ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်ဒေသထွက် သကြားပြောင်းပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်

           ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် သကြားပြောင်းများကို စိုက်ပျိုးကြပါသည်။ ထိုမှထွက်ရှိသော သကြားပြောင်းများကို ပြည်မြို့ရှိဈေးကွက်များတွင် လာရောက်ရောင်းချကြပါသည်။ သကြားပြောင်းများကို လူအများက သရေစာအဖြစ်စားသုံးကြခြင်း၊ ဟင်းချက်၍ စားသုံးကြသဖြင့် စားသုံးသူများကြိုက်နှစ်သက်သော ပြောင်းဖူးမျိုးဖြစ်ပြီး ပြောင်းဖူးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြသဖြင့် ပိုမိုစိုက်ပျိုးလာကြပါသည်။ ထွက်ရှိလာသည့်ပြောင်းဖူးများကို တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများက ပြောင်းခင်းများသို့ ဆင်း၍ ဝယ်ယူကြသလို ရွှေတောင်မြို့မှ ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ယခုအခါ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် သကြားပြောင်း တစ်ဖူးလျှင် (၇၀၀-၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် သကြားပြောင်းဈေးမှာ အဖူးကြီးတစ်ဖူးလျှင် (၃၅၀-၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် သကြားပြောင်း ဈေးမှာမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ကန်စွန်းဥဈေးကွက်

           ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ စည်ပင်သာယာဈေးကြီးများနှင့် ရပ်ကွက်ဈေးများတွင် ကန်စွန်းဥများ ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာကန်စွန်းဥနှင့် ကိုးရီးယားကန်စွန်းဥဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ရောင်းချနေသော ကန်စွန်းဥဈေးများမှာ မြန်မာကန်စွန်းဥ တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်နှင့် ကိုးရီးယား ကန်စွန်းဥတစ် ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ကိုးရီးယားကန်စွန်းဥမှာ မြန်မာကန်စွန်းဥထက် အရသာပိုချိုပြီး အလုံးအရွယ်အစားမှာလည်းကြီးသောကြောင့် မြန်မာကန်စွန်းဥထက် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်းရောင်းချနေသည့်ဟင်းကပေါင်းသီး

            ဟင်းကပေါင်းပင်မှာ နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ ကြက်ဟင်းခါးသီးပင်နှင့် အမျိုးအစား တူညီပါသည်။ ဟင်းကပေါင်းပင်မှာ စိုက်ပျိုးထားသည့် အပင်အမျိုးအစားမဟုတ်ပါပဲ ရာသီပေါ်စားစရာ သဘာဝစစ်စစ်အပင်မျိုးဖြစ်ပါသည်။ အသီး၏ပုံပန်းသဏ္ဍာန်မှာ ပိန္နဲသီးအကင်းနှင့်တူပါသည်။ ကြက်ဟင်းခါးသီးကဲ့သို့ပင် အထဲတွင်အစေ့ကလေးများလည်းပါရှိပါသည်။ အသီးအခွံအရောင်မှာ စိမ်းဝါရောင်တောက်တောက် ရှိပါသည်။ ဟင်းကပေါင်းသီးပင်မှာ ကျေးလက်ဒေသများတွင် ခြုံပုတ်များပေါ်တွင် အများအပြား အလေ့ကျပေါက်သည့် အပင်အမျိုးအစားဖြစ်ပါသည်။ သဘာဝအလေ့ကျပေါက်သည့် အပင်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ရောင်းချရာတွင် ဈေးနှုန်းမှာ အသီးလုံး ၅လုံးပါ အတွဲတစ်စည်းလျှင် (၁၀၀၀-၁၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်၏ကျောက်ဖရုံသီး စိုက်ပျိုးထွက်ရှိမှု

            ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူတောင်သူ (၈)ဦးရှိပြီး ကျောက်ဖရုံစင်ပေါင်း (၈)စင်ရှိပါသည်။ ထို့ကြောင့် ကျောက်ဖရုံစိုက်ပျိုးထုတ်လုပ်မှုအား သိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၈.၁.၂၀၂၅) ရက်နေ့တွင်သွားရောက်လေ့လာခဲ့ပါသည်။

          ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ထိုးတွင်းစဉ်ကျေးရွာတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူ တောင်သူ ဦးဘိုနိုင်ဝင်းနှင့် တွေ့ဆုံ၍မေးမြန်းရာ စင်တစ်စင်ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းကျပ် ခန့်ကုန်ကျပြီး ကျောက်ဖရုံစင်တစ်စင်လျှင် (၃)နှစ်ခန့် အသုံးပြုရပါသည်။ ထိုအပြင် အခြားမျိုးဖိုးနှင့် သွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ၅၀၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ကျောက်ဖရုံသီးထွက်ပေါ်ချိန်တွင် တစ်လလျှင် (၄)ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အနည်းဆုံးအလုံးရေ(၅၀)ခန့်ခူးဆွတ်ရရှိပါသည်။ ထို့ကြောင့်စင်တစ်စင်လျှင် အလုံးပေါင်း ၆၀၀ကျော် ခူးဆွတ်ရရှိသည်ဟု သိရပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချသဖြင့် ဝင်ငွေအနေဖြင့် ၁၂ သိန်းကျပ်ခန့်ရရှိ၍ တောင်သူ အသားတင်အမြတ်အနေဖြင့် (၇၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း သိရပါသည်။ ပထမစတင်စိုက်ပျိုးသောနှစ်တွင် စင်ဘိုးကုန်ကျပြီး နောက်နှစ်များတွင် စင်ဘိုးကုန်ကျမှုမရှိသည့်အတွက် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ပါသည်။ ထွက်ရှိလာသော ကျောက်ဖရုံသီးများကို ရောင်းချသောဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် ပြည်မြို့အနီးရှိ ဖရုံယိုလုပ်ငန်းလုပ်ကိုင်သူများအား ရောင်းချလျက်ရှိသလို ဈေးကွက်များသို့လည်း တင်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ပေါ်တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများရောင်းချပေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုကအားတိုက်ဆောင်ရွက်လျက်ရှိရာ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အခြေခံစားသောက်ကုန်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကွပ်ကဲမှု၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် စားသုံးသူပြည်သူများအား ချိုသာသော ဈေးနှုန်းဖြင့် ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ရောင်းချရာတွင် ကြက်ဥ တစ်လုံး လျှင်(၃၇၅) ကျပ်နှုန်းဖြင့် တစ်ရက်လျှင် အလုံး (၃၀၀) ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးပိုလျှံအသားတိုးကြက်ခြံ

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကန်တစ်ရာတွင် ၂၀၂၀ ခုနှစ်မှ စတင်၍အသားတိုးကြက်မွေးမြူရေးကို စတင်လုပ်ကိုင်ခဲ့ပါသည်။

          ကန်တစ်ရာစီမံကိန်းကို အစပြုပြီးအသားတိုးကြက်မွေးမြူရေးလုပ်ငန်းများကို ငါးကန်အပေါ် တွင်ခြံပြုလုပ်ပြီး မွေးမြူလျက်ရှိပါသည်။ ရေအောက်တွင် ငါးများမွေးမြူပြီးအပေါ်တွင် အသားတိုးကြက်များမွေးမြူရာခြံ(၆)ခြံရှိပါသည်။

          ကြက်သားပေါက်များကို ရန်ကုန်မှ(၁)ကောင်လျှင် ၃၀၀၀ / ကျပ်ဖြင့်ဝယ်ယူရပါသည်။ခြံတစ် ခြံလျှင်ကြက်အကောင် ၃၀၀၀ ထည့်၍မွေးမြူရသည်။ အကောင်ငယ်ကလေးများကို မီးသွေးဖြင့် ၁၅ရက်အပူပေးရပါသည်။ တစ်ရက်လျှင်မီးသွေးချိန် ၁၀အိတ်/၆အိတ် ကုန်ကျကြောင်းသိရသည်။

          အစားကျွေးရာတွင် ကြက်ငယ်စာ ၁အိတ်လျှင် ၁၄၄၃၅၀ ကျပ်ဖြင့် ၃၀ အိတ်၊ ကြက်လတ်စာ ၁အိတ်လျှင် ၁၃၇၉၀၀ ကျပ်ဖြင့် ၁၀၀ အိတ်၊ ကြက်ကြီးစာ ၁အိတ်လျှင် ၁၃၂၆၅၀ ကျပ်ဖြင့် ၁၀၀ အိတ်အထိ (၄၅) ရက်ကြာကျွေးရပါသည်။ ၄၅ ရက်ကြာမွေးမြူပြီးပါက ၁ပိဿာ ၇၀ ကျပ်သားအရွယ်တွင်ရောင်းတန်းဝင် အသားတိုးကြက်များရရှိပြီး ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

          နောက်ဆုံးအသားတိုးကြက်ခြံတစ်ခြံတွက် အစာစုစုပေါင်းကုန်ကျစရိတ်မှာ ၃၁၃ သိန်းကျော် ဖြစ်ပြီး အကောင်ပေါက်မှ ၁ပိဿာ ၇၀ ကျပ်သား အရွယ်ရှိလာသည့်အထိ မီးသွေးဘိုး ၁၅ ရက်စာအတွက် ၁၃ သိန်းကျော် အလုပ်သမားခ ၃ဦးမှ၄ဦးအထိ ၁လလျှင် ၄သိန်းကျပ် ကြက်ပေါက် တစ်ကောင်လျှင် ၃၀၀၀ကျပ်နှင့်၉၀ သိန်းခန့်ရှိပါသည်။ကြက်အကောင် ၃၀၀၀မွေးလျှင် ၃၀၀ခန့် အသေအပြောက်ရှိပါသည်။ ကြက်အကောင်ပေါက်မွေးသည်မှ ရောင်ချသည့်အထိစုစုပေါင်း ၄၂၀ ကျော်ကုန်ကျပါသည်။ ကြက်တစ်ပိဿာလျှင် ၉၆၀၀ ကျပ်ဖြစ်ပြီး ကြက် ၄၅၉၀ပိဿာ ရောင်းရငွေမှာ ၄၄၀သိန်းခန့်ရှိပါသည်။ ကုန်ကျစရိတ်၊ အစာ၊ လုပ်အားခ အားလုံးနှုတ်ယူပြီး ရရှိသည့်အမြတ်ငွေမှာ ၁၉သိန်းခန့်ရှိကြောင်း သိရှိရပါသည်။

          မွေးမြူထားသည့်အသားတိုးကြက်များကို လက်ပံတန်းမြို့ဒေသတွင်းနှင့်အနီးအနားမြို့များ သို့ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA (ပဲခူး)

ပြည်မြို့ရှိ တရုတ်နံနံပင်ဈေးနှုန်း၊ ဈေးကွက်

            နံနံပင်သည်အရွက်နှင့် အရိုးများကိုပါစားသုံးနိုင်သော ဟင်းရွက်ဖြစ်ပါသည်။ အရွက်များခူးယူပြီး အပင်ကို နှုတ်မပစ်ဘဲဆက်၍ထားပါကမျိုးစေ့ရနိုင်ပါသည်။ အလွန်မအေးသော ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အလွန်အေးသောနေရာများတွင် စိုက်ပျိုးပါကဖြစ်ထွန်းမှု နှေးနိုင်ပါသည်။ မျိုးစေ့များစိုက်သည့်အခါ အပူချိန်(၅၅)ဒီဂရီဖာရင်ဟိုက်ထက် နိမ့်လျှင်အပင်ပေါက်နည်း တတ်ပါသည်။ ပူနွေးသောရာသီကိုကြိုက်သောသီးနှံဖြစ်သည့်အတွက် အပူချိန်သင့်တင့်သောရာသီများတွင် စိုက်ပျိုးနိုင်ပါသည်။ ထို့ကြောင့် ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပြီး ပြည်မြို့ရှိဈေးကွက်သို့  လာရောက်ရောင်းချ ကြကြောင်းသိရပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် အနီးတဝိုက်ရှိ နယ်မြို့များသို့လည်း တင်ပို့‌ရောင်းချကြောင်း သိရပါသည်။ ယခင်က နံနံပင် ၁စည်းလျှင် (၁၀၀)ကျပ် နှုန်းရှိရာ ယခုအခါတွင်၃စည်းလျှင် (၅၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆောင်းရာသီ၏ရာသီစာပဲမြစ်

             ပဲစောင်းလျားပင်မှာ ပူပြီးစွတ်စိုသောနေရာများတွင် အများအပြားပေါက်ရောက်ပါသည်။ နွယ်ပင်အမျိုးအစားဖြစ်ပြီး တို့စရာအဖြစ် စားသောက်ကြသည့် ဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ အမြစ်မှထွက်ရှိလာသော ပဲမြစ်များကို မုန့်ပဲသားရေစာအဖြစ်စားသောက်ကြပါသည်။ ပဲစောင်းလျားပင်အား မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးကြပါသည်။ ပဲမြစ်များစိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ပဲမြစ်စိုက်ပျိုးသည့် တောင်သူအများစုမှာ နှစ်စဉ် ဩဂုတ်လတွင်စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ရောင်းချ ကြောင်းသိရှိရပါသည်။ ယခု အချိန်တွင် ပြည်ဈေးကွက်အတွင်းရောက်ရှိလာသည့် ပဲမြစ်များမှာ ပြည်မြို့နှင့် ဒေသအနီးတဝိုက်ရှိ ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့ရှိ ကျေးလက်ဒေသများ၏ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြံများမှရရှိပါသည်။ ပဲမြစ်၏အရသာမှာ ချိုပြီးစိမ့်၍ လူကြိုက်များသော အစားအစာဖြစ်ပါသည်။ ရာသီပေါ်စာဖြစ်သည့်ပဲမြစ်အား ဈေးကွက်အတွင်း ရောင်းချရာ၌ တစ်ပိဿာ လျှင် ၅၅၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ (၅၀)သားလျှင် (၃၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း ဈေးကွက်အတွင်း တွင်ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ လူကြိုက်များလှသော ဖိုးလမင်း ကော်ဖီမှုန့်

            တောင်ငူမြို့၏ ထုတ်ကုန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော ဖိုးလမင်း ကော်ဖီမှုန့်သည် အနံ့အရသာနှင့် ပြည့်စုံပြီး လူကြိုက်များလှသည့် ကော်ဖီမှုန့်အမျိုးအစားတစ်ခုဖြစ်သည်။ ဖိုးလမင်း ကော်ဖီမှုန့်ကို တောင်ငူမြို့ အမှတ်(၁)၊ ၆ လမ်း၊ ၁၄ရပ်ကွက်တွင်ထုတ်လုပ်ပြီး တောင်ငူမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

            တောင်ငူမြို့တွင် လူကြိုက်များပြီး ဈေးနှုန်းလည်းအသင့်အတင့်ဖြစ်ကာ ရောင်းအားကောင်းသော Brand တစ်ခုလည်း ဖြစ်ပါသည်။ ဖိုးလမင်းကော်ဖီမှုန့်ကို ၁၀၀ ရာခိုင်နှုန်း ကော်ဖီမှုန့်များဖြင့် ထုတ်လုပ်ထားပြီး မည်သည့်အရောအနှောမှ မပါဝင်ကြောင်း သိရပါသည်။

            သကြား၊ နို့ဆီ၊ နွားနို့များဖြင့်ရောစပ်ပြီး သုံးမိနစ် လေးမိနစ်ခန့် နှပ်ထားကာ အသင့်သောက်သုံးနိုင်ကြောင်း၊ အနံ့၊ အရသာထူးခြားကောင်းမွန်ကြောင်း၊ ၂၀၂၄ခုနှစ် ဇွန်လအစောပိုင်း တွင် ရောင်းချသောဈေးနှုန်းမှာ ၁၀ ကျပ်သား တစ်ထုပ်လျှင် ၅၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ တပိုင်တနိုင်ငွေနှင်းမိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရ

             တောင်ငူခရိုင် ဖြူးမြို့တွင် တပိုင်တနိုင်ငွေနှင်းမှို စိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိ လျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များမှာယူပြီး အလျား ၁၀ ပေ၊ အမြင့် (၂)ပေခန့်ရှိသည့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင်ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင် ပြုလုပ်ထားရပါသည်။

            မှိုပျိုးထုပ် စတင်ရောက်ရှိပြီးချိန်မှစ၍ စင်ပေါ်တွင် စနစ်တကျစီထားပြီး  တစ်နေ့(၃)ကြိမ် ရေလောင်းပေးရပါသည်။ လေးငါးရက်ခန့်အကြာတွင် မှိုအိတ်များမှ အဖြူရောင်မှိုပွင့်ကလေးများ တစ်အိတ်လုံးနီးပါး ပွင့်လာသည့်အခါတွင် အိတ်အဝကို ဖွင့်ပေးရပါသည်။ အိတ်ဝဖွင့်ပြီး တစ်ပတ်၊ ၁၀ ရက်ကြာလျှင် မှိုပွင့်များ ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။

            မှို တစ်ကြိမ်စိုက်ပျိုးလျင် လေးငါးကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။ မှိုပျိုးထုပ် ၇၅ ထုပ် စတင်စိုက်ပျိုးရာ မှို ၆ ပိဿာ ၇၅ ကျပ်သားခန့်ထွက်ရှိပါသည်။ မှို ပျိုးထုပ်တစ်ထုပ်လျှင် ၁၂၀၀ ကျပ်ဖြင့်ဝယ်ယူပြီး ထွက်ရှိလာသောမှိုများကို တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ငွေနှင်းမှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် မီးဖိုချောင်စရိတ် တွက်ချေကိုက်သောလုပ်ငန်းဖြစ်သောကြောင့် ရေရှည်စိုက်ပျိုးသင့်သည့် လုပ်ငန်းဖြစ်ကြောင်း တပိုင်တနိုင်စိုက်ပျိုးသူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း