ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥစိုက်)တောင်သူများ အကျိုးအမြတ်များစွာရရှိနေ

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ကိုင်းကျွန်း မြေနှင့် ကုန်းတွင်းပိုင်းမြေမာများတွင် မိုးကြက်သွန်နီ(ဥစိုက်) ဧက(၉၀၀)ခန့်ဒေသစီးပွားဖြစ် နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ကြက်သွန်နီဈေးကွက်ခိုင်မာပြီး ဈေးကောင်းရရှိခြင်းကြောင့် ယခု နှစ်တွင် စိုက်ဧက(၁၀၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလဆန်းမှ နိုဝင်ဘာလကုန်ထိ စိုက်ပျိုးကြပြီး ဒီဇင်ဘာလလယ်မှ ဇန်နဝါရီလကုန်ထိ တူးဖော်ရိတ်သိမ်းရကြောင်း၊ ယခုနှစ်တွင် ဈေးနှုန်းအနေဖြင့် သီးနှံပေါ်ချိန် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် အရောင်းအဝယ် ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ မိုးကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် ပွဲရုံပြတ်ဈေး ကျပ်(၂၅၀၀-၂၆၅၀-၂၈၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၃၁၅၀)ထိဈေးတက်ပြီး အရောင်းအဝယ်ဖြစ် ကြောင်း၊ ယခင်နှစ်က သီးနှံပေါ်ချိန် ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်(၂၂၀၀-၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဝယ်လိုအားကောင်း၍ ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

          ယခုနှစ် မိုးကြက်သွန်နီ(ဥစိုက်)တစ်ဧကစိုက်ပျိုးရာတွင် စိုက်ပျိုးချိန်မှ သီးနှံရိတ်သိမ်းချိန်ထိ ရာသီ ဥတုအနေအထားကောင်းမွန်ခြင်းကြောင့် သီးနှံပျက်စီးမှုနည်း၍ ကြက်သွန်နီအထွက်ကောင်း ကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှပိဿာ(၄၀၀၀-၄၅၀၀)ခန့် ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် သွင်းအားစု အမျိုးမျိုးဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ ကြီးမြင့်ခြင်းကြောင့် ကျပ်(၃၈-၄၀)သိန်းခန့် ကုန်ကျကြောင်း၊ မိုးကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၆၅၀)ဈေးဖြင့် ရောင်းချရပါကတစ်ဧကလျှင် ကျပ်(၁၀၆)သိန်းခန့် ဝင်ငွေရရှိ၍ အကျိုးအမြတ်အနေဖြင့် (၆၆)သိန်းခန့် ရရှိကြောင်း၊ မိုးကြက်သွန်နီ (ဥစိုက်)တောင်သူများ ကြက်သွန်နီဥတူးဖော်ရောင်းချချိန်တွင် ဝယ်လိုအားဈေးကွက်အပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်း ပြောင်းလဲမှုရှိသည့်အတွက် တောင်သူတစ်ဦးချင်းစီ၌ အကျိုးအမြတ်ရရှိပုံမတူညီကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ အဓိကတင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်တွင်းနေရာအနှံ့အပြားသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပပို့ကုန် အဖြစ် မြဝတီ၊ မော်လမြိုင်၊ မူဆယ်မြို့ ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့် နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ပြည်တွင်းပြည်ပ ဈေးကွက်ခိုင်မာမှုရရှိပြီး မိမိဒေသစီးပွား ဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေသည့် ပြည်ပပို့ကုန် ကြက်သွန်နီသီးနှံ ကို ဆိပ်ဖြူမြို့နယ်ရှိ စိုက်တောင်သူများမှ ဒေသစီးပွားဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဘားအံမြို့ဒေသထွက်ပဲတောင့်ရှည်သီးဈေးနှုန်း

          ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည်ရာသီစာ သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်နှင့် စီးပွားဖြစ်ပါစိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် ရာသီစာမဟုတ်ပဲ ကုန်ကျစရိတ်နည်းပြီးအထွက်နှုန်းကောင်းကာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိသည့်  ပဲတောင့်ရှည်သီး သီးနှံကိုလည်း စိုက်ပျိုးကြသည်။ ဒေသခံတောင်သူများသည် မိမိတို့၏စိုက်ခင်းမှထွက်ရှိသော  ပဲတောင့်ရှည်သီးများကို ဘားအံမြို့ပေါ်ဈေးများတို့ လက်ကား/ လက်လီ လာရောက်ရောင်းချကြပါသည်။ ဘားအံမြို့ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၂၀၀၀၀၊၃၀၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီး လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀၊၃၀၀၀)ကျပ်နှင့် ပဲတောင့်ရှည်သီး အစည်းသေးတစ်စီးလျှင် (၅၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ချောက်မြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် (၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များတွင် ဘိလပ်မြေရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်း ဆိုင်များတွင် ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်စျေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်ပစ္စည်းလက်ကျန်အခြေအနေများကို မေးမြန်းစစ်ဆေး ခဲ့ပြီး ဘိလပ်မြေဈေးနှုန်းများအနေဖြင့် အပါချီနှင့် အယ်လဖာ ကျပ်(၁၅၀၀၀)ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ချောက်မြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းရောင်းချသည့် ဆိုင်(၅)ဆိုင်ရှိပြီး လက်ရှိအခြေအနေ တွင် ဘိလပ်မြေမှာယူရာတွင်အခက်အခဲရှိခြင်း၊ ဘိလပ်မြေစျေးနှုန်း အတက်အကျမတည်ငြိမ်ခြင်းများရှိ ကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၌ မုန်လာဥဖြူနှင့်ပဲတောင့်ရှည်သီးနှံများ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးနှုန်းကျဆင်းလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဥယျာဉ်၊ ရွာတော်၊ ပန်းတော်ပြင်၊ ညောင်ပင် သာစသည့်ကျေးရွာများသည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  မုန်လာဥဖြူနှင့် ပဲတောင့်ရှည်သီးနှံများ သည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မုန်လာဥဖြူ(၃)ဥ (၁)စည်းလျှင် ကျပ်(၂၅၀)၊ ပဲတောင့်ရှည်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် မုန်လာဥဖြူ(၃)ဥ(၁) စည်းလျှင် ကျပ်(၄၀၀)၊ ပဲတောင့်ရှည်သီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ ယခုတစ်ပတ်နှင့်နှိုင်းယှဉ်ပါက မုန်လာဥဖြူ ကျပ်(၁၅၀)၊ ပဲတောင့်ရှည်သီး ကျပ်(၁၀၀၀-၁၅၀၀)ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ယခုအချိန်သည် ဟင်းသီးဟင်းရွက်များလှိုင်လှိုင် ထွက်ပေါ်ချိန် ဖြစ်၍ ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဘားအံမြို့ဒေသထွက်ဒန့်သလွန်သီးဈေးနှုန်း

            ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများတွင် ဒေသခံတောင်သူများသည် ဒန့်သလွန်သီးပင်များကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝန်းထဲတွင် တနိုင်စိုက်ပျိုးထားကြသည်။ ဒန့်သလွန်သီးများကို ဒေသခံတောင်သူများမှ အပိုဝင်ငွေရရှိရန်အတွက် ဘားအံမြို့ပေါ်ဈေးများတို့ လာရောက်ရောင်းချကြသည်။ ဒန့်သလွန်သီးကို ငါးရံ၊ ငါးခြောက်တို့နှင့် ချက်စားနိုင်သလို ဟင်းရောဟင်းချက်ရာတွင်လည်း ထဲ့ချက်စားသုံးကြသည်။ ဒန့်သလွန်ပင်သည် ပစ်စရာမရှိအောင်တစ်ပင်လုံး လူတို့၏ကျန်းမာရေးကို ကောင်း ကျိုးပြုသည့်အတွက် စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ အသုံးဒန့်သလွန်သီးဈေးနှုန်းများမှာ ယခင် ဒီဇင်ဘာလတွင် ဒန့်သလွန်သီး တစ်တောင့်လျှင်(၅၀၀)ကျပ်၊ သုံးတောင့်လျှင် (၁၃၀၀) ကျပ်နှုန်း နှင့် ယခု ဇန်နဝါရီလ ဒန့်သလွန်သီး လှိုင်လှိုင်ပေါ်ချိန်တွင် ဒန့်သလွန်သီး တစ်တောင့်လျှင် (၄၀၀) ကျပ်၊ သုံးတောင့်လျှင်(၁၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းများကျဆင်းလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးကို မြို့နယ် အတွင်းရှိကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး (၁)ပိဿာလျှင် အလုံး၊ အကြီးအသေးအလိုက် ကျပ်(၃၅၀၀-၄၀၀၀)၊ ကိုင်းခရမ်းချဉ်သီး(ဗမာ)(၁)ပိဿာလျှင် ကျပ်(၃၀၀၀ - ၄၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ထိုင်ဝမ် ခရမ်းချဉ်သီး ကျပ်(၁၀၀၀-၂၀၀၀)၊ ကိုင်းခရမ်းချဉ်သီး(ဗမာ) ကျပ်(၁၀၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုကာလတွင် ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများ စတင် ထွက်ရှိလာသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ တောင်ဦးကျေးရွာ၌ နေကြာသီးနှံ အရောင်းအဝယ်ဖြစ်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲကြီး၊ နေကြာ၊ ဝါ၊ ကြက်သွန်နီနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို နှစ်စဉ် စိုက်ပျိုးလျက်ရှိရာ တောင်ဦးကျေးရွာ၌ နေကြာသီးနှံ စိုက်ဧက(၁၃)ဧကခန့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

          နေကြာသီးနှံကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလဆန်းတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင် ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ဆင်းရွှေကြာ-၁မျိုးကို စိုက်ပျိုးကြကြောင်း၊ နေကြာသီးနှံကို သီးသန့် စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့(၃) ပြည်မှ (၅)ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုးကို မင်းလှမြို့စိုက်ပျိုးရေး ဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့်အတွက် မျိုးဖိုးကုန်ကျစရိတ်သက်သာ၍ မြေပြုပြင်ခနှင့် အခြား သွင်းအားစု စရိတ်အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ တစ်ဧကလျှင် ၁၀ တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နေကြာသီးနှံ ပေါ်စအချိန်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ဧကလျှင် အကျိုး အမြတ်အနေဖြင့် ငွေကျပ် ၆ သိန်းခွဲခန့် ရရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် နေကြာတစ်တင်းလျှင် ငွေကျပ်(၇၀၀၀၀)နှင့် နေကြာဆီ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက် အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချသလို နေကြာဆီကိုလည်း ဒေသတွင်းကျေးရွာ များနှင့် မင်းလှမြို့ပေါ်သို့ရောင်းချပါကြောင်း တောင်ဦးကျေးရွာနေ နေကြာစိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးစိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ပန်းတော်ပြင်ကျေးရွာတွင် စီးပွားဖြစ်ဥယျာဉ်ခြံ မြေများနှင့် ယာမြေများတွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြောင်း သိရသည်။

        မျိုးအနေဖြင့် ကီလိုမာလကာ ကိုင်းကူးပျိုးပင်များကို အစိုဓာတ်ကောင်းမွန်စွာ ရရှိသည့် ဇွန်လနှင့် ဇူလိုင်လများတွင်သာမက မြေအောက်ရေကို အသုံးပြု၍လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြလေ့ရှိပြီး စိုက်ပျိုးမှုအနေဖြင့် ပင်ခြား ၁၁ပေ တန်းခြား ၁၂ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၆၀ ခန့် ကုန်ကျကြောင်း၊ ကိုင်းကူးကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး နှစ်လခွဲသားအရွယ်ခန့်တွင် အသီးများကို စတင်သီးနိုင်ပြီး အပင်များကို ပြုစုပေးပါက ကီလိုမာလကာပင်မှာ တစ်နှစ်လျှင် အသီးခူးချိန် (၄)ကြိမ်ခန့် ခူးဆွတ်နိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင်မြင်မှု၊ အပင်သက်တမ်းအကြီး၊ အငယ်အရွယ်အစားပေါ်မူတည်၍ တစ်ကြိမ်လျှင် ကီလိုမာလကာပင်တစ်ပင်အတွက် အလုံးရေ (၃၀ မှ ၄၀)ကြားသီးတက်ကြောင်း၊  တစ်နှစ်အတွက် တစ်ဧကလျှင် ပျမ်းမျှအလုံးရေ ၃၆၀၀၀ လုံးနီးပါးထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကီလိုမာလကာစိုက်တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ်သိန်း(၁၀၀)ခန့် ရရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကီလိုမာလကာသီး လက်ကားဈေး တစ်လုံးလျှင် ငွေကျပ်(၄၅၀)နှုန်းဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ  သရက်-မင်းလှ ကားလမ်းဘေးရှိသစ်သီးဆိုင်များနှင့် မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ တင်သွင်းရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘားအံမြို့ဒေသထွက်ကိုင်းခရမ်းချဉ်သီး ဈေးနှုန်း

          ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် သံလွင်မြစ်ကမ်းနဘေးရှိ ယာခင်းများမှ ဒေသထွက် ကိုင်းခရမ်းချဉ်သီးများ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ယခင် ၂၀၂၄ခုနှစ် ဒီဇင်ဘာ နောက်ဆုံအပတ်တွင် ကိုင်းခရမ်းချဉ်သီး ဈေးနှုန်းမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် ၁၃၀၀၊ ၁၅၀၀ ကျပ်နှုန်းနှင့် ယခုဇန်နဝါရီလ တတိယအပတ်တွင်  ကိုင်းခရမ်းချဉ်သီ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်‌ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိသည်။

          ကရင်ပြည်နယ်ဒေသတွင် ဖြစ်ပေါ်နေသာ ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ဇန်နဝါရီလ တတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကိုင်းခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ရပြီး ယခုလို ကိုင်းခရမ်းချဉ်သီ ဈေးနှုန်းကျရခြင်းမှာ ပွင်းလင်းရာသီဖြစ်၍ စိုက်ခင်းမှ ကိုင်းခရမ်းချဉ်သီးတစ်ပြိုင်တည်း ထွက်ရှိခြင်းနှင့် ရိုးရိုးခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

           ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီဇန်နဝါရီ တတိယအပတ်တွင် ကရင်ပြည်နယ်ဒေသထွက် သကြားပြောင်ဖူးများ အ‌ရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ် သီးနှံသကြားပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားဓာတ်တိုးပစ္စည်း ပျက်စီးမှုကနေအထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင်း  ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူးလျှင် (၈၀၀)ကျပ်၊၁၀ဖူးလျှင် (၆၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း