ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးအနည်းငယ်မြင့်တက်နေသော ငါးပတ်နှင့် ငါးပေါက်စ

        ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ််တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများ အနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၇၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးဘတ်သားသည် အခြားငါးအသားများ နှင့်မတူ အသားနုညံ့ပြီး အရိုးနည်းကာ အရသာရှိသည့်အတွက် ဈေးကြီးသောလည်း ရောင်းအားကောင်း လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA (စစ်ကိုင်း)

  ငရုပ်သီးစိမ်းနှင့် ပန်းငရုပ်ပွသီး ဈေးနှုန်း

           ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

               ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၂၀၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀) ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပန်းငရုပ်ပွသီး ဈေးနှုန်းအနေဖြင့် ပန်းငရုပ်ပွသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ပန်းငရုပ်ပွသီး(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ကြက်သား ဈေးနှုန်း

       ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

       ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုး  ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ဩဂုတ်လ တတိယပတ် မွေးမြူရေးကြက်သားဈေးနှုန်း တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

ဖရုံစေ့လှော်ဈေးနှုန်းဈေးကွက်

         မြင်းခြံမြို့နယ်အတွင်းရှိ ဈေးကွက်တွင် ရောင်းချနေသော ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၌ ဖရုံစေ့လှော် လက်လီတစ်ဗူးလျှင် ၃၅၀၀ ကျပ်၊ တစ်ပြည်လျှင် ၂၅၀၀၀ ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းစားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ ဖရုံစေ့လှော်များကို မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။  ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာ (၂၈-၃၀) ဂရမ်ခန့် စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပြီး ပရိုတင်းဓာတ်ပါဝင်သောကြောင့် ကြွက်သားနှင့် ဆဲလ်များအားကောင်းစေပြီး Omega 3၊ Omega 6  မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင်မှုနှင့် အရေပြားကျန်းမာရေးကိုလည်းအထောက် အကူပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာတွေကို သက်သာစေကြောင်း၊ ညအိပ်မပျော်ဖြစ်နေသော သူများအတွက် မအိပ်ခင် ဖရုံစေ့လှော် အနည်းငယ်စားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင်သောကြောင့် အိပ်စက်ခြင်းကို အထောကအကူပြုကြောင်း  ဖရုံစေ့လှော်သည် အာဟာရဓာတ် များစွာပါဝင်သောကြောင့် ပြည်တွင်း၌ အလွယ်တကူရနိုင်ပြီး ပရိုတင်းဓါတ်ကြွယ်ဝသော ဖရုံစေ့လှော်ကို စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဆားနင်းခြင်း၏အကျိုးကျေးဇူးနှင့်ဈေးနှုန်းဈေးကွက်

          ဆားနင်းခြင်းသည်နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း၊ အကြောပြေ၊ ခြေကျဉ်ထုံနာတွေပျောက်ကင်းစေခြင်း၊ ခြေကွဲခြင်းမရှိခြင်း၊ ဆံပင်မကျွတ်ပဲ ဆံပင်တွေသန်လာစေခြင်း၊ ကျန်းမာခြင်း အကျိုးကျေးဇူးများမှာ မလိုအပ်သည့်အပူအောင်းနေသော အခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်ခြင်း၊ ကျောက်ကပ်တွင် အပူခိုခြင်းမှကာကွယ်၍ဆီးလမ်းကြောင်းကို လည်းအကျိုး ပြုစေခြင်းကြာကြာနင်း လျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေခြင်း ၊ အညောင်းရောဂါ၊ အကြောပိတ် အကြောတင်ခြင်းများမှကာကွယ်ပေးနိုင်ခြင်း၊ မျက်စိကြည်စေခြင်း၊ ခေါင်းကိုက်၊ မျက်ရိုးကိုက် ၊မျက်ရည်ကျသူများ သက်သာစေခြင်း၊ သားအိမ်လမ်းကြောင်းကောင်းမွန်စေခြင်း၊ ဆီးကျိတ်ရောဂါကာကွယ်ပေးနိုင်ကြောင်း သိရှိရသည်။ မြင်းခြံမြို့စည်ပင်သာယာဈေးတွင်ဆား တစ်ပိဿာလျှင်(၁၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အနော်ရထာဆီစက်မှ ‘ညောင်ဦးပဲဆီသန့်”အမည်ဖြင့်ပဲဆီသန့်များ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချ၍ ဒေသကိုအကျိုးပြုလျက်ရှိ

         အနော်ရထာဆီစက်လုပ်ငန်းသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သမဝါယမ အသင်းစု၏အောင်မြင်လျက်ရှိသည့် လုပ်ငန်းခွဲများအနက်တစ်ခုဖြစ်ပြီး (၁၉၇၁)ခုနှစ် ကတည်းက သမဝါယမထုတ်ကုန်လုပ်ငန်းတစ်ခုအဖြစ် အောင်မြင်စွာရပ်တည်ခဲ့သည်မှာ  ယနေ့အချိန်ကာလတိုင်အောင် ဖြစ်ပါသည်။

          သမဝါယမဦးစီးဌာနအဆင့်ဆင့်၏ လမ်းညွှန်ချက်များကိုလိုက်နာ၍ အခြေခံသမဝါယမ အသင်းများရှိ မြေပဲစိုက်အသင်းသားတောင်သူများ (၁)ဧက(၃)သိန်းကျပ်နှုန်းနှင့်ညီမျှသော သွင်းအားစုများကို နှစ်စဉ်ရာသီအလိုက်ပံ့ပိုးပေးပြီး သီးနှံပေါ်ချိန်ကာလတွင် မြေပဲဆံများအား ကာလပေါက်ဈေးနှင့် ဝယ်ယူပေးခြင်းဖြင့် သမဝါယမကန်ထရိုက်လယ်ယာစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒေသအတွင်းရှိ မြေပဲစိုက်တောင်သူများမှ လာရောက်ရောင်းချသည့် မြေပဲဆံများကိုလည်း အချိန်အတွယ်မှန်ကန်စွာ ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူလျက်ရှိပါသည်။

          နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သော ဒေသအတွင်း၊ နိုင်ငံအတွင်း စားသုံးဆီဖူလုံစွာ စားသုံးနိုင်ရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ အသင်းသားများအား ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်စေရေး၊ သီးနှံများ၏အထွက်နှုန်း တိုးတက်လာစေရေးတို့အတွက်လည်း စည်းရုံး ဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ တိုးချဲ့ဖွဲ့စည်းနိုင် ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။

              ညောင်ဦးမြို့ရှိ အနော်ရထာဆီစက်လုပ်ငန်းသည် အမှတ်(၃)နယ်မြေ၊ မြို့မကွက်သစ်ရပ်တွင်တည်ရှိပြီး စက်ရုံမြေအကျယ်အဝန်းအနေဖြင့်(၅.၈၉)ဧကရှိရာ စက်ရုံအဆောက်အဦအနေဖြင့် အလျား(၁၂၄)ပေ၊ အနံ(၇၆)ပေ၊ အမြင့်(၁၅)ပေရှိသော အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးဖြင့်တည်ဆောက် ထားပါသည်။ ဆီကြိတ်ခွဲခြင်းလုပ်ငန်းကို(၁)နှစ်ပတ်လုံး ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းများဝယ်ယူသိုလှောင်လျက်ရှိရာ လိုအပ်သည့်ရင်းနှီးမြှုပ်နှုံမှုများကို ညောင်ဦးမြို့နယ်သမဝါယမအသင်း အုပ်စုပိုင်ငွေဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

          ညောင်ဦးမြို့နယ်သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်လုပ်ငန်းအား သမဝါယမ အကြီးအမှူးအဆင့်ဆင့်၏ လမ်းညွှန်မှုကိုခံယူ၍ ညောင်ဦးမြို့နယ်၊ သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်အတူ မြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့်ဝန်ထမ်းများမှ လုပ်ငန်းများအား အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် အချိန်ပြည့်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

          အနော်ရထာဆီစက် ကြိတ်ခွဲထုတ်လုပ်မှုအနေဖြင့် ယခင်ကဆီဆုံ(၂)လုံးဖြင့် ကြိတ်ခွဲထုတ်လုပ်ခဲ့ရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စပါယ်ရှယ်ဝမ်းဆီဆုံအသစ်(၁)လုံး ထပ်မံတိုးချဲ့ဝယ်ယူတပ်ဆင်ခဲ့သည်။ စပါယ်ရှယ်ဝမ်းဆီစုံကြိတ်ခွဲနိုင်မှုအနေဖြင့် တစ်နာရီမြေပဲဆံ(၆၃)ပိဿာ ကြိတ်ခွဲ ထုတ်လုပ်နိုင်ပြီး လုပ်သားဦးရေ(၁၀)ဦးဖြင့် လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ကြိတ်ခွဲထုတ်လုပ်ရာတွင် စနစ်တကျသိုလှောင်ထားသည့် မြေပဲဆံများအား တနင်္ဂနွေနေ့မှအပ နေ့စဉ် ကြိတ်ခွဲလျက်ရှိသည်။ ကြိတ်ခွဲထုတ်လုပ်ရာတွင်(၁)ရက်ပျမ်းမျှကြိတ်ခွဲနိုင်မှုနှင့် ထုတ်လုပ် နိုင်မှုအနေဖြင့် မြေပဲဆံ(၇၀၀)ပိဿာခန့် ကြိတ်ခွဲ၍ မြေပဲဆီ(၂၉၄)ပိဿာ(၂.၅)ပေပါနှင့်(၁)နှစ် ပျမ်းမျှ ကြိတ်ခွဲနိုင်မှုနှင့် ထုတ်လုပ်နိုင်မှု မြေပဲဆံ(၂၁၈၄၀၀)ပိဿာ၊ မြေပဲဆီ(၉၁၇၀၀)ပိဿာ (၇၉၇)ပေပါ ထုတ်လုပ်လျက်ရှိပြီး အမျိုးသားလုပ်သားဦးရေ(၁၀)ဦးဖြင့် ထုတ်လုပ်လည်ပတ်လျက်ရှိပါသည်။

          မြေပဲဆံကုန်ကြမ်းများ ဝယ်ယူမှုအခြေအနေဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ မြေပဲစိုက်တောင်သူ များထံမှ ဝယ်ယူလျက်ရှိပြီး လိုအပ်ပါက ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ မန္တလေးမြို့များမှလည်း ဝယ်ယူ ၍လုပ်ငန်းလည်ပတ်သွားမည်ဖြစ်ပါသည်။ ဝယ်ယူပြီး မြေပဲဆံများအား အရည်အသွေးကောင်းမွန်မှု ရှိစေရေးအတွက် ခြောက်သွေ့အောင်နေလှမ်း၍ ဖုန်ချဇကာစက်ဖြင့် ဆောင်ရွက်ပြီး စနစ်တကျ သိုလှောင်ထားရှိကြောင်း သိရသည်။ ထိုကြောင့် ဝယ်လိုအားမြင့်မားကာ ဒေသတွင် ကုန်သွယ်မှုမြင့်တက်လာ၍ မြေပဲစိုက်တောင်သူများအစဉ်တိုးတက်၍ တောင်သူတို့ဘဝ စိုပြေလှပလာသည်ကို တွေ့မြင်ရ သည်။ 

          အနော်ရထာဆီစက်လုပ်ငန်းအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြေပဲဆံ(၁၈၀၅၆၂) ပိဿာ ကြိတ်ခွဲထုတ်လုပ်ခဲ့ရာ ဆီ(၆၇၅၀)ပိဿာ ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြောင်း ယခုနှစ်တွင်လည်း (၉၃၅၀၀)ပိဿာကြိတ်ခဲ့ပြီး ဆီပိဿာချိန် (၄၇၀၀)ပိဿာ ထုတ်လုပ်ပြီးဖြစ်ပြီး လက်ရှိဆီကြိတ်ခွဲရန် မြေပဲဆံ လက်ကျန်အနေဖြင့်(၆၀၀၀၀)ပိဿာနှင့်မြေပဲဆီလက်ကျန်မှာ ဆီပိဿာချိန် (၁၂၀၀၀)ခန့်ကျန်ရှိပါသည်။

          ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ပဲဆီတစ်ပိဿာအနိမ့်ဆုံး(၁၆၀၀၀)နှုန်းရှိပြီး ယခုလက်ရှိ ကာလတွင်(၁)ပိဿာ(၁၇၀၀၀)နှုန်းရှိကြောင်း သိရသည်။ တင်ပို့ရောင်းချသည့် နေရာဒေသများ အလိုက် တင်ပို့ခများအနေဖြင့်(၁၀)ပိဿာ ပုံးတစ်ပုံးလျှင် ရန်ကုန်-၇၀၀၀၊ မန္တလေး-၂၀၀၀၊ နေပြည်တော်-၅၀၀၀၊ ထားဝယ်မြို့ ၁၄၀၀၀ ကျပ်နှုန်းများ  အသီးသီးရှိပြီး သယ်ယူပို့ဆောင်ရေး စရိတ်ပေါ်မူတည်၍ ဈေးအနည်းငယ် ပြောင်းလဲနိုင်မှုကိုလည်း စားသုံးသူမိဘပြည်သူများ နားလည်မည်ဟုမျှော်လင့်မိပါသည်။

           ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ကြိတ်ခွဲထုတ်လုပ်သည့် မြေပဲဆီများအား ဆီစစ်ခုံဖြင့် စစ်ချ၍ရရှိလာသော မြေပဲဆီသန့်များအား အနော်ရထာဆီစက်၊ ညောင်ဦးပဲဆီသန့်၊ အမှတ်တံဆိပ်ဖြင့် (၅၀)ကျပ် သား ၊ (၁)ပိဿာ၊ (၂)ပိဿာ၊ (၃)ပိဿာ၊ (၅)ပိဿာ၊ (၁၀)ပိဿာ ဘူးများဖြင့် သန့်ရှင်းသပ်ရပ်စွာ စနစ် တကျထုတ်ပိုး၍ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ မြေပဲဆီသန့်များ ဖြန့်ဖြူးရောင်းချရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များထံသို့ အရောက်ပို့စနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး မိသားစုအသုံးပြုရန် ဝယ်ယူသူများအနေဖြင့်လည်း အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ဆီစက်တည်ရှိရာနေရာတွင် နေ့စဉ်(၁၀)ကျပ်သားမှစ၍ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည့်အပြင် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ထားဝယ်မြို့များရှိ မြို့နယ်သမဝါယမ အသင်းစုများနှင့် ချိတ်ဆက်၍လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

          အနော်ရထာဆီစက်လုပ်ငန်းအနေဖြင့် စေတနာကိုအရင်းခံကြိတ်ခွဲထုတ်လုပ်လျက်ရှိရာ ဒေသတွင်း မြေပဲစိုက်တောင်သူများအတွက်  ဈေးကွက်ခိုင်မာမှုရှိလာစေခြင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်လာခြင်း၊ ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့်ဝကောင်းမွန်သော မြေပဲဆီများကို ဝယ်ယူစားသုံးနိုင်ခြင်း၊ စားသုံးသူတို့အပေါ် ဘေးအန္တာရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး တောင်သူဦးကြီးများလည်း ပြုံးပျော်လျက် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး မဏ္ဍိုင်များပါ တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပြုလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်အတွင်းစပါးအမျိုးအစားအလိုက်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဖြစ်ပေါ်မှုအခြေအနေ

           မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်များသည် မနောသုခစပါးသီးနှံကို ဒေသတွင်းစားသုံးရန်အတွက် တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ခရိုင်ချုပ်အနေဖြင့် နွေစပါးစိုက်ဧက(၁၀၅၁) ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ကြောင်း၊ တစ်ဧက အနေဖြင့် အထွက်နှုန်း(၈၂)တင်းခန့်ထွက်ရှိခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးထွက်ပေါ်ချိန်တွင် နွေစပါးတစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိခဲ့ကြောင်း၊ စပါးစိုက်ပျိုးမှုနည်းသောကြောင့် စပါးအရောင်းအဝယ် အနေဖြင့် ဈေးကွက်မရှိကြောင်း၊ စပါးအစိုဓါတ်ကို ၁၃%၊ ၁၄% တွင်မျက်မြင် ခန့်မှန်းဖြင့်ဆုံးဖြတ် ကြကြောင်း၊ ရိတ်သိမ်းထွက်ရှိသောစပါးများကို နဘူးအိုင်ကျေးရွာရှိ ဆန်စက်များတွင် ကြိတ်ခွဲပြီး ထွက်ရှိသော ဆန်သားများကိုသာ ‌ကျေးရွာအတွင်းစားသုံးရန် အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊  မနောသုခ(နွေ) တစ်တင်းခွဲတစ်အိတ်လျှင်ဒေသတွင်းပေါက်ဈေး (၈၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ မိုးစပါးစိုက်ဧက (၉၇၄) ဧကစိုက်ပျိုးထားရှိကြောင်း၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးထားရှိသော မိုးစပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုး (YSRI) မျိုးတို့ကို စိုက်ပျိုးထားကြောင်း၊  ယခုစိုက်ပျိုးထားရှိသော မျိုးစပါး(မိုး)ကို မန္တလေးမြို့ ကုမ္ပဏီမှဝယ်ယူကြောင်း၊ မျိုးတစ်တင်းခွဲတစ်အိတ်လျှင် (၆၅၀၀၀) ကျပ်ဖြင့်ဝယ်ယူရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံ ဈေးအနည်းငယ်ကျဆင်းအရောင်းအဝယ်ဖြစ်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဩဂုတ်လ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံ သီးနှံများ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ သီးနှံဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ ပေါ်ရှိကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ထုတ်ရောင်းမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၃၀၀-၃၅၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ဖေဖော် ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၃၀၀၀-၉၂၀၀၀)၊ မတ်လတွင် ပဲစဉ်းငုံနီ တစ် တင်းလျှင် ကျပ်(၉၄၅၀၀-၉၃၀၀၀)၊ ဧပြီလတွင် တစ်တင်းလျှင် ကျပ်(၉၃၀၀၀-၉၂၆၀၀)၊ မေလတွင် တစ်တင်းလျှင် ကျပ်(၇၈၀၀၀-၇၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇွန်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင် (တတိယပတ်)တွင် ဈေးဆက်လက်မြင့်တက်၍ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၈၀၀၀-၈၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုဩဂုတ်လ (စတုတ္ထပတ်)တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၇၈၀၀၀-၈၀၂၀၀) ဈေးနှုန်းအနည်းကျဆင်း အရောင်းအဝယ်ဖြစ်ပြီး  ဈေးကွက်သို့ ကုန်ဝင်သ လောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိ ကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA (မကွေး)

ပခုက္ကူမြို့တွင် ဘိလပ်မြေဈေးနှုန်းများတည်ငြိမ်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဟိန်းစည်၊ ကျော်၊ မိုးမခ၊ ကံဟိန်း၊ သိန်းနှင့် ဂန့်ဂေါဆိုင်များတွင် အိမ်ဆောက်ပစ္စည်း များအပြင် ဘိလပ်မြေများလည်း ရောင်းချလျက်ရှိပါသည်။ အများအားဖြင့် ရောင်းချသော ဘိလပ်မြေ အမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အယ်လ်ဖာနှင့် အပါချီ ဘိလပ်မြေများရောင်းချလျက်ရှိပြီး ကြံ့နှစ်ကောင် ဘိလပ်မြေမှာ ရောင်းအားအကောင်းဆုံး ဘိလပ်မြေ ဖြစ်ကြောင်း  အိမ်ဆောက်ပစ္စည်း ဆိုင်များမှ သိရှိရပါသည်။ ဈေးနှုန်ူးများအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင်  ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင်ကျပ် (၁၇၅၀၀)၊ အပါချီ တစ်အိတ်လျှင်  ကျပ်(၁၇၅၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ဩဂုတ်လ(စတုတ္ထပတ်)တွင် ဘိလပ်မြေများ  အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးနှုန်း အနေဖြင့် ကြံ့နှစ်ကောင် တစ်အိတ်လျှင်ကျပ် (၁၇၅၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ် (၁၇၅၀၀) ဖြစ်၍ ဩဂုတ်လ(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိ တည်ငြိမ်နေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်များမှ သိရှိရပါသည်။

 DOCA (မကွေး)

မွန်ပြည်နယ်၌ ကွမ်းသီးနုများ ဈေးကောင်းရ

     မွန်ပြည်နယ်သည် ကွမ်းသီးထွက်ရှိသည့်ပြည်နယ်တစ်ခုဖြစ်ရာ ကွမ်းသီးစိုက်ဧက (၅၆၅၀၆) ဧကရှိပြီး တန်ချိန် (၉၀၀၀၀) သောင်းကျော်ထွက်ရှိကြောင်း သိရှိရသည်။ ကွမ်းသီးပင်သည် ဧပြီလနှင့် မေလတွင် စတင်အပွင့်ပွင့်ကာ သီးကင်းနုများ စတင်သီးကြပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ (မိုးတွင်းကာလ)၌ ကွမ်းသီးနုများ လှိုင်လှိုင်သီးကြသည်။ ယခုမိုးရာသီ ကွမ်းသီးနုများထွက်ရှိချိန်တွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ကွမ်းသီးနု များကို မွန်ပြည်နယ်ရှိ ကွမ်းသီးနုပေါင်းစက်ရုံများမှ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် ဝယ်ယူ ကြကြောင်းသိရှိရသည်။

     ယခင်နှစ်က ကွမ်းသီးနုပေါင်းစက်ရုံ (၂) ရုံမှ ကွမ်းသီးနုပေါင်းတန်ချိန် (၁၀၀၀) ကို တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီး ယခုနှစ်တွင် ကွမ်းသီးနုပေါင်းစက်ရုံများ ပိုမိုတိုးချဲ့တည်ဆောက်လာ ကြသဖြင့် ယခုနှစ်တွင် ကွမ်းသီးနုပေါင်းများ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း