Main menu

သစ်သီးဝလံကဏ္ဍ (ဖရဲသီး) အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ အပတ်စဉ် ဖရဲသီးအမျိုးအစားအလိုက် ဝင်ရောက်မှုနှင့် ဈေးနှုန်း နှိုင်းယှဉ်ချက်

            တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ်မှတဆင့် မြန်မာဖရဲသီးများ တင်ပို့ရောင်းချရန်အတွက် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့ မြန်မာနိုင်ငံဒေသအသီးသီးမှ ဖရဲသီးများ ဝင်ရောက်လျက်ရှိရာ ဖရဲအကြားသီးကို မန္တလေး၊ မြင်းခြံ၊ ဝမ်းတွင်း၊ ကျိုက်ထို၊ ဘီးလင်း၊ ချောင်းဦး၊ သာစည်၊ နဘူးအိုင်တို့မှ လည်းကောင်း၊ ဖရဲအဝိုင်းကြားသီးကို မန္တလေး၊ မြင်းခြံ၊ ချောင်းဦးတို့မှလည်းကောင်း၊ အစေ့မဲ့ဖရဲသီး ကို မြင်းခြံ၊ ဝမ်းတွင်း၊ စစ်ကိုင်းတို့မှလည်းကောင်း အသီးသီး တင်ပို့ခဲ့ကြကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် ဖရဲသီးဈေးနှုန်းများမှာ အနည်းငယ်လျော့နည်းပြီး တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရှိရပါသည်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သို့ အပတ်စဉ် ဖရဲသီးဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ နှိုင်းယှဉ်ချက်ကို အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

နယ်စပ်ကုန်သွယ်ရေးဖြင့် ဖရဲသီးတင်ပို့မှုအခြေအနေ

          မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဖရဲသီးအပါအဝင် သစ်သီးဝလံများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြင့် ပြည်ပနိုင်ငံများသို့ နေ့စဉ် တင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ ရက်နေ့မှ ၈-၁-၂၀၂၁ အထိ)  စုစုပေါင်း သစ်သီးဝလံတင်ပို့မှုမှာ တန်ချိန်(၅၁၇၀၅၉)တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၈၈.၃၈၁)သန်း ရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့ အနက် ဖရဲသီး တင်ပို့မှုမှာ တန်ချိန် (၁၁၆၀၇၀.၃) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၁၁.၄၃၁) သန်း ရှိသည်ကိုတွေ့ရှိ ရပါသည်။ ဖရဲသီးတင်ပို့မှုမှ ရရှိသော ပြည်ပဝင်ငွေသည် သစ်သီးဝလံများအားလုံး တင်ပို့မှု၏ (၆%) ခန့်ရှိပြီး ဒုတိယအများဆုံး ပြည်ပဝင်ငွေရရှိသည့် သီးနှံဖြစ်သည်ကို တွေ့ရှိရပါသည်။ ပြည်ပဝင်ငွေ အများဆုံး ရရှိသည့်သီးနှံမှာ တစ်သျှူး ငှက်ပျောဖြစ်ပြီး သစ်သီးဝလံအားလုံး တင်ပို့မှု၏ (၉၁%)ရှိ သည်ကို  တွေ့ရှိရပါသည်။

သုံးသပ်တင်ပြချက်

          ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ဖရဲဈေးနှုန်းအနေဖြင့် တစ်တန်လျှင် ယွမ်(၁၅၀၀)ကျော် အထိသာ ရရှိခဲ့ပြီး ယခင်အပတ်ထက် ဈေးနှုန်းထိုးကျသွားကြောင်း သိရှိရပါသည်။ ထိုသို့ ဈေးနှုန်း ကျဆင်းရခြင်းမှာ တရုတ်ပြည်တွင်း၌ အအေးပိုလာကာ ကားများသွားလာရန် ခက်ခဲခြင်း၊ အချို့ ပြည်နယ်များတွင် Covid-19 ရောဂါပိုးများ တွေ့ရှိရသဖြင့် သွားလာမှုကန့်သတ်ထားသည့် ပြည်နယ် များသို့ ကားများဝင်ရောက်၍ မရခြင်းစသည်တို့ကြောင့် ဖရဲသီးဈေးနှုန်းများ ကျသွားရခြင်း ဖြစ် ကြောင်း သိရှိရပါသည်။

လက်ရှိ ဇန်နဝါရီလ တတိယအပတ်အတွင်း ဖရဲသီးဈေးမှာ ယွမ်(၂၇၀၀)အထိ ပြန်လည်ရရှိ နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ဖရဲသီးတင်ပို့မှုမှာ နှစ်သစ်ကူးကာလဖြစ်သဖြင့် ဆက်လက်အရောင်း အဝယ် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။ တရုတ်သို့  ဖရဲသီးတင်ပို့မှုကာလမှာ နှစ်စဉ် အောက်တိုဘာလမှ မေလအထိ ဖြစ်ပြီး တရုတ်နိုင်ငံ၌ ဇွန်လမှ အောက်တိုဘာလအတွင်း ဖရဲသီးထွက်ရှိသဖြင့် အဆိုပါ ကာလတွင် တင်ပို့ရန် အဆင်မပြေနိုင်ကြောင်း သိရှိရပါသည်။

ဖရဲသီးတင်ပို့မှုအနေဖြင့် တရုတ်ဈေးကွက်အပြင် UAE(ဒူဘိုင်း)ဈေးကွက်သစ်သို့ ချဲ့ထွင် တင်ပို့နေပြီဖြစ်ရာ ပထမအကြိမ် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အစေ့မဲဖရဲ (၅)တန် စတင် တင်ပို့နိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အစေ့မဲဖရဲ (၂၀)တန် တင်ပို့ ခဲ့ကြောင်း၊ တတိယအကြိမ် အစေ့မဲဖရဲ (၂၁)တန် ဆက်လက်တင်ပို့ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဖရဲသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါသည်။ UAE(ဒူဘိုင်း) ဈေးကွက်သည် အရည်အသွေးကောင်းမွန်ပါက တစ်နှစ်ပတ်လုံး ဝယ်ယူ/ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရှိရပါ သည်။

         ထို့ကြောင့်ဖရဲသီးတင်ပို့မည့် တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မူဆယ်၌ ဖြစ်ပေါ်နေသည့် ဖရဲဈေးကွက်၊ ဈေးနှုန်းဆိုင်ရာ အခြေအနေများကို စုံစမ်းမေးမြန်း၍ ခူးဆွတ် တင်ပို့ သင့်သည့်အပြင် UAE(ဒူဘိုင်း)ဈေးကွက်သစ်သို့ အရည်အသွေးကောင်းမွန်သည့် အသီးများတင်ပို့နိုင်ရေး၊ တရုတ်ဈေးကွက်တစ်ခုတည်းမမှီခိုဘဲ ဥရောပဈေးကွက်သစ်သို့ ချဲ့ထွင်နိုင်ရေးအတွက် အသင်း အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်များ၊ သက်ဆိုင်ရာဌာနများက သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး သင့်ပါသည်။