၀% ၊ အာဖရိကသို့ ၂၂% ၊ အရှေ့အလယ်ပိုင်းဒေသသို့ ၄% ၊ ဥရောပသို့ ၃% ၊ အမေရိကသို့ ၇% နှင့် ပင်လယ်သမုဒ္ဒရာဒေသနိုင်ငံများသို့ ၄% အသီးသီး ပါဝင်မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်၌ အလားတူ ဆန်ဈေးကွက်များသို့ ၅၅% ၊ ၂၃% ၊ ၅% ၊ ၅% ၊ ၈% နှင့် ၄% အသီးသီး ပြောင်းလဲဖြန့်ကျက်မှုရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Source: Vietnam Plus, 26 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)