ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးထွက် ငါးခြောက်၊ ပုစွန်ခြောက်၊ ငပိ စျေးနှုန်း/စျေးကွက်

    တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်စွန်း ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် ဒေသခံအများစုသည် ပင်လယ်ပြင်သို့ ငါးဖမ်းစက်လှေ အကြီး/ အလတ်/အငယ်များ တစ်နိုင်တစ်ပိုင်လှေများဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ငါး၊ ပုစွန်များအား ဖမ်းယူကာ ငါး၊ ပုစွန်အစိုများအား ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းစျေးကွက်များတွင် ရောင်းချခြင်းများ၊ နေလှန်းကာ ငါးခြောက်၊ ပုစွန်ခြောက်များ ပြုလုပ်ခြင်းများ၊ ပုစွန်အသေး(ခေါ်) ဂွေးကောင်လေးများအား ဖမ်းယူကာ ဂွေးငပိ ပြုလုပ်ကာ မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

    ယခုအောက်တိုဘာလ ပထမအပတ်အတွင်း ထားဝယ်စျေးကွက်တွင် ဒေသတွင်း စားသုံးမှုများသော ငါးရောင်ခြောက်(ခေါ်)ဒလုံးခြောက် တစ်ပိဿာလျှင် (၄၅၀၀၀ ကျပ်)၊ ငါး လက်ဝါးခြောက်(ခေါ်)စာဗျန့်ခြောက် တစ်ပိဿာလျှင်(၃၄၀၀၀ ကျပ်)နှင့် ငါးအူမျှင်းခြောက်(ခေါ်) အူကြီးခြောက် တစ်ပိဿာလျှင် (၆၀၀၀၀ ကျပ်)၊ ပုစွန်ခြောက်စျေးနှုန်းများမှာ အကောင်သေး တစ်ပိဿာလျှင်(၉၀၀၀၀/၁၀၀၀၀၀ ကျပ်)၊ အလတ်ဆိုဒ် တစ်ပိဿာလျှင်(၁၂၀၀၀၀/၁၃၀၀၀၀ ကျပ်)၊ အကောင်ကြီး တစ်ပိဿာလျှင် (၁၅၀၀၀၀/၁၆၀၀၀၀ ကျပ်)နှင့် ဂွေးငပိမှာ ရိုးရိုး တစ်ပိဿာလျှင်(၆၀၀၀ ကျပ်)၊ ရှယ်တစ်ပိဿာလျှင်(၈၀၀၀ ကျပ်) အသီးသီးရှိကြောင်း ထားဝယ်မြို့မ စျေးကြီးနှင့် ကမ်းနားပျံကျစျေးများရှိ ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

     မိုးတွင်းကာလဖြစ်သဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းလှေ ထွက်ရှိမှုအနည်းငယ်သာရှိပြီး ငါး/ပုစွန်များ ရရှိမှုနည်းသဖြင့် ငါးခြောက်၊ ပုစွန်ခြောက်၊ ငပိ စျေးနှုန်းများမှု အနည်းငယ်မြင့် တက်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

       ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ စက်တင်ဘာလ (၂၄) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြင်းခြံ (ကံဆင့်၊ မုံရွာ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၇၀၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၈၀၈၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၄၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ ကျပ်၂၄၀၀၊ ရှယ်မှာ ကျပ်၂၆၀၀၊  မုံရွာ ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၃၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ ကျပ်၂၄၀၀၊ ရှယ်မှာ ကျပ်၂၆၀၀၊ မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၅၅၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ ကျပ်၂၄၀၀၊ ရှယ်မှာ ကျပ်၂၆၀၀၊ မြင်းခြံ(ကံဆင့်) ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အကြီးမှာ ကျပ်၂၆၀၀၊ ရှယ်မှာ ကျပ်၂၈၀၀၊ တောင်သာကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၁၅၀၀၊ အကြီးမှာ ကျပ်၁၇၀၀၊ ရှယ်မှာ ကျပ်၂၂၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုသိမ်မြို့ရှိ ဩဇာသီးဈေးနှုန်းဈေးကွက်

         ဩဇာပင်များကို အစေ့ပျိုး၍လည်းကောင်း၊ အကိုင်းကို မြေထုပ်ဆွဲနည်းဖြင့်လည်းကောင်း၊ ကိုင်းကူးနည်းဖြင့်လည်းကောင်း အပင်ပျိုး၍ရသော်လည်း မြန်မာနိုင်ငံ၌ အစေ့ပျိုး၍ စိုက်ခြင်းသာ ပြုကြသည်။ ဩဇာပင်တို့သည် နှစ်စဉ် တပေါင်းလရောက်လျှင် အရွက်များကြွေ၍ ရိုးတံကျဲကျဲရှိနေတတ်သော်လည်း တန်ခူးလရောက်သည်နှင့် အစို့အကိုက်၊ အညွန့်အဖူးကလေးများ ထွက်ပြူစပြုလာပြီးလျှင် မကြာမီ ပြန်လည်၍ စိမ်းလန်းစိုပြည်လာသည်။ ကဆုန်၊ နယုန်၌ အပွင့်များပွင့်၍ ဝါဆိုလတွင် သီးကင်းကလေးများထွက်သည်။ တော်သလင်းလ၊ သီတင်းကျွတ်လများတွင် ဩဇာသီးများလှိုင်လေသည်။ ဩဇာသီးသည် အမှည့်မြန်သောအသီးမျိုးဖြစ်၍ အပင်တွင် အက်ကွဲလာသည်အထိမထားရချေ။ အထူးသဖြင့် နယ်များသို့ပို့ရန် ဩဇာသီးများကို အသီးရင့်ရင့်အနေအထား၌ ဆွတ်ခူးကြရသည်။ ဩဇာခြံအတွင်း အမှည့်ရောင်သမ်းလာသည့် အသီးများအားလုံးကို အိမ်ရှိ လူများ နေကုန်သည်အထိ နိုင်အောင်ခူးကြရသည်။ သို့မဟုတ်ပါက အက်ကွဲလာလျှင် အပင်မှ ပြုတ်ကျ၍ စားသုံးမရတော့ချေ။

        ရာသီအလိုက်ပေါ်သော သစ်သီးဝလံမျိုးဖြစ်သည့်ပြင် ချိုချိုအေးအေး၊ အရသာလေးသော ဩဇာသီးကို အများပြည်သူတို့က ခုံခုံမင်မင်ဝယ်ယူစားသုံးကြသည်။ ဩဇာသီးတွင် ရွှေဒင်္ဂါးရောင်၊ နွယ်သာကီရောင်၊ မရမ်းရောင်ဟူ၍ အရောင်သုံးမျိုးရှိသည်။ အဓိကအားဖြင့် သြဇာသီးများကို ပြည်ခရိုင်တွင် စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ကြီးကြီးကျယ်ကျယ်စိုက်ပျိုးလုပ်ကိုင်ကြသည်။ မေမြို့အနီးရှိ အနီးစခန်း၊ ကရင်ပြည်နယ်အတွင်းရှိ သံတောင်တို့၌လည်း ဩဇာပင်များ ကောင်းစွာဖြစ်ထွန်းသည်။ ပြည်ခရိုင်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ တောင်ကုန်းတောင်စွယ်များ၏ အရှေ့ဘက်တောင်စောင်းတစ်လျှောက်တွင် ဩဇာခြံများကို အစီအရီတွေ့ရတတ်ပါသည်။

      ပုသိမ်မြို့တွင်းရှိ သစ်သီးဝလံရောင်းချနေသောဆိုင်များတွင် ဩဇာသီးများကို ယခုလ စက်တင်ဘာလပိုင်းမှစ၍ အများအပြားတွေ့ရပြီး ရာသီစာသီးနှံအဖြစ် စတင်ရောင်းချလျက်ရှိရာ ဩဇာသီး အလုံးလှလှ (အကြီး) တစ်လုံးလျှင် ၁၀၀၀ကျပ်နှင့် ဩဇာသီး (အသေး) တစ်လုံးလျှင် ၅၀၀ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းဈေးကွက်

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မတ်ပဲဈေးနှုန်းမှာ တဖြည်းဖြည်းမြင့်တက်လာ၍ ဈေးကောင်းရရှိလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကာ ကုန်စည်ဒိုင်တွင်သာမက အပြင်ပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

          စက်တင်ဘာလ(ဒုတိယပတ်) ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၂၈၅၀၀)၊ (တတိယပတ်)တွင် ကျပ် (၁၃၁၅၀၀) ဖြစ်နေပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၃၀၀၀) ကျပ်ခန့်ဈေးနှုန်းမြှင့်တက်နေပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျန်းမာရေးအထောက်အကူပြု ရာသီစာ ငှက်စွေ့မှို

        ယခုကဲ့သို့ မှိုများထွက်ရှိချိန်တွင် စားမှိုတစ်မျိုးဖြစ်သည့် ငှက်စွေ့မှိုသည် ဝါခေါင်လပြည့်ကျော်မှ သီတင်းကျွတ်လအထိပေါက်ရောက်ပါသည်။ ပရိုတင်းမြင့်သည့် အစားအစာနှင့် သရေစာ ထုတ်လုပ်ရာတွင် ဖြည့်စွက်စာ (suppliment food) အဖြစ်ထုတ်လုပ်နိုင်သော ကျန်းမာရေးအထောက်အကူပြု စားမှိုတွင် ငှက်စွပ်မှိုသည် တစ်မျိုးအပါအဝင်ဖြစ်သည်၊၊ မှိုတွင်ပါဝင်သော ပရိုတင်း သည် ကျန်းမာရေးအကျိုးပြုမှု၊ အာဟာရတန်ဖိုးမြင့်မှု၊ ကျန်းမာရေးအထောက်အကူပြုသည့် ပစ္စည်းများစွာပါသည်။

     ငှက်စွေ့မှိုကို ဟင်းချိုအဖြစ်လည်းကောင်း၊ မှိုကန်စွန်းအဖြစ်လည်းကောင်း ချက်ပြုတ်စားသုံးကြပါသည်၊၊ မှိုများကိုအခြောက်လှန်း၍ မှိုကြော်စားသုံးခြင်းသာမက အသင့်စားသုံးနိုင်သည့်ဘူးများဖြင့် ဈေးကွက်အတွင်း ပြန်လည်ထုပ်ပိုးရောင်းချလျက်ရှိကြောင်း၊  ပေါ်ဦးပေါ်စတွင် ငှက်စွေ့မှိုတစ်ဆယ်ကျပ်သားကို (၂၅၀၀-၃၀၀၀) ကျပ်ခန့်ဈေးနှုန်းဖြင့်ရောင်းချကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

လတ်တလော တောင်ကြီးမြို့နယ်အတွင်းရှိ ရာသီစာသီးနှံတည်သီးများ အရောင်းအဝယ် ဖြစ်နေသော တိုးမြင့်လာသည့်ဈေးကွက်အခြေအနေ

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့အတွင်းရှိ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်၊ အမှတ် (၅)ဈေးအနီးမှ ရာသီစာသီးနှံဖြစ်သော တည်သီးကို ဒေသထွက်ရာသီစာသီးနှံအဖြစ်ရောင်းချသူ ပြည်သူထံမှ လတ်တလော မိုးရွာသွန်းမှုနှင့်မိုးကြီးမှုအခြေအနေများကြောင့် အသီးများကို ထပ်မံခူးဆွတ်နိုင်ခြင်းမရှိသေးသော်လည်း ဈေးကွက်အတွင်းရောင်းချရန် သင့်လျော်သောအခြေအနေရှိသည့် အသီးများမှာ စားသုံးသူပြည်သူများ ဝယ်ယူမှုတိုးမြင့်လျက်ရှိကြောင်းသိရှိရပါသည်။

        တည်သီးကို တောင်ကြီးမြို့နှင့် ဟိုပုံးမြို့၊ ကလောမြို့များအနီးတွင် စိုက်ပျိုးဖြစ်ထွန်းပြီး တချို့ အလေ့ကျပေါက်သော အပင်များလည်းရှိသည်။ တည်သီးမျိုးကွဲများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် တွေ့ရသော အမျိုးအစားမှာ ‘ဒိုင်အော့စပိရော့လိုတပ်’ (Diospyros Iotus) မျိုးဖြစ်ပြီး အီတလီနိုင်ငံနှင့် အရှေ့တိုင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းသောမျိုးများဖြစ်သည်။ လတ်တလော ဈေးကွက်အတွင်းရောင်းချရန် သင့်လျော်သော အခြေအနေရှိသည့် အသီးများမှာ စားသုံးသူပြည်သူများ ဝယ်ယူမှုတိုးမြင့်လျက်ရှိကြောင်းသိရှိရပါသည်။

        တည်သီးကို တောင်ကြီးမြို့နှင့် ဟိုပုံးမြို့၊ ကလောမြို့အနီး စိုက်ပျိုးဖြစ်ထွန်းပြီး အချို့အလေ့ကျပေါက်သော အပင်များလည်းရှိသည်။ တည်သီးကို ရာသီပေါ် ဒေသထွက်သီးနှံအဖြစ် စားသုံးကြသည့်အပြင် ကျန်းမာရေးဓာတ်စာအဖြစ်လည်း မှီဝဲကြသည်။ ယခုလတ်တလောဈေးကွက်၌ ရာသီစာသီးနှံ တည်သီးများကို အကြီး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၁၀)လုံးလျှင် (၃၀၀၀) ကျပ်၊ တည်သီးအသေး(၁)လုံးလျှင် (၂၅၀)ကျပ်၊ (၁၀)လုံးလျှင် (၂၅၀၀) ကျပ်အထိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

ဈေးကောင်းရနေသောရှမ်း(တောင်)ကုန်စိမ်းဈေးကွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) မှ နေရာဒေသစုံတင်ပို့နေရသော ကုန်စိမ်းသီးနှံများ၏ဈေးနှုန်းသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းကောင်းများရရှိနေကြောင်း လေ့လာသိရှိရပါသည်။ ဘိုစားပဲတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်ပွတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ မုန်ညင်းဖြူတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းသီးရှည်တစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ ဂေါ်ရခါးညွန့် အစည်း(၅၀)ပါ တစ်ထုံးလျှင် (၂၂၀၀၀)ကျပ်၊ ကိုက်လံအစည်း (၅၀)ပါ တစ်ထုံးလျှင် (၂၂၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ပဲလိပ်ပြာတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ဒညင်းသီးတစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ဂျူးဖူးတစ်ပိဿာလျှင် (၅၀၀၀)ကျပ် စသည်ဖြင့် ဈေးကောင်းရရှိနေပြီး လမ်းပန်းဆက်သွယ်မှုများပြန်လည်ပွင့်လင်းလာသဖြင့် စီးဆင်းမှုလည်း ကောင်းလျက်ရှိပါသည်။ ယခုနှစ်တွင် ကုန်စိမ်းစိုက်တောင်သူများ စိုက်ပျိုးမှုအထွက်နှုန်းကောင်းသလောက် တွက်ခြေကိုက်ဝင်ငွေကောင်းကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်ပြည်နယ်(အရှေ့ပိုင်း)၏ ဂေါ်ဖီထုပ်ဈေးနှုန်းဈေးကွက်အခြေအနေ

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် ဂေါ်ဖီထုပ်သီးနှံကို ကျိုင်းတုံမြို့၊ လွယ်မွေအုပ်စုကျေးရွာများတွင် မိုးစပါးရိတ်သိမ်းပြီးချိန်၌ လစ်လပ်လျက်ရှိသော လယ်ယာမြေများပေါ်တွင် သီးထပ်သီး ညှပ်အဖြစ် ဆောင်းရာသီ၌သာ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ ကျန်ရာသီများတွင် စိုက်ပျိုးထွက်ရှိမှုနည်းပါးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးဘက်မှဝင်ရောက်လာသော ဂေါ်ဖီထုပ်များလည်း  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံသို့ တစ်ပတ်လျှင် ဂေါ်ဖီထုပ် ကားနှစ်စီးခန့်ဝင်ရောက်လျက်ရှိပါသည်။ အောင်ပန်းမှလာသော ဂေါ်ဖီထုပ်များသည် ဈေးနှုန်းသက်သာသည့်အတွက် ဝယ်ယူစားသုံးမှုများပြီး  အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပါသည်။ အောင်ပန်းမှလာသော ဂေါ်ဖီထုပ်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ်ကြီးတစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ဂေါ်ဖီထုပ်အသေးတစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ကျိုင်းတုံဒေသထွက် ဂေါ်ဖီထုပ်ကြီးတစ်ထုပ်လျှင် (၃၀၀၀)ကျပ်ခန့်၊ ဂေါ်ဖီထုပ်သေးတစ်ထုပ်ှင် (၂၀၀၀)ကျပ်ခန့်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော ပဲစဉ်းငုံနီဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကံတော်၊ ကံလှ၊ ကံထိန်၊ ကံရက်၊ ဒဟက်ခြောက်၊ သစ်ပင်ကြီးနှင့် ချောက်ကန်အုပ်စုကျေးရွာများတွင် ပဲစဉ်းငုံနီကို သီးညှပ်အဖြစ် အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့နယ်သာမက အခြားမြို့နယ်များမှလည်း ပဲစဉ်းငုံနီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၄ခုနှစ်၊ စက်တင်ဘာ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၅၃၀၀၀-၁၅၆၀၀၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်စက်တင်ဘာ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ် အိတ်ရေ(၁၀၀-၃၀၀)ထိ အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် အခြားမြို့နယ်များသို့ တင်ပို့ကြောင်း၊ ပြည်ပပို့ကုန်အနေဖြင့် တရုတ်နှင့်အိန္ဒိယနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဝါသီးနှံများ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးကြပါသည်။ မိုးသီးနှံများထဲတွင် နိုင်ငံတော်မှ ပြည်တွင်းဖြစ် အဝတ်အထည်များ ထုတ်လုပ်နိုင်ရန်အတွက် အခြေခံလိုအပ်သည့် ချည်များ အများအပြားထွက်ရှိစေရေး ဝါသီးနှံများစိုက်ပျိုးမှုကို ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။ ရေစကြိုမြို့နယ်အနေဖြင့် ဝါသီးနှံကို (၃၁၃၄) ဧက စိုက်ပျိုးကြောင်းသိရှိရပါသည်။  မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်း၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် အများအား ဖြင့် သီးသန့်စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင် ရှည်ဝါများကို ဩဂုတ်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်က (၅)ဧက စိုက်ပျိုး ခဲ့ကြောင်း၊ ယခုနှစ်တွင် (၇)ဧက စိုက်ပျိုးထားရှိကြောင်း၊ (၁)ဧက အနေဖြင့် မျိုးစေ့ (၇)ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်း တို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ (၆) သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၁) ဧကတွင် (၂၅၀ မှ၃၅၀) ပိဿာ ထွက်ရှိကြောင်း၊ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ခန့်ရောင်းရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်း ခန့်ရရှိကြောင်း သိရသည်။ 

   ဝါသီးနှံသည် မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကြကာ မိုးကြိုက်သောသီးနှံဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ပဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများမှာ အပင်ဖြစ်ထွန်းအားကောင်းမွန်ပြီး အကိုင်းအခက်များ ဝေဆာကာ အသီးအပွင့်များ စတင်ပွင့်ဖူးလျက်ရှိပါကြောင်း၊ ရာသီဥတုအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသဖြင့်  ယခုနှစ်တွင် ကုန်ကျစရိတ်များပြားသလို အထွက်နှုန်းများကောင်းနိုင်ကြောင်း၊ တောင်သူများမျှော်လင့်နေသည့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း  တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း