ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးငြိမ်နေတဲ့လက်ပံတန်းမြို့ဂျင်းနှင့်ကြက်သွန်ဖြူဈေးကွက်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသောဂျင်း  ဈေးနှုန်းများမှာ ဇူလိုင်လပထမပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင် ၈၀၀/ကျပ်ရှိခဲ့ပြီး ယခုဇူလိုင်လ တတိယပတ်တွင်လည်း ၈၀၀/ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ အတက်အကျ မရှိ ယခင်လဈေးနှုန်းအတိုင်း ဈေးငြိမ်နေပါသည်။ ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇူလိုင်လပထမပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခု ဇူလိုင်လ တတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။

   ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဇူလိုင်လပထမပတ်တွင် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုဇူလိုင်လတတိယပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ် နေပါသည်။ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာတစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်  ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိရာ ဂျင်း၊ကြက်သွန်ဖြူ၊ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ် လျှက်ရှိပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော ပဲတောင့်ရှည်(ခေါ်)ပဲသီးဈေးကွက်

  အုတ်တွင်းမြို့နယ်အတွင်း စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းအနီးတစ်ဝိုက်ရှိ ကျေးလက်နေ ပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုအခါ ပဲတောင့်ရှည်ကို မိသားစုစားသုံးရန် အတွက်သာမက စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

  ပဲတောင့်ရှည်ကို ဆောင်းရာသီနှင့်မိုးရာသီတွင် အများဆုံးစိုက်ပျိုးကြသည်။ အဆိုပါသီး နှံသည် အာဟာရပြည့်ဝပြီး စိုက်ပျိုးရလွယ်ကူသော သီးနှံတစ်မျိုးဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အရေးပါသော စိုက်ပျိုးသီးနှံတစ်ခုအဖြစ် ရပ်တည်နေ ပါသည်။ပဲတောင့်ရှည်တွင် အပင်ပု မျိုးနှင့် အပင်ရှည်မျိုးဟူ၍ နှစ်မျိုးရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးရသည်။ ပဲတောင့်ရှည် ပင်ကို မေလကုန်မှ စိုက်ပျိုးထားပြီး ၄၅ ရက်အကြာတွင် ခူးဆွတ် ရောင်းချနိုင်ပြီဖြစ်သည်။

    ပဲတောင့်ရှည်ဈေးကွက်အနေဖြင့် အတောင့်သေး ၇၅ တောင့်ပါ တစ်စီးလျှင် ၁၅၀၀ ကျပ် မှ အတောင့်ရှည် ၇၅တောင့်ပါ တစ်စီးလျှင် ၂၀၀၀ ကျပ်အထိ ရောင်းချပြီး၊ ချက်ပြုတ်ရာတွင် လွယ်ကူပြီး ဈေးနှုန်းလည်း သင့်တင့်သဖြင့် ရောင်းအားကောင်းကြောင်း အုတ်တွင်းမြို့နယ် ပဲတောင့်ရှည် စိုက်ပျိုး သည့် အခင်းပိုင်ရှင်ထံမှ သိရှိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်ရှိ ပြောင်းစိုက်ပျိုးမှုအခြေအနေ

  တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ဝါးတီးကျေးရွာအုပ်စု၊ညောင်ပင်ရွာမှ ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ပြောင်းဖူးသည် ဒေသတွင်းအများဆုံး စားသုံးကြပြီး ဈေးကွက်ဝင်၍ အာဟာရဓါတ်  ကြွယ်ဝ သော သီးနှံတစ်မျိုးဖြစ်သည်။

    ပြောင်းဖူးတွင် အဖြူမျိုး (ဖန်စီဗစ်) နှင့် အဝါမျိုး (King) ဟူ၍ နှစ်မျိုးရှိပြီး အချိန်မရွေးစိုက်၍ ရသည်ဆိုသော်လည်း မိုးရာသီစိုက်ပျိုးရခြင်းသည် ရေးသွင်းရန်မလိုသည့်အတွက် ကုန်ကျစရိတ်သက်သာ စေပါသည်။

    လက်ရှိချိုးယူရရှိသောပြောင်းဖူးများသည် ဧပြီလမှစိုက်ပျိုးထားသောသီးနှံများဖြစ်ပြီး ပြောင်းဖူး မျိုးထုပ်(၁)ထုပ်လျှင် ၅၀၀၀၀ကျပ်ဖြင့် ဝယ်ယူခဲ့ရပြီး တစ်ဧကလျှင် မျိုးထုပ်(၆)ထုပ်အထိ စိုက်ပျိုးနိုင် ပါသည်။ ဖြစ်ထွန်းလာသောသီးနှံများကို အကြီးတစ်ဖူးလျှင် ၄၀၀ ကျပ်၊ အလတ် တစ်ဖူးလျှင် ၂၅၀ မှ ၃၀၀ အထိ ရောင်းချရပြီး မိုးနှောင်းပိုင်းတွင်စိုက်ပျိုးသော ပြောင်းဖူးများသည် စိုက်ပျိုးသူနည်းပါးသဖြင့် ဈေးကောင်းပိုရပါသည်။

     တစ်ဧကကုန်ကျစရိတ်အနေဖြင့် မိုးရာသီတွင် ၇၀၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ကျပ်အထိ ကုန်ကျပြီး ဆောင်းရာသီတွင် ၁၀၀၀၀၀၀ ကျပ် မှ ၁၁၀၀၀၀၀ကျပ် အထိ ကုန်ကျနိုင်ပါသည်ဟု ခန့်မှန်း သိရှိရသည်။ ဆောင်းရာသီတွင် စိုက်ပျိုးရသောပြောင်းသီးနှံသည် ရေသွင်းရသည့်အတွက် ကုန်ကျစရိတ် ပိုသော်လည်း အနှံထွက်ချိန်တွင် မိုးရွာသွန်းမှုမရှိသဖြင့် အပျက်အစီးနည်းပါးခြင်း၊ စိုက်ပျိုးသူနည်းပါးခြင်း တို့ကြောင့်  အထွက်နှုန်းကောင်းပြီးဈေးကောင်းရသည်ဟု ပြောင်းစိုက်ပျိုးသည့် ကျေးလက်နေတောင်သူ တစ်ဦးထံမှသိရှိရသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ နှမ်းနက်ဈေးနှုန်း အနည်းငယ်ကျဆင်း

           ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၃၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း နှမ်းနက်(၁)တင်းလျှင် (၁၀၀၀၀)ကျပ် ပြန်လည်ကျဆင်းသွားသော်လည်း၊ နှမ်းဖြူ(၁)တင်း လျှင် (၁၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ သီးနှံဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၅၃၀-၁၅၃၅) ကျပ်ဖြင့်ဈေးရှိနေပြီး တောင်သူလက်ကျန်နှင့် ဒေသတွင်းလက် ကျန်လျော့ကျမှုကြောင့် စီးဆင်းမှုမှာ နည်းပါးနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၄၀၀၀ကျပ်၊ ထူး ၂-၅၀၀၀ကျပ်၊ ထူး ၃-၆၀၀၀ ကျပ်၊ ထူး ၄-၆၅၀၀ကျပ်၊ ထူး ၅-၇၅၀၀ကျပ်၊ ထူးလွန် ၈၅၀၀ကျပ်နှင့် ဥတစ်လုံးဆိုဒ်မှာ (၂၀၀၀၀-၂၅၀၀၀)ကျပ် အမြင့်ဈေးဖြင့်ငြိမ်နေပြီး ဈေးကွက် အဝင်နည်း၍ စီးဆင်းမှုမှာ လျော့နည်းနေပါသည်။
  အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2/S1-၅၀၀၀ကျပ်၊ မျက်နီ S2/S1-၄၅၀၀ကျပ်၊ OK-၄၀၀၀ကျပ်၊ A1-၃၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ကျပ်နှင့် ဂေါ်လီဆိုဒ်မှာ ၂၈၀၀ကျပ် အသီးသီး ဈေး ရှိနေကြပြီး အာလူးအသစ်များ ဈေးကွက်အဝင်များ၍ စီးဆင်းမှုမှာကောင်းလာပါသည်။
  ချင်းသီးနှံမှာ တစ်ပိဿာလျှင် ချင်းဥမကြီး (၃၀၀၀)ကျပ်နှင့် ဥမလတ်မှာ (၂၀၀၀-၂၅၀၀)ကျပ် ဖြင့် ပြည်တွင်းဈေးကွက် အဝယ်ကောင်းသဖြင့် စီးဆင်းမှုမှာ များလာပါသည်။
  ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၁၂၀၀-၁၅၀၀)ကျပ်၊ ပန်းမုံလာ (၁၈၀၀-၂၀၀၀)ကျပ်၊ မုန်ညှင်း  (၂၇၀၀-၃၀၀၀)ကျပ်၊ ဖရုံသီး (၁၀၀၀-၁၂၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၇၀၀-၂၈၀၀)ကျပ်၊ ငရုတ်ပွ (၅၅၀၀-၆၀၀၀)ကျပ်၊ မုန်လာဥနီ (၃၀၀၀-၃၅၀၀၀)ကျပ်နှင့် ဘိုစား (၃၀၀၀-၃၅၀၀)ကျပ်အသီးသီးဈေးရှိနေကြပြီး ဈေးကွက်အဝင်များလာ၍ စီးဆင်းမှုမှာ ယခင်အ ပတ်ထက် အနည်းငယ်များလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကလောမြို့နယ်၊ အောင်ပန်းမြို့ဈေးကွက်တွင် ရောင်းချနေသော အခြေခံစားသောက်ကုန် အသား၊ ငါးဈေးနှုန်းများ

   ဇူလိုင်လ အောင်ပန်းမြို့ (မြို့မဈေး) ၌ အခြေခံစားသောက်ကုန်များဖြစ်သော အသား/ငါးဈေး နှုန်းများအနေဖြင့် ဗမာကြက်တစ်ပိဿာလျှင် (၃၂၀၀၀-၃၆၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၀၀၀၀-၃၂၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင် (၄၀၀၀၀-၄၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၀၀၀၀-၃၂၀၀၀)ကျပ်၊ ငါးကြင်းဖြူတစ် ပိဿာလျှင် (၂၄၀၀၀-၂၆၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀)ကျပ်ဖြင့် အသား၊ ငါးဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းအ တိုင်း ထူးခြားစွာ ပြောင်းလဲမှုမရှိကြောင်းနှင့် ဈေးကွက်အတွင်းတွင် အရောင်းအဝယ်ဖြစ်လျှက်ရှိ ကြောင်းသိရှိရပါသည်။     

DOCA(ရှမ်း)                                           

ဒေသမျိုးဖူးစားပြောင်း စိုက်ပျိုးထွက်ရှိ၍ တောင်သူများ အကျိုးအမြတ်ရရှိနေ

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ရေခံ၊ မြေခံကောင်းသည့်နှင့်အညီ စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကစိုက်ပျိုးလျှက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီ ဧပြီလတွင်စ၍ ဒေသမျိုး ဖူးစားပြောင်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခဲ့ကြပါသည်။ ဒေသမျိုးဖူးစားပြောင်းသည် ဇူလိုင်လ ပထမ အပတ်တွင် စတင်ထွက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးခဲ့ကြသည့် တောင်သူများအနေဖြင့် ယခုဆိုလျှင် မိသားစုအပိုဝင်ငွေများ ရရှိနေကြပါသည်။

   ဒေသမျိုးဖူးစားပြောင်းသည် ရေလုံလောက်စွာ ရရှိပါက နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ ထယ်ထိုးခြင်း၊ မျိုး၊ သွင်းအားစု၊ ပိုးသတ် ဆေး၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၁၉) သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ဒေသမျိုးဖူးစားပြောင်းကို စိုက်ပျိုးပြီးလျှင် ရက်ပေါင်း ၈၀-၉၀ အကြာတွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး ဒေသဖူးစားပြောင်း တစ်ဧကလျှင် အဖူးပေါင်း (၉၀၀၀) ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ဒေသဖူးစားပြောင်း ရောင်းချရသည့် ဈေးနှုန်းမှာ တစ်ဖူးလျှင် လက်ကားဈေး (၄၀၀) ကျပ်ဖြင့်လည်းကောင်း၊ လက်လီဈေးနှုန်း (၆၀၀) ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိပြီး ဒေသပြောင်းဖူး အရေအတွက် (၉၀၀၀) ဖူးကို လက်ကားဈေးနှုန်း (၄၀၀) ကျပ် ဖြင့် ရောင်းလျှင် (၃၆) သိန်းခန့် ရရှိကာ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၁၉) သိန်းနုတ်လျှင် အကျိုးအမြတ်အနေဖြင့် တစ်ဧကကို (၁၇) သိန်းရရှိကာ ဒေသဖူးစားပြောင်းစိုက် တောင်သူများ ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်သတင်းအရ သိရှိရပါသည်။

DOCA(ရှမ်း)

 

နာနတ်သီးများ ဈေးကွက်ရောက်ရှိ

    ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်၊ မိုင်းပန်မြို့များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ နာနတ်အပင် သက်တမ်းမှာ (၇) နှစ်ရှိပြီး “နှစ်လတ်” သီးနှံ ဖြစ်ပါသည်။ တစ်ကြိမ်စိုက်ပျိုးပြီး ကျန်နှစ်များတွင် ပေါင်း/မြက် ရှင်းလင်းခြင်း နှင့် အပင်ပြုစု စရိတ်သာကုန်ကျပြီး နှစ်စဉ်ဝင်ငွေရရှိသဖြင့် တောင်သူများအကျိုးအမြတ်ရရှိသည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခင်နှစ် စတင်ထွက်ရှိသည့်အချိန်တွင် နာနတ်သီး (ဒေသသီး) တစ်လုံးလျှင် ၂၀၀၀/- မှ ၃၀၀၀/- ၊ ပျားနာနတ်(အချိုသီး) တစ်လုံးလျှင် ၃၅၀၀/- မှ ၄၀၀၀/- ရရှိပြီး ယခုနှစ် စတင်ထွက်ရှိချိန်မှာတော့ (ဒေသသီး) ၃၅၀၀/- မှ ၄၀၀၀/- ၊ ပျားနာနတ် ၅၅၀၀/- မှ ၆၀၀၀/- ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ဖြစ်သည့် ဝိုင်လုပ်ငန်းရှင်များ၊ ဖျော်ရည်လုပ်ငန်းရှင်များ၊ ယိုလုပ်ငန်းရှင်များမှလည်း သီးနှံထွက်ရှိသည့် မြို့/ရွာများအထိ ခြံပြတ်လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိလာသော နာနတ်သီးမျာအား ဒေသတွင်းနှင့် နေပြည်တော်၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ်များထက် ယခုနှစ်က ဈေးပိုမိုရရှိနိုင်သဖြင့် တောင်သူများ စားဝတ်နေရေးအဆင်ပြေမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

*တောင်သူအကျိုးရှေးရှု့သွင်းအားစုစျေးကွက်*

   စိုက်ပျိုးတောင်သူများ၏   အကျိုးစီးပွားကို     ရှေးရှု့၍ ၁၆.၇.၂၀၂၅ ရက်နေ့ ၁၀း၀၀ နာရီတွင် တောင်ကြီးမြို့ပေါ်ရှိ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား စျေးနှုန်း၊ စျေးကွက်နှင့် အရည်အသွေး မှန်ကန်စေရေးစိစစ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

   တောင်ကြီးမြို့ပေါ်ရှိ စိုက်ပျိုးရေး သွင်းအားစု ရောင်းဆိုင်များအား တောင်ကြီးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ    ဦးစီးဌာနစသည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားကို ‌ရှေးရှု့၍ စျေးနှုန်း၊ စျေးကွက်မှန်ကန်မျှတစေရေး၊ ကုန်စည်အရည်အသွေးပြည့်မှီစေရေး ၊ ကုန်အညွှန်းအမှတ်အသားမှန်ကန် ပြည့်စုံစေရေးနှင့် တရားမဝင်ကုန်သွယ်မှုဖြစ်စဉ်များ ကင်းရှင်းစေရေးစသည့် အရောင်းအဝယ်ဆိုင်ရာ အသိပညာများ ထွန်းကားစေရန်အတွက် စိုက်ပျိုးရေးသွင်း အားစုအရောင်းဆိုင်များအား စည်းရုံးပညာ ပေးခြင်းနှင့် ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း   ရေးသား တင်ပြအပ်ပါသည်။

DOCA(ရှမ်း)

 

ကန့်ဘလူမြို့နယ်၌ မတ်ပဲဈေးနှုန်းများမြင့်တက်၍ အရောင်းအဝယ်ဖြစ်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ၊ ဆောင်းမတ်ပဲ(၃၈၅၄၄)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မတ်ပဲရိုးရိုး(၁)တင်းလျှင် (၃၅၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၄၅၀၀)ကျပ် ဆက်လက်မြင့်တက်နေကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှ ထွက်ရှိသော မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း