ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တလင်းမြို့နယ် ဒေသထွက်ပိန်းဥများ စတင်ထွက်ရှိ

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် သရက်ကုန်းကျေးရွာများတွင် စက်တင်ဘာလမှစ၍ ပိန်းဥများစတင်ထွက်ရှိနေပြီး ပိန်းဥမျက်နှာနီ တစ်ပိဿာ (လက်လီ)(၆၀၀၀)ကျပ်၊ (လက်ကားဈေး)(၅၀၀၀)ကျပ်၊ ပိန်းဥပေါင်တောင် တစ်ပိဿာလျှင် (လက်လီ)(၄၀၀၀)ကျပ်၊ (လက်ကား)(၃၀၀၀)ကျပ်၊ ပိန်းဥသားတက် တစ်ပိသာလျှင် (လက်လီ) (၃၀၀၀)ကျပ်နှင့် (လက်ကား) (၂၅၀၀) ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      ပိန်းဥကို ဇူလိုင်လပထမပတ်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလတတိယပတ်တွင် စတင်တူးဖော်ကြပါသည်။ ပိန်းဥများစတင်စိုက်ပျိုးရန်အတွက် မျိုးကို ယခင်နှစ်ကတူးဖော်ထားရှိသော  ပိန်းသားတက်များကို မျိုးအဖြစ်ပြန်လည်အသုံးပြုပါကြောင်း၊ ပိန်းဥတစ်ကျိုးစိုက်ပျိုးရာတွင် (မျိုး၊ မြေပြုပြင်ခ၊ စိုက်ခ၊ ပေါင်းမြက်ရှင်းခ၊ စိုက်ခ၊ ဓာတ်မြေဩဇာ၊ တူးဖော်ခ၊ နွှာခ) စုစုပေါင်း ကုန်ကျ စရိတ် ငွေကျပ် (၅၀၀၀၀၀) ကုန်ကျပါကြောင်း၊ တစ်ကျိုးလျှင် ပိန်းဥအကြီး ပိဿာ (၃၀၀)ခန့်နှင့် သားတက်ပိဿာ(၃၀)ခန့်ထွက်ရှိပါကြောင်းနှင့် ထွက်ရှိလာသောပိန်းဥများကို ဒေသတွင်းမြို့နယ်များနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချရန် ကုန်သည်များမှ  အိမ်အရောက်ဝယ်ယူမှုများလည်းရှိကြောင်း  ပိန်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများနှင့် သားငါးဈေးနှုန်းများ

       ပေါင်းတည်မြို့နယ် မြို့မဈေးအတွင်း စက်တင်ဘာလနောက်ဆုံးအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် သား/ ငါးဈေးနှုန်းများမှာ ကြက်သွန်နီအလတ်တစ်ပိဿာ (၁၈၀၀)ကျပ်၊ ကြက်သွန်နီထိပ်စ တစ်ပိဿာ (၂၄၀၀)ကျပ်၊ ကြက်သွန်ဖြူကြူကုတ် တစ်ပိဿာ (၂၄၀၀၀)ကျပ်၊ ရှမ်းမွှာတစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူဥတစ်လုံးတစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ (၅၀၀၀)ကျပ်နှင့် အမဲသားတစ်ပိဿာ (၂၃၀၀၀)ကျပ်၊ ကြက်သား cpတစ်ပိဿာ(၂၀၀၀၀)ကျပ်၊ ဗမာ ကြက်တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၂၂၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားကုန်ဈေးနှုန်းများနှင့် သားငါးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင်မိုးစပါးများရိတ်သိမ်း

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စက်တင်ဘာလမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင်၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၇၃၅၁၄) စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာနများမှ   သိရပါသည်။

      စိုက်ပျိုးသည့် စပါးမျိုးများမှာ  ရတနာတိုး၊ ငွေတိုး၊ အင်းလယ်၊ တောင်ပျံစပါးမျိုးများဖြစ်ပြီး ယခုလက်ရှိရတနာတိုးစပါးကိုရိတ်သိမ်းနေပြီး မိုးစပါးတစ်ဧက ကုန်ကျစရိတ်မှာ(မျိုး၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ အလုပ်သမားခ) စုစုပေါင်း ငွေကျပ် (၅၅၂၀၀၀)ခန့်ကုန်ကျပြီး တစ်ဧကပျမ်းမျှ အထွက် နှုန်း (၇၅-၈၅)တင်း ထွက်ရှိပါကြောင်း၊ ယခုလက်ရှိ စက်တင်ဘာလတတိယပတ်တွင် စပါးတင်း (၁၀၀)ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ပေါင် (၅၀)ဖြင့် ကွင်းပေါက်ဈေး ငွေကျပ် (၁၆၅၀၀၀၀) ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် (၈၅၀၅၀၀)ခန့် ရရှိပါကြောင်း၊ ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် ရာသီဥတုဒဏ်ကြောင့် အလေအလွင့်များကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်တွင် ၂၀၂၄ခုနှစ် မိုးရာသီကောက်စောစပါးများစတင်ရိတ်သိမ်း

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၈၂၆၁၀)ကို စိုက်ပျိုးရန်လျာထားခဲ့ရာ လျာထားဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုစက်တင်ဘာလနောက်ဆုံးပတ်တွင် ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ  ရိတ်သိမ်းပြီးစီးမှုဧက (၅၁၃) ရှိ၍ တစ်ဧကပျမ်းမျှအထွက်နှုန်း  ၉၂.၈၄တင်းရှိကြောင်း သိရှိရပါသည်။ ပေါ်ဦးစကောက်စောစပါး တင်း(၁၀၀)လျှင် ကွင်းဈေးစက်ကျကို အစိုဓာတ်(၂၅%)ဖြင့် (၁၆၅၀၀၀၀)ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်တွင် ဝါးယောင်းမှိုများဈေးကောင်းရရှိနေ

        ဝါးရုံတော၊ ဝါးငုတ်ဆွေးများမှ မိုးရာသီတွင် သဘာဝပေါက်ရောက်လေ့ရှိသည့်  ဝါးယောင်းမှိုများကို နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိရာ စားသုံးသူများမှ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးလျက်ရှိပါသည်။

      ဝါးယောင်းမှိုကိုကြော်ချက်၍ဖြစ်စေ၊ ကောက်ညှင်းဆန်ဖြင့်လည်းအချဉ်ထည့်၍ဖြစ်စေ၊ မှိုခြောက်လှန်း၍ဖြစ်စေ စားသုံးကြပါသည်။ ဝါးယောင်းမှိုပေါ်ဦးစတွင် တစ်ပိဿာလျှင်(လက်လီ) (၁၀၀၀၀)ကျပ်၊ (လက်ကား) (၉၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရာမှ စက်တင်ဘာလနောက်ဆုံးပတ်တွင်  (လက်လီ)တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ (လက်ကား) (၁၀၀၀၀) ကျပ်၊ ဝါးယောင်းမှိုချဉ် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဝါးယောင်းမှိုရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်အတွင်း စက်တင်ဘာလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ၊ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပွဲရုံသို့ဝင်ရောက် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ အဝင် /အထွက် တင်းများ၏ အရောင်း အဝယ်ဖြစ်မှု အခြေအနေများမှာ ကုလားပဲ v2 (၄၈၀) တင်းဈေးနှုန်းမှာ (၉၅,၀၀၀) ကျပ်၊ ကုလားပဲ 929 (၁၂၇၅) တင်းဈေးနှုန်းမှာ (၉၀,၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၁၃၅) တင်း ဈေးနှုန်းမှာ (၈၅,၀၀၀) ကျပ်၊ မတ်ပဲ အမျိုးအစား (၅၆၂.၅) တင်း ဈေးနှုန်းမှာ (၁၀၅၀၀၀)ကျပ်၊  ပဲစဉ်းငုံ (နီ) (၁၀၈)တင်း ဈေးနှုန်းမှာ (၁၄၅,၀၀၀)ကျပ်၊ ပဲစဉ်းငုံ (ဖြူ) (၁၆.၅) တင်းဈေးနှုန်းမှာ (၁၃၅,၀၀၀) ကျပ်၊ နေကြာ (၄၄၄) တင်းဈေးနှုန်း မှာ (၅၈,၀၀၀)ကျပ်၊ ပဲတီစိမ်း (၇၂၀) တင်းဈေးနှုန်းမှာ (၇၇,၀၀၀)ကျပ်နှင့် CP ပြောင်းဆံ (၁,၆၅၀) တင်း ဈေးနှုန်းမှာ (၂၅,၀၀၀) ကျပ်  အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။

     ယခု ရာသီကာလတွင် ကုလားပဲများနှင့် ပြောင်းဆံများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်ပြီး ယခင် ဩဂုတ်လ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုလားပဲ (ထိုင်ဝမ်) တစ်တင်းလျှင် (၅,၀၀၀)ကျပ်၊ ကုလားပဲ v2 တစ်တင်းလျှင် (၄,၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၆,၀၀၀) ကျပ်၊ ပဲစဉ်းငုံ (ဖြူ) တစ်တင်း လျှင် (၃,၀၀၀) ကျပ်နှင့် ပဲတီစိမ်းတစ်တင်းလျှင် (၃၃,၀၀၀) ကျပ် ဈေနှုန်းများ အသီးသီး ကျဆင်းလျက်ရှိပြီး ပဲစဉ်းငုံ (အနီ) သည် ယခင်လဈေးနှုန်းအတိုင်း တည်ငြိမ်လျက်ရှိကာ  မတ်ပဲတစ်တင်းလျှင်(၅,၀၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၁၅,၀၀၀)ကျပ်  ယခင်လဈေးနှုန်းထက် မြင့်တက်လျက်ရှိကြောင်း၊ ယခုရာသီတွင် ပြောင်းဆံများ အဝင်အများဆုံးကာလဖြစ်ပြီး ကန့်ဘလူမြို့ သံလမ်းအနောက်ဖက်ရှိ ကျေးရွာများအားလုံးမှ ဝင်ရောက်လာကြောင်းနှင့် မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံတစ်ခုတည်းကိုသာ တင်ပို့ ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

ကျောက်ပန်းတောင်းမြို့နယ်မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေ

      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်မြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကိုအနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲကိုစိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၅၈၂၇၁)ဧကရှိပြီး၊ မိုးရာသီကုန်အထိ (၅၂၆၂၅)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုစိုက်ဧက(၂၄၅၁၁)ဧက ရိတ်သိမ်းခဲ့ရာ၊ အထွက်နှုန်းမှာ (၃၉.၇၅)တင်း ထွက်ရှိခဲ့ပါသည်။ အထွက်တင်းစုစုပေါင်း(၉၇၄၃၁၃)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧက ရှိပါသည်။ နှစ်စဉ်ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နယ်နှင့် ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဝန်းကျင်များဖြင့် ဈေးနှုန်းများရှိခဲ့ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၁၂၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင် (၁၂၇၅၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်း လျှင်(၁၄၀၀၀၀)ကျပ် ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပါသည်။

       ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၄၅၇၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး၊ တစ်ဧကပျမ်းမျှအထွက်တင်းမှာ (၃၉.၇၅)တင်းနှုန်းထွက်ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၃၃၀၀၀)ကျပ် နှုန်းရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေမှာ(၁၃၁၁၇၅၀)ကျပ် ရရှိ၍ တောင်သူအကျိုးအမြတ်မှာ (၈၅၄၇၅၀)ကျပ် ရရှိပါသည်။ ဒေသတွင်းထွက်မြေပဲများကို ယခင်က အခြားဒေသများသို့ ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး၊ ဒေသတွင်း၌ စားဆီကြိတ်ခွဲသုံးစွဲမှုများရှိလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကိုပိုမိုစိုက်ပျိုးပြီး၊ ပြည်ပသို့ရောင်းချခြင်းမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများရရှိလာစေသည့်အတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ပဲတောင့်ရှည်သီးစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် မိသားစုအပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါသည်။ ၎င်းသီးနှံများအနက် တိုင်ထောင်တစ်လပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ယခင်အချိန်က ပဲတောင့်ရှည်သီးနှံများကို လယ်ကန်သင်းရိုးများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် လယ်မြေနှင့် ယာမြေများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ပဲတောင့်ရှည်စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်မျိုးများသာ အသုံးများကြောင်း(အန်ဒီ ၃၁၃)တံဆိပ်မျိုးတစ်ထုတ်လျှင်(၆၀၀၀/-)ကျပ်‌ပေးဝယ်ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစု‌ပေါင်း (၃၀၀၀၀၀/-) ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစား‌ပေါ်မူတည်ပြီး (၁)ဧကလျှင် ပိဿာ(၃၅၀-၄၀၀)အထိ ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရာသီပေါ်စအချိန်တွင် ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင်(၃၁၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့်တစ်ပိဿာလျှင်(၃၆၀၀/-) ကျပ်ဖြင့်  ရောင်းချရပြီး ယခုလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၃၅၀၀/-)ကျပ်၊ (၂၅)ကျပ်သားတစ်စီး လျှင်(၈၀၀-၁၀၀၀/-)ကျပ် ရောင်းချရကြောင်း၊ ပဲတောင့်ရှည်သီးနှံကို ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ မြိို့ပေါ်ဈေးများသို့လည်း သွားရောက်ရောင်းချကြကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၇၅၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ဈေးနှုန်းကောင်းမွန်မှုကြောင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေလည်းရရှိကြောင်း၊ ရေဝင်ရောက်မှုမရှိသော ကျောက်ဆည်မြို့နယ်၊ ကျောင်းကုန်းကျေးရွာမှ ပဲတောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“မိုးနှမ်းများရိတ်သိမ်းပြီးစီး”

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသီးနှံကိုလည်း အဓိကထားစိုက်ပျိုးလျှက်ရှိပါသည်။ မိုးနှမ်းစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၃၈၀၇)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၂)ဧက၊ မြစ်သားမြို့နယ်တွင်(၃၅၆၁)ဧက စိုက်ပျိုးထားရှိပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ နှမ်းနက်နှင့်နှမ်းညိုမျိုး များကိုအများဆုံးစိုက်ပျိုးကြောင်း၊ မိုးနှမ်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးခဲ့ပြီး ယခု စက်တင်ဘာ လဆန်းပိုင်းမှစတင်၍မိုးနှမ်းများအားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏စာရင်းများအရသိရှိရပါသည် ။ မိုးနှမ်းကို မြစ်သားမြို့နယ်အတွင်းရှိ ရေဝင်ရောက်မှု မရှိသည့် နွားလျာရိုးကျေးရွာ၊ ရိုးကန်ကျေးရွာနှင့်မကျီးကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့်မျိူး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀ဝိ/) ကျပ်ခန့်ကုန်ကျကြောင်း၊ မိုးနှမ်းစိုက်ပျိုးရာတွင် ယာမြေများတွင် ဘောင်ကြေးပေးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ မိုးနှမ်းတစ်ဧကအထွက်နှုန်းအနေဖြင့် (၉-၁၀)တင်းထွက်ရှိကြောင်း နှမ်းစျေးနှုန်းအနေဖြင့် နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀ဝ/-)ကျပ်၊ နှမ်းနက်တစ်တင်လျှင်(၈၅၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခုလက်ရှိစျေးနှုန်းများဖြင့် ရောင်းဝယ်ရသောကြောင့် တောင်သူများအကျိုးအမြတ်များရရှိကြောင်း စျေးကွက်အနေဖြင့် တောင်သူများမှ နှမ်းများသန့်စင်ပြီး မြို့ပေါ်ရှိပွဲရုံများသို့‌ ကိုယ်တိုင်တိုက်ရိုက်ရောင်းချကြကြောင်း ပွဲရုံများမှမန္တလေးနှင့် ရန်ကုန်မြို့ များသို့ တင်ပို့ရောင်းချကြောင်း မိုးနှမ်းရိတ်သိမ်းမှုတွင် တစ်ဧကကုန်ကျစရိတ်နှုတ်ပြီးပါးက အကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း မိုးနှမ်းစိုက်ပျိုးသည့်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“မိုးနေကြာများရိတ်သိမ်းပြီးစီးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ‌‌ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ‌နေကြာသီးနှံကိုလည်း တောင်သူများသီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးနေကြာကို  ကျောက်ဆည်မြို့နယ်တွင်(၃၀၈၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၈၆၁)ဧက၊ မြစ်သားမြို့နယ်တွင်(၉၉၂)ဧက စု‌စုပေါင်း(၆၉၃၉)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဇွန်လဆန်းပိုင်းတွင် စတင်စိုက်ပျိူးခဲ့သော မိုးနေကြာများမှာ ယခုစက်တင်ဘာလဆန်းပိုင်းတွင် မိုးနေကြာများရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးနေကြာ(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိူး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀ဝိ/) ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဆင်းရွှေကြာ-၁ မျိုး ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၅-၂၇)တင်းထွက်ရှိကြောင်း၊ နေကြာသီးနှံကို တစ်နှစ်ပတ်လုံးစိုက်ပျိုးလျှက်ရှိကြောင်း၊ နေကြာဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၆၀၀၀၀/-)ကျပ်၊ နေကြာဆီတစ်ပိဿာ လျှင်(၂၀၀၀၀/-)ကျပ် ရောင်းဝယ်လျှက်ရှိပါသည်။နေကြာသီးနှံများကို မြို့ပေါ်ရှိပွဲရုံများသို့‌ ကိုယ်တိုင်တိုက်ရိုက်ရောင်းချကြကြောင်း၊ အိမ်တွင်းမိသားစုစားသုံးရန်အတွက်လည်း နေကြာဆီများလည်း ကြိတ်၍စားသုံးကြပါသည်။ နေကြာသီးနှံကို ပွဲရုံများမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့များသို့တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက  (၁၂၅၀၀၀/-)ကျပ် ခန့်မြတ်ကြောင်းနေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုစားသုံးဆီဖူလုံသည့်အပြင် အကျိုးအမြတ်များရရှိသဖြင့် နေကြာသီးနှံများကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း