ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပဲစဉ်းငုံ(မိုးဦး)များအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လ များတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံအပင်များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း ၊ စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-)ကျပ် ခန့်မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ပဲစဉ်းငုံများထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၉၀၀၀၀/-) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း ၊ ပဲစဉ်းငုံကို ပဲဟင်း ၊ ပဲကြော် ၊ ပဲစဉ်းငုံ အသီးကို အစိမ်းပြုတ်၍ စားသုံးကြပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့်ပန်းနာရင်ကြပ်ရောဂါများကိုလည်းပျောက်ကင်းစေသည့်အပြင်သွေးအားနည်းရောဂါ ၊ သွေးတိုးကိုကျစေပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါသည်။ ပဲစဉ်းငုံစားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိသဖြင့် စားသုံးသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်နယ်၏ပဲတီစိမ်း စိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီစိမ်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၈၈၂၃)ဧက စိုက်ပျိုးထားရှိပြီး (၃၂၉၆)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲတီစိမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရှိရပါသည် ။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့်ရေဆင်း(၁၁)မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့(၅-၆)ပြည်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုး ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးရပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင်၊ စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့် ထွက်ရှိ ကြောင်း ၊ ယခင်နှစ် ပဲတီစိမ်း ‌စျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခု အချိန်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ယခင်နှစ်နှင့်ယခုနှစ် စျေးနှုန်းများ နှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာမြင့်တက်လျက်ရှိပါသည်။ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည် ။ အကျိုးအမြတ်အနေဖြင့် (၇၁၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် မြတ်ကြောင်း ၊ တောင်သူများ ပဲတီစိမ်းစိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး၍ အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“ရုံးပတီသီးအကြောင်းသိကောင်းစရာ”

      မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်တောရွာများရှိ တောင်သူများသည် စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ နေကြာစသည့် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ဟင်းသီး ဟင်းရွက်မျိုးစုံ နှင့် သစ်သီးဝလံများကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အများအပြား စိုက်ပျိုးလာကြပါ ကြောင်း၊ ၄င်းသီးနှံများအနက်မှ ရုံးပတီသီး သီးနှံကိုလည်းစိုက်ပျိုးကြပါကြောင်း၊ ရုံးပတီသီးပင်သည် ရာသီမ‌ရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် တွက်ခြေကိုက်၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါကြောင်း ၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ကျောင်းကုန်း ၊ ကလိုင်ကျော် နှင့် အင်ရောင်းကျေးရွာများဖြစ်ပါသည်။ စိုက်ပျိုးသော မျိုးများမှာ ပင်ပုမျိုး ၊ ပင်လတ် မျိုးနှင့်ပင်မြင့်မျိုးများကိုစို က်ပျိုးကြပြီး  (၁)ဧကလျှင် မျိုးစေ့(၁၂) ထုပ်စိုက်ပျိုးရပြီးမျိုးစေ့ (၁)ထုပ် လျှင်(၈၀၀၀-၁၀၀၀၀)ကျပ် ပေးရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၈၀၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျကြောင်း  ၊ စတင်စိုက်ပျိုးပြီး (၆၀-၇၀)ရက်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ပါကြောင်း ၊ ခူးဆွတ်မှုအနေဖြင့် နှစ်ရက်ခြား တစ်ကြိမ်ခူးဆွတ်ပေးနိုင်ပါကြောင်း ၊ သက်တမ်းအနေဖြင့် (၂)လအထိ ခူးဆွတ်ရကြောင်း ၊ စျေးနှုန်း စျေးကွက်အနေဖြင့် လက်ကားစျေးဂျွန် (၁)ပိဿာလျှင် (၁၈၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည့်အတွက်စျေးနှုန်းအတက်အကျရှိနိုင်ပါကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့်ပိဿာ(၁၀၀၀၁၅၀၀)အထိထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၀)သိန်းခန့်မြတ်ပြီး ပွဲစားများမှစိုက်ခင်းထဲများအထိ လာရောက်ဝယ်ယူကြကြောင်း ၊ ရုံးပတီသီး တွင် သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်အပါအဝင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြားသတ္တုဓာတ် များစွာပါဝင်ပါကြောင်း၊ ရုံးပတီသီးသည် အရိုးကျန်းမာရေးအတွက် အရေးပါသလို ကိုယ်တွင်းရှိ အဆစ်အမှေးပါးတွေကိုလည်း ကောင်းမွန်စေပါကြောင်း၊ ရုံးပတီသီးတွင် ပါဝင်သည့်  ပျော်ဝင်နိုင်သည့် အမျှင်ဓာတ်များသည် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာစားချင်စိတ်ကို လျော့ကျစေနိုင်ပါကြောင်း ၊ အချိန်တန်ကြာအောင် အစာခံစေနိုင်တာကြောင့် ကယ်လိုရီစားသုံးမှု ပမာဏကို တိုင်းတာရာမှာ အထောက်အကူပြုစေနိုင်တဲ့အပြင် ကိုယ်အလေးချိန် ကျအောင် လုပ်ဆောင်နေသူတွေအတွက်လည်း သင့်တော်ပါကြောင်း၊ အမျှင်ဓာတ်ပေါများစွာပါဝင်ခြင်းသည် အူမကြီးကင်ဆာဖြစ်ပွားစေရန် အခွင့်အလမ်းနည်းပါးပါကြောင်း၊ သွေးထဲရှိသကြားဓာတ်ကိုထိန်းပေး နိုင်ပြီး Myricetin ဓာတ်ပါဝင်သောကြောင့် သကြားစုပ်ယူမှုပမာဏ နည်းစေသောကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်မျိုးဖြစ်ပါကြောင်း ၊ ရုံးပတီသီး သီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိသည့်အပြင် စားသုံးမှုအတွက် ကျန်းမာစေမည့် ဟင်းစား ရုံးပတီသီး သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

“ကန်စွန်းရွက်ဈေးနှုန်းဈေးကွက်အခြေအနေ”

      ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် မိသားစု စားဝတ်နေရေးအတွက် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြပါသည်။ စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်၊ငရုတ်သီးနှံအပြင် ဆီထွက် သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများကိုလည်း စိုက်ပျိုးကြပါသည်။ ၎င်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ကန်စွန်းပင် ဟင်းသီးဟင်းရွက်ပင်များကိုလည်း စိုက်ပျိုးလာကြပါကြောင်း၊ ကန်းစွန်းရွက် စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ တိုက်ရိုက်အစေ့ချစနစ်ဖြင့်စိုက်ပျိုးကြောင်း ၊ ကန်စွန်း စိုက်ပျိုးရန် တစ်ဧကမျိုးစေ့(၈-၁၀)ထုပ်စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင်(၂၆၅၀၀/-) ကျပ်ပေးဝယ်ရကြောင်း၊ မျိုးစေ့ချအနည်းအများနှင့်စိုက်ဧကပေါ်မူတည်၍ မျိုးစေ့ထုပ် အနည်းအများ ကွာခြားကြောင်း၊ ကန်စွန်းတစ်ဧကကုန်ကျစရိတ်အနေဖြင့်(၅၀၀၀၀၀-၅၅၀၀၀၀/-) ကျပ်ခန့်ကုန်ကျ ကြောင်းသိရှိရပါသည် ။ ကန်စွန်းစိုက်ပျိုးပြီး (၃)ပတ်မှ (၄)ပတ်သားအချိန်တွင် ကန်စွန်းရွက်များ စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ ကန်စွန်းရွက် တစ်ဧကလျှင် အစည်းပေါင်း (၂၀၀၀၀-၂၅၀၀၀) ခန့်အထိ ထွက်ရှိပြီး၊ ကန်စွန်းရွက် လက်ကား (၁)စည်းလျှင် (၇၀/-) ကျပ်၊ လက်လီ(၁)စည်းလျှင် (၁၀၀/-)ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း ၊ ကန်စွန်းရွက်တစ်ဧက အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီးပါက (၇၀၀၀၀၀-၈၀၀၀၀၀) ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း ၊ ကုန်သည် ၊ ပွဲစားများအနေဖြင့် ကန်စွန်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး အမြို့မြို့အနယ်နယ်ရှိ ဈေးများသို့ ပြန်လည်ရောင်းချကြောင်း သိရှိရပါသည် ။ ကန်စွန်းရွက်သည် အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းရွက်ဖြစ်ပါကြောင်း ၊ ကန်စွန်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင် B1 ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ သံဓာတ် ၊ ကယ်ရိုတင်းဓါတ် ၊ ဆိုဒီယမ်စတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိူးများစေသည့် အရွက်တစ်မျိုးဖြစ်ပါကြောင်း ၊ ကန်စွန်းရွက်တွင် ပါဝင်သည့်  ဗီတာမင်အေသည် မျက်လုံး ကျန်းမာရေးအတွက် အထောက်အကူပေးပြီး အချိန်ကြာမြင့်စွာ မျက်လုံးအသုံးပြုနေရသူများ ကွန်ပျူတာနှင့်အလုပ်လုပ်နေရသူများအနေဖြင့် အမြဲတမ်းစားသုံးပေးသင့်ပါကြောင်း ၊ ကန်စွန်းရွက် သည်မြန်မာလူမျိုးတို့၏ ထမင်းပွဲတွင် မပါမဖြစ် ဟင်းတစ်ခွက်ဖြစ်ကြောင်း စားသုံးသူများထံမှသိရှိရပြီး ကန်စွန်းရွက် စိုက်ပျိုးခြင်းအားဖြင့် စီးပွားလည်းဖြစ်ဝင်ငွေလည်းတိုးကြောင်း ကန်စွန်းပင်စိုက်ပျိုးသော တောင်သူဦးကြီးများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

“မိုးကြိုဝါများစျေးကောင်းရရှိ”

      ဝါသီးနှံအား မြန်မာနိုင်ငံတွင် မိုးကြိုရာသီ ၊ မိုးရာသီ နှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုး လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် မိုးကြိုဝါများ ရိတ်သိမ်းပြီးစီးလုနီးပါးရှိပါ သည်။ယခင်နှစ်တွင် မိုးကြိုဝါအား(၁၀၁၀)ဧက စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်(၂၁၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ မိုးကြိုဝါအား ဖေဖော်ဝါရီလ လယ်မှမတ်လအတွင်းစတင်စိုက်ပျိုးပြီး တောင်သူများမှာ Raca နှင့် B 31 မျိုးများကို စိုက်ပျိုးကြ သော်လည်း တောင်သူအများစုမှာ အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသည့် Raca မျိုးကို  အများဆုံး စိုက်ပျိုးကြပါသည် ။ Raca မျိုးကို အချို့ တောင်သူများက ကုမ္ပဏီထံမှ ဝယ်ယူပြီးစိုက်ပျိုးကြသော်လည်း အချို့မှာ ယခင်နှစ် ဝါသီးနှံပေါ်ချိန်တွင် ဝါကောက်ပြီးမျိုးအဖြစ် ပြန်လည်အသုံးပြုကြပါသည်။ ဝါစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ပျိုးထုတ်ဝယ်ယူ၍ စိုက်ပျိုးပါက မျိုးစေ့ထုတ် (၂)ထုတ်ကုန်ကြပြီး ယခင်ဝါသီးနှံပေါ်ချိန်၌ ကောက်ယူထားသော မျိုးစေ့အား အသုံးပြုပါက (၅)ပိဿာခန့် ကုန်ကျကြောင်း ၊ မျိုးစေ့ (၁)ထုတ်လျှင် (၅၀၀၀၀/-)ကျပ်နှင့် မျိုးစေ့ (၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ကုန်ကျကြောင်း ၊ မျိုးစေ့ထုတ်ဖြင့် စိုက်ပျိုးပါက (၁) ဧကလျှင် (၁၀၀၀၀၀/-)ကျပ် ကုန်ကျပြီး ဝါကောက်ပြီး ရယူထားသောမျိုးစေ့ စိုက်ပျိုးပါက (၁)ဧကလျှင် (၂၀၀၀၀/-)ကျပ် ကုန်ကျပါသည် ။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ နွားရှဉ်းခ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၉၀၀၀၀၀-၁၀၀၀၀၀၀)ကျပ်အထိ ကုန်ကျကြောင်း၊ ဝါထွက်ရှိမှု အနေဖြင့် ယခင်နှစ်တွင် ဝါဖြစ်ထွန်းမှုအပေါ်မူတည်ပြီး (၁)ဧကလျှင် ပိဿာ(၈၀၀-၁၀၀၀)အထိ ထွက်ရှိပြီး ဝါစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် စတင်ထွက်ရှိချိန်တွင် (၃၀၀၀-၃၅၀၀)ကျပ် ရရှိ၍ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဝါအရည်အသွေးကောင်းပါက (၄၀၀၀/-)ကျပ်အထိ ရရှိခဲ့ကြောင်း ၊ ယခုနှစ်တွင် စတင်ထွက်ပေါ်ချိန်၌ ဝါ(၁)ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ် စျေးနှုန်းရှိခဲ့ပြီး ယခု စက်တင်ဘာလဆန်းတွင် ဝါအမျိုးအစားပေါ်မူတည်ပြီး (၁)ပိဿာလျှင်(၄၁၀၀-၄၁၅၀)အထိ ဝါစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ဝါစိုက်တောင်သူများအတွက် အကျိုးအမြတ်များ ဖြစ်ထွန်းလာကြောင်း ဝါကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

“လယ်ယာထွက်ကုန်သီးနှံများ၏စျေးနှုန်းစျေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခု ဖြစ်သောကြောင့် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။၄င်းသီးနှံ များအနက် ဆီထွက်သီးနှံဖြစ်သော နှမ်း‌၊မြေပဲ၊နေကြာ စသည့် သီးနှံများမှာ ယခုအချိန်တွင် ရိတ်သိမ်းပြီးစီးပြီဖြစ်၍ အချို့သီးနှံများမှာ စျေးနှုန်းများ ကျဆင်းလျှက်ရှိပါသည် ။ နှမ်းဖြူ တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၂၆၀၀၀/-)ကျပ်ရှိရာမှ သြဂုတ်လ နောက်ဆုံးအပတ်တွင် (၁၀၅၀၀၀/-)ကျပ်၊စက်တင်ဘာလဆန်းပိုင်တွင်(၉၇၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင် ပေါ်ခါစ အချိန်တွင်(၁၀၃၀၀၀/-)ကျပ်ရှိရာ မှ သြဂုတ်လ နောက်ဆုံးအပတ်တွင် (၈၂၀၀၀/-) ကျပ်ရှိပြီး စက်တင်ဘာလဆန်းပိုင်းတွင် ၄င်းစျေးနှုန်းဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ မြေပဲတစ်ပိဿာလျှင် သြဂုတ်လ နောက်ဆုံးအပတ်တွင် (၆၅၀၀-၆၈၀၀)ကျပ် ရှိရာမှ စက်တင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင်(၇၀၀၀/-)သို့လည်းကောင်း၊ နေကြာတစ်တင်း လျှင် သြဂုတ်လလယ်၌ (၅၂၀၀၀/-)ကျပ်ရှိရာမှ နောက်ဆုံးအပတ်တွင် (၄၇၀၀၀/-)ကျပ်သို့ စျေးနှုန်းများကျဆင်းသွားရာ စက်တင်ဘာလဆန်းပိုင်းတွင် တစ်တင်းလျှင်(၅၂၀၀၀/-)ကျပ်သို့ ပြန်လည်မြင့်တက်လာကြောင်း၊သီးနှံစျေးနှုန်းများပြန်လည်မြင့်တက်လာခြင်းမှာ နေကြာဖက်၊ နှမ်းဖက်၊ပဲဖက်စျေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး နေကြာဖက်(၁)ပိဿာ လျှင်ယခင်က(၁၈၀၀/-)ကျပ်ရှိရာမှ ယခုအချိန်တွင်(၂၁၀၀/-)ကျပ်သို့လည်းကောင်း၊ နှမ်းဖက် (၁)ပိဿာလျှင်ယခင်က(၂၄၀၀-၂၅၀၀)ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင်(၂၇၅၀/-)ကျပ်သို့လည်း ကောင်း၊ပဲဖက် (၁)ပိဿာလျှင်ယခင်က(၄၁၀၀-၄၂၀၀)ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင်(၄၈၀၀/-) ကျပ်ဖြင့် ကျောက်ဆည်မြို့ရှိပွဲရုံများအတွင်း ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

 

မြိတ်မြို့ရှိ ငါးစျေးနှုန်းစျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ဒေသခံများမှာ အဓိကအားဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး ဖမ်းဆီးရရှိသော အသားငါးများကို ဒေသရှိစျေးကွက်များနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မြိတ်မြို့အတွင်း ရောင်းချနေသော ငါးစျေးနှုန်းများမှာ ဘီဇင်းတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဘီဇင်းရံကားတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ဘာသီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဇယောတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ် နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ကမ်းဇော်ဆီစျေးနှုန်းစျေးကွက်

        ကမ်းဇော်ပင်သည် နှစ်တရာကျော်အထိရှင်သန်နိုင်သော နှစ်ရှည်ပင်ကြီးဖြစ်ပြီး အဓိကအားဖြင့် အ‌ရှေ့တောင်အာရှနိုင်ငံများဖြစ်သော နီပေါ၊      ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံများတွင် အများဆုံးတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် မြေနိမ့်ချိုင့်ဝှမ်းဒေသများနှင့် ရွံ့နွံပေါများ၍ ရေရရှိသောဒေသများဖြစ်သည့် တနင်္သာရီတိုင်း‌ဒေသကြီးတို့တွင် သဘာ၀အ လျောက်ကျယ်ကျယ်ပြန့်ပြန့်ပေါက်ရောက်လျက်ရှိပါသည်။ ကမ်းဇော်စေ့များသည် နွေရာသီဖြစ်သော မတ်လနှင့် ဧပြီလတို့တွင် အဓိကထွက်ရှိပါသည်။

        ကမ်းဇော်ပင်သည် ဆီထွက်သီးနှံပင်တစ်မျိုးဖြစ်သော်လည်း အလွန်ဆေးဖက်ဝင်သော ကြောင့် ကမ်းဇော်စေ့နှင့် ကမ်းဇော်ဆီများသည် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်ဒေသတွင် ရောင်းချလျက်ရှိသော ကမ်းဇော်ဆီစျေးနှုန်းများမှာ ၂၅ကျပ်သား တစ်ဗူးလျှင် ၁၂၀၀၀၀ကျပ်နှင့် ၅၀ကျပ်သားတစ်ဗူးလျှင် ၂၄၀၀၀၀ကျပ် အထိစျေး ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိဘိလပ်မြေဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်မြို့နယ်တွင် ယခုစက်တင်ဘာလတွင် အိမ်ဆောက် ပစ္စည်းများ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် ဘိလပ် မြေသည် မရှိမဖြစ်သော အရာဖြစ်သည်။ ဘိလပ်မြေကို ပြည်တွင်းဘိလပ်မြေ စက်ရုံများ အပြင် ဝယ်ယူသုံးစွဲကြသည့်အပြင် ပြည်ပဘိလပ်မြေများကိုလည်း ဝယ်ယူသုံးစွဲကြောင်း သိရှိရပါသည်။ 

      မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရောင်းချနေသောဘိလပ်မြေများဖြစ်သည့်  ဆင်နီ တစ်အိတ်လျှင်  (၃၀၀၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ Apacheတစ်အိတ်လျှင် (၂၇၅၀၀)ကျပ်ရှိကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကွမ်းရွက်ဈေးနှုန်း

     ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံး စားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိက ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ယခုအခါ ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း မြိတ်ဒေသရှိကွမ်းရွက်ဈေးနှုန်းမှာ ကျဆင်းနေကြောင်း သိရှိရပါ သည်။ ကွမ်းရွက်ဈေးနှုန်းကျဆင်းရခြင်းသည် လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ ကွမ်းရွက်ကို မိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့် ဆောင်းကာ လများတွင် ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

     ယခု၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ်တွင် ကွမ်းရွက်အချောတစ်စည်းလျှင် (၁၃၀၀) ကျပ်ရှိပြီး ကွမ်းရွက်အကြမ်းတစ်စည်းလျှင် (၁၀၀၀)ကျပ် ရှိကြောင်း ကွမ်းရွက်ရောင်းချသူများထံ မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း