ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းဈေးကောင်းရလျှက်ရှိ

        သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းများ နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျှက်ရှိရာ ဇွန်လကုန်အပတ်တွင် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တင်းလျှင်(၄၀၀၀ဝိ/-)ဖြင့် စတင်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

       သရက်မြို့နယ်မှ ထွက်ရှိသည့် ပဲမျိုးစုံကို မြစ်တစ်ဖက်ကမ်း အောင်လံမြို့ရှိ ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူလျှက်ရှိရာ ယခုဇူလိုင်လ လဆန်းပိုင်းတွင် လက်ရှိဈေးနှုန်းအနေဖြင့် (၈၅၀ဝိ/-) ဈေးမြင့်လာပါကြောင်း၊ (၁)တင်းလျှင်(၄၈၅၀ဝိ/-)ဖြင့် တစ်နေ့လျှင် အိတ်(၂၀-၂၅)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည့်ဖြိုးကြွယ်ဆန်စက်၏ စပါးခွံလောင်စာတောင့်လုပ်ငန်း ဈေးကွက်ရ

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၇.၂၀၂၂)နေ့တွင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုး၏ စပါးခွံ လောင်စာတောင့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပြည့်ဖြိုးကြွယ်ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးက ဆန်စက် လုပ်ငန်းမှ ထွက်ရှိလာသော စပါးခွံများသည် စွန့်ပစ်ပစ္စည်း မဖြစ်စေရန်အတွက် ရန်ကုန်ဘုရင့်နောင် ရှိ မျိုးမြတ်မွန် ကုမ္ပဏီလီမီတက် (ပြည်တွင်းပြည်ပ) မှထုတ်လုပ်သော စက်တစ်လုံးလျှင် သိန်း(၅၀) ခန့်ရှိသည့် စပါးခွံလောင်စာတောင့်စက်ဖြင့် စပါးခွံ (၂)တင်း တစ်အိတ် လောင်းထည့်လျှင် စပါးခွံ လောင်စာတောင့် (၄)ပိဿာခန့်ထွက်ရှိသည်။ စက်(၄)လုံးဖြင့် (၂၄)နာရီ တစ်ရက်လျှင် အချိန်ပိဿာ (၂၀)၊ အိတ်(၃၀၀)ခန့် ထွက်ရှိပြီး ပိဿာချိန်(၂၀) တစ်အိတ်လျှင် (၃၀၀၀)ကျပ်ဖြင့် ဖျာပုံမြို့၊ ပင်လယ်ရေလမ်းကြောင်းနှင့် မြန်အောင်မြို့ရှိ ရေနံချက်ဖိုများသို့ တင်ပို့ရောင်းချရပြီး ဈေးကွက် ဝယ်လိုအား ရရှိနေသော လုပ်ငန်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပဲခူးတိုင်း၏ မေလနှင့် ဇွန်လ ဘိလပ်မြေစျေးနှုန်း အခြေအနေ

         ပဲခူးတိုင်းရှိ  ဘိလပ်မြေ ဈေးနှုန်းများအနေဖြင့်  မေလတွင် ကြံနှစ်ကောင် (နီ) တစ်အိတ်လျှင် ၉၀၀၀ကျပ်၊ ကြံနှစ်ကောင် (စိမ်း) တစ်အိတ်လျှင် ၈၃၀၀ကျပ်၊ ထိုင်းဆင် တစ်အိတ်လျှင် ၇၆၀၀ ကျပ်၊ မြန်မာဆင် တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်၊ ALPHA တစ်အိတ်လျှင်  ၈၇၀၀ ကျပ်၊ Apache တစ်အိတ်လျှင်  ၈၇၀၀ ကျပ်၊ Blue Diamond  တစ်အိတ်လျှင်  ၉၈၀၀ ကျပ်၊ Rhino  တစ်အိတ်လျှင်  ၇၈၀၀ ကျပ်၊ Max  တစ်အိတ်လျှင်  ၇၀၀၀ ကျပ် ဖြစ်ပြီး ဇွန်လတွင် ကြံနှစ်ကောင် (နီ) တစ်အိတ်လျှင် ၇၈၀၀ကျပ်၊ ကြံနှစ်ကောင် (စိမ်း) တစ်အိတ်လျှင် ၇၆၀၀ကျပ်၊ ထိုင်းဆင် တစ်အိတ်လျှင် ၇၅၀၀ ကျပ်၊ မြန်မာဆင် တစ်အိတ်လျှင် ၉၆၀၀ ကျပ်၊ ALPHA တစ်အိတ်လျှင်  ၈၉၀၀ ကျပ်၊ Apache တစ်အိတ်လျှင်  ၇၅၀၀ ကျပ်၊ Blue Diamond  တစ်အိတ်လျှင်  ၇၅၀၀ ကျပ်၊ Rhino  တစ်အိတ်လျှင်  ၇၆၀၀ ကျပ်၊ Max  တစ်အိတ်လျှင်  ၈၀၀၀ ကျပ် ဖြစ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး မေလနှင့် ဇွန်လစျေးနှုန်းများ နှိုင်းယှဉ်ပါက အတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ရွှေကျင်နှင့်ညောင်လေးပင်မြို့နယ်ရှိ ဓာတ်မြေသြဇာ ဈေးနှုန်းဈေးကွက် အခြေအနေ

            ရွှေကျင်မြို့ရှိ  ဓာတ်မြေသြဇာဈေးနှုန်းများအနေဖြင့်  ယခုဇူလိုင်လဆန်းပိုင်းတွင် ပုလဲ ဓာတ်မြေသြဇာ (ကောမတ်)  50 kg တစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ပုလဲ ဓာတ်မြေသြဇာ (ရွှေလယ်တော)  50kg  တစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ကွန်ပေါင်း ဓာတ်မြေသြဇာ (ကျွဲမင်း) 50kg တစ်အိတ်လျှင်  ၇၅၀၀၀ ကျပ်၊ ပိုတက်ဓာတ်မြေသြဇာ ( GBS  ပိုတက်)   50kg တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ပိုးသတ်ဆေး (အဆီဖိတ်)  1kg တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ပိုးသတ်ဆေး (ပန်ဒန်)      250g တစ်အိတ်လျှင် ၁၆၀၀၀ ကျပ် ၊ ပိုးသတ် ဆေး (ဂလန်း)      250g တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇွန်လ စတုတ္ထပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများအတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

          ထို့အတူ ညောင်လေးပင်မြို့နယ်တွင် ယခုဇူလိုင်လဆန်းပိုင်းတွင် ကွန်ပေါင်း (ရွှေနဂါး)   50kg တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ပုလဲသာ (ရွှေနဂါး)   50kg  တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ)  50kg တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဖျူရာဒါန် (သြဘာ)  500g တစ်ထုပ်လျှင် ၆၀၀၀ ကျပ်၊ သြဘာနွယ်စုံ (သြဘာ) ၁ လီတာ ၁ ဘူးလျှင် ၃၀၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇွန်လ စတုတ္ထပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများ အတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်၏ စပါး၊ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

               သနပ်ပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် ဇွန်စတုတ္ထပတ်တွင် နွေစပါး ပေါင်(၅၀)တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀ ကျပ်၊ မိုးစပါးပေါင် (၅၀) တင်း ၁၀၀ လျှင် ၁၀၀၀၀၀ကျပ် ဖြစ်ပြီး၊ ဆန်(၁၀၈) ပေါင် တစ်အိတ်လျှင် ၃၃၅၀၀ ကျပ်၊ ဆန်ကွဲ (၁၀၈) ပေါင် တစ်အိတ်လျှင် ၂၉၀၀၀ ကျပ် ၊ ဖွဲနုပေါင် (၆၀) တစ်အိတ်လျှင် ၁၅၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ် ဖြစ်မှုအနေဖြင့် သနပ်ပင်မှ ရန်ကုန်သို့ နေ့စဉ် တင်ပို့မှုရှိနေကြောင်း သိရှိရပါသည်။

          ထို့အတူ ဒိုက်ဦးမြို့နယ်အနေဖြင့် ဇွန်စတုတ္ထပတ်တွင်  နွေစပါး (ဆင်းသုခ) ပေါင် (၅၀) စပါး တင်း ၁၀၀ လျှင် ၈၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်၊ ဆန်ကွဲကြီး ၁ အိတ်လျှင် ၂၉၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၂၈၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ်လျှင် ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေ

             မြန်မာနိုင်ငံသည်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သောနိုင်ငံတစ်နိုင်ငံဖြစ်သည် နှင့်အညီ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့်ဟင်းသီးဟင်းရွက်သစ်သီးဝလံတို့ကိုစိုက်ပျိုးကြပါသည်။ ယင်းအပြင် တောင်သူများသည် ပြည်ပပို့ကုန်တစ်မျိုးဖြစ်သော အစေ့ထုတ်ပြောင်းများကိုလည်း တစ်နှစ်လျှင်နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးလာကြသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ ပြောင်း စိုက်ပျိုးထုတ်လုပ်သော တောင်သူများသည်လည်း ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဝယ်လိုအား မြင့်တက်နေသော အစေ့ထုတ်ပြောင်းများကို နှစ်စဉ်တိုးတက်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းဝင်များအား GACC ကုမ္ပဏီနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် အစေ့ထုတ်ပြောင်းများကို နယ်စပ်ကုန်သွယ်ရေးစခန်း များရှိရာ လမ်းကြောင်းမှ တရားဝင်တင်ပို့နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

               ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အစေ့ထုတ်ပြောင်းများကို နေရာအနှံ့အပြားစိုက်ပျိုးကြပြီး မိုင်း ယန်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့်မိုင်းယောင်းမြို့နယ်တို့တွင် ဧကအများအပြားစိုက်ပျိုးကြသည်ကို တွေ့ရပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် အစေ့ထုတ်ပြောင်းများကို မိုးပြောင်းနှင့်ဆောင်း ပြောင်းနှစ်သီးစိုက်ပျိုးပြီး နှစ်အလိုက်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ အောက်ဖော်ပြပါဇယား အတိုင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်-

စဉ်

ခုနှစ်

မိုးပြောင်း(ဧက)

ဆောင်းပြောင်း(ဧက)

ဧကပေါင်း

အထွက်(တင်း)

၂၀၁၉-၂၀၂၀

၃၁၀၃၀

၆၅၁၃

၃၇၅၄၃

၂၂၃၄၅၇၂

၂၀၂၀-၂၀၂၁

၃၁၂၅၂

၆၄၅၅

၃၇၇၀၇

၂၂၄၉၁၀၀

၂၀၂၁-၂၀၂၂

၃၁၄၁၀

၆၄၉၄

၃၇၉၀၄

၂၂၈၂၂၂၃

          အစေ့ထုတ်ပြောင်းများကိုစိုက်ပျိုးရာတွင် ရှေးဦးစွာမြေကိုပြုပြင်ပြီး မျိုးစေ့ချစိုက်ပျိုးရသည်။ ပင်ကြားတန်းကြား ၁ပေမှ ၂ပေအကွာကြား စိုက်ပျိုးပြီး (၇)ရက်ခန့်အတွင်း အပင်စုံ၍ ရက်(၂၀)ခန့် တွင် တစ်ကြိမ်၊ (၄၅)ရက်ခန့်တွင်တစ်ကြိမ် ပေါင်းသတ်ဆေးဖြန်းရသည်။ အပင်အားဆေး (ရွက်ဖြန်း မြေဩဇာ)ကို (၃၀)ရက်သားခန့်တွင် တစ်ကြိမ်(၆၀)ရက်သားခန့်တွင်တစ်ကြိမ် ဖြန်းပေးရသည်။ စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၁၂၀)ခန့်တွင် ရိတ်သိမ်းနိုင်ပါသည်။ ထိုင်းနိုင်ငံမှတင်သွင်းသော စပ်မျိုး များကို မှာယူစိုက်ပျိုးပြီး မျိုးစေ့(၁၀)ကီလိုတစ်အိတ်လျှင် ကျပ်၃၀၀၀၀ဖြင့် ဝယ်ယူစိုက်ပျိုးသည်ဟု သိရပါသည်။ ထိုင်းနိုင်ငံမှတင်သွင်းသော အစေ့ထုတ်ပြောင်းမျိုးစေ့များမှာ အပင်ပေါက်အားကောင်း ပြီး ပြောင်းပင်တစ်ပင်လျှင် အဖူး နှစ်ဖူးမှသုံးဖူးထိ ထွက်ရှိကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် အများဆုံးအသုံးပြုသော အစေ့ထုတ်ပြောင်းမျိုးများမှာ ထိုင်းနိုင်ငံမှတင်သွင်းသော F888(အနီ)၊ F888(အပြာ)တံဆိပ်တို့ ဖြစ်ပါသည်။

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် မိုးပြောင်းများကို ဧပြီလမှဇွန်လထိ မြေအစိုဓာတ်စတင် ရရှိချိန်တွင် စိုက်ပျိုးကြပြီး ဆောင်းပြောင်းများကို စက်တင်ဘာလမှနိုဝင်ဘာလအတွင်း မြေအစိုဓာတ် မကုန်ခင်စတင်စိုက်ပျိုးကြသည်ဟု သိရပါသည်။ အစေ့ထုတ်ပြောင်းတစ်ဧကစိုက်ပျိုးကုန်ကျ စရိတ် မှာ ၄၅၀၀၀၀ကျပ်ခန့်ရှိပြီး အထွက်နှုန်းမှာ တင်း၆၀ကျော်ထွက်ကာ အကျိုးအမြတ်အနေဖြင့် ၄၀၀၀၀၀ကျပ်ခန့်ရရှိကြောင်း၊ ယခင်နှစ်ကအစေ့ထုတ်ပြောင်း ၅၀ကီလိုဝင်တစ်အိတ်လျှင် (၂၄၀၀၀) ကျပ်ရရှိပြီး ယခုနှစ်တွင်၅၀ကီလိုဝင်တစ်အိတ်လျှင်(၂၈၀၀၀)ကျပ်ရရှိသည်ဟု မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ယခုနှစ်မိုးပြောင်းများကို စိုက်ပျိုးပြီးစီး ပြီဖြစ်သော်လည်း လုပ်သားခ၊ မျိုးစေ့ဖိုးနှင့် သွင်းအားစုဈေးနှုန်းများ မြင့်တက်လာသောကြောင့် အစေ့ထုတ်ပြောင်းပေါ်ချိန်တွင် ဈေးကောင်းရရှိမှ အကျိုးအမြတ်ကျန်မည်ဖြစ်ကြောင်းကိုလည်း ပြောင်းစိုက်တောင်သူများထံမှ သိရပါသည်။

           ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသများမှထွက်ရှိသော ပြောင်းများကို တာချီလိတ်မြို့နယ်၊ ဟောင်လိတ်စက်မှုရပ်ကွက်ရှိ ရွှေကောင်းကင်တိရိစာ္ဆန်အစားအစာစက်ရုံမှ ဝယ်ယူသကဲ့သို့ ဒေသ တွင်းကြက်၊ ဝက်တစ်ပိုင်တစ်နိုင် မွေးမြူသူများမှာလည်း ဝယ်ယူအသုံးပြုကြသည်။ ကုန်သွယ်မှု အနေနှင့် ရှမ်းပြည်နယ်မှထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တာချီလိတ်မြို့၊ နယ်စပ်ကုန်သွယ် ရေးစခန်း (မယ်ယန်း)မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)မှ တင်ပို့ သကဲ့သို့ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချကြ သည်ဟု သိရပါသည်။ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တာချီလိတ်(မယ်ယန်း)ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ ၃၄၄၀၅၈.၈တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁၆.၅၄သန်း ရှိပြီး မိုင်းခတ်-မိုင်းယန်း-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ ၁၁၉၃၁.၅တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၅၂သန်းရှိခဲ့သည်။ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မေလထိ တာချီလိတ်(မယ်ယန်း)ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့မှုမှာ ၁၅၅၆၂၀တန်၊ တန်ဖိုး ၃၆.၈သန်းရှိခဲ့သည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါသည်။

          သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ ပြောင်းစိုက်တောင်သူများသည် အစေ့ထုတ် ပြောင်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိနေပြီး နိုင်ငံတော်အတွက်လည်း ပြည်ပပို့ကုန် တိုးတက်ပို့ဆောင်နိုင်ကာ နိုင်ငံခြားဝင်ငွေရရှိနေပါကြောင်းနှင့် မိုးပြောင်းရိတ်သိမ်းချိန်တွင်လည်း ပြောင်းစိုက်တောင်သူများ ပြောင်းဈေးကောင်းရရှိရန်မျှော်လင့်နေပါကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့ကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်းပြည်နယ်)

အရောင်းအဝယ်အေးနေတဲ့ ဂျင်းဈေး

           ရှမ်းပြည်နယ်(အရှေ့ပိုင်း) သည် တိုင်းရင်းသားလူမျိုးများစွာရှိပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်စားသောက်နေထိုင်ကြပါသည်။ မြေပြန့်လွင်ပြင်များတွင် စပါးကိုအများဆုံးစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို တောင်ကုန်း၊ တောင်စောင်းများနှင့် လူနေထိုင်ရာခြံဝင်းများတွင် စိုက်ပျိုးကြပါသည်။ ကျိုင်းတုံမြို့မှ (၂၁)မိုင်ခန့်ကွာဝေးသော လွိုင်မွေမြို့သည် စားဖိုဆောင်သီးနှံ အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၅၅၄၂)ပေတွင် တည်ရှိသည့် တောင်ပေါ် ဒေသဖြစ်ကာ ရှမ်း၊ လားဟူ၊ အာခါ လူမျိုးအများစုနေထိုင်ကြပါသည်။

          လွိုင်မွေမြို့သို့ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၂)ရက်နေ့တွင် လွိုင်မွေအုပ်စု၊ ဟိုလပ် အာခါကျေးရွာသို့သွားရောက်၍ တောင်သူ ဦးအားကျိနှင့် တွေ့ဆုံကာ စားဖိုဆောင်သီးနှံဖြစ်သည့် ဂျင်းစိုက်ပျိုးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။ လွိုင်မွေဒေသတွင် ဂျင်းကိုနှစ်စဉ် မတ်လတွင်အများဆုံးစိုက်ပျိုးလေ့ရှိကြပါသည်။  ဂျင်းဈေး ကောင်းလျှင် စိုက်ပျိုးပြီး (၃)လအကြာ ဂျင်းအပင်ပေါက်လျှင် စိုက်ပျိုးထားသည့် ဂျင်းကို ပြန်လည်တူးဖော်၍ အပင်ပေါက်လာသည့် အတက်များကို ချိုး(ခုတ်)ကာ အသစ်စိုက်ပျိုး၍ တူးဖော်ထားသည့် ဂျင်းအဟောင်းများကို ရောင်းချလေ့ရှိပါသည်။ ဂျင်းအသစ်ကို စိုက်ပျိုးပြီး (၁၀)လအကြာတွင် တူးဖော်ရောင်းချကြပါသည်။

          ဂျင်း ဧကတစ်ဝက်ခန့် စိုက်ပျိုးမည်ဆိုပါက အပင်အကွာအဝေးပေါ်မူတည်ပြီး ဂျင်းမျိုး (၄၀)ခြင်း ခန့် စိုက်ပျိုးရကြောင်း၊ တစ်ခြင်းလျှင် (၁၀)ပိဿာခန့်ရှိပြီး ဧကတစ်ဝက်ခန့်စိုက်လျှင် မျိုးပိဿာ (၄၀၀) ခန့် စိုက်ပျိုးရကြောင်းသိရှိရပါသည်။ သွင်းအားစုများအနေဖြင့် နွားချေး၊ ကျွဲချေး အိတ်(၃၀)ခန့်ထည့် ရကြောင်း၊ နွားချေး တစ်အိတ်လျှင် (၁၅၀၀)ကျပ်ပေးရကြောင်း၊ မြေပြုပြင်ခ၊ စိုက်ပျိုးခ၊ ပေါင်းရှင်းခ၊ တူးဖော်ခများအဖြစ်စုစုပေါင်းကျပ် (၅)သိန်းခန့် ကုန်ကျကြောင်း၊ ဂျင်းမျိုးခမှာ ပုံမှန်မရှိပဲ ယခင်နှစ်က တစ်ပိဿာကျပ် (၁)ထောင်ကျော်ရှိကြောင်း၊ ယခုနှစ်တွင်ဂျင်းဈေး တစ်ပိဿာ(၅၀၀)ကျပ်သာရှိသည့် အတွက် ဂျင်းမျိုးဖိုးကုန်ကျမှုနည်းပါးကြောင်း သိရှိရပါသည်။

          အခြားသီးနှံများနှင့် နှိုင်းယှဉ်လျှင် ဂျင်းသည် ပိုးသတ်ဆေး၊ မြေဩဇာများကျွေးရလေ့မရှိကြောင်း လည်းသိရှိရပါသည်။ ဂျင်းများရင့်၍ ပြန်လည်တူးဖော်သည့်အခါ မျိုးတစ်ခြင်းလျှင် ဂျင်းအသစ် (၈)ခြင်း ခန့်တူးဖော်ရရှိသည့်အတွက် ဧကတစ်ဝက်ကို ဂျင်းမျိုး (၄၀၀)ပိဿာခန့်စိုက်လျှင် ဂျင်းသစ် (၃၂၀၀) ပိဿာခန့် ထွက်ရှိပြီး ထွက်ရှိသည့်ဂျင်းများကို ကျိုင်းတုံဈေးကွက်သို့ ရောင်းချကြောင်းသိရှိရပါသည်။

          ယခင်နှစ်က ဂျင်းဈေးကောင်း၍ တစ်ပိဿာ (၁)ထောင်ကျပ်ခန့် ရောင်းချရသည့်အတွက် အကျိုး အမြတ်များသော်လည်း ယခုနှစ်ဂျင်းဈေးကျ၍ တစ်ပိဿာ (၅၀၀)ခန့်သာရှိပြီး ယခင်နှစ် တူးဖော်ပြီးဂျင်း များပင် လက်ကျန်များရှိနေသေးကြောင်းသိရှိရပါသည်။ ကျေးလက်နေ အာခါတောင်သူများအတွက် ဂျင်းဈေး များပြန်လည်ကောင်မွန်လာစေရန် မျှော်လင့်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

             အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ (၁)ရက်နေ့မှ ဇူလိုင် လ (၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၃၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၂၀၀ မှ ၁၉၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၁၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၃၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၉၄၈၆၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၃၈၀၀)ကျော်၊ ဗူးသီးအလုံး ပေါင်း (၃၄၁၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၂၂၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၄၂၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၃၁၂၆၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၇၀၈၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၅၈၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၂၈) ရက်နေ့မှ ဇူလိုင်လ (၄)ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီး(အနီ)ဂျပ်ဖာ အလုံးကြီး ၁၈ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၉၀၀၀ ၊ တပ်ကုန်း၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၂၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မော်လမြိုင်၊ တိုက်ကြီး မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၅၀၀၊ အလုံးသေး ကျပ် ၁၂၀၀ မှ ၁၀၀၀၊ ၈၀၀ မှ ၅၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး ကျပ် ၄၀၀ မှ ၃၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံးသေး ကျပ် ၂၀၀ မှ ၁၀၀၊ မန္တလေး(ပေါ်တော်မူ) မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံးကြီး ၉၀ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၁၁၀ ပါကျပ် ၁၂၀၀၀၊ အလုံးသေး သေတ္တာ အလုံး  ၁၂၀ ပါ ကျပ် ၁၀၀၀၀၊ မန္တလေး(ပေါ်တော်မူ) မှ သရက်သီး (ရင်ကွဲ) (အိတ်စွပ်)အလုံးကြီး သေတ္တာ အလုံး ၉၀ လုံးပါ ကျပ် ၂၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၁၁၀ ပါကျပ် ၁၇၀၀၀၊ မန္တလေး(ပေါ်တော်မူ) မှ သရက်သီး (မချစ်စု) (အိတ်စွပ်) အလုံးကြီး သေတ္တာ အလုံး ၇၀ လုံးပါ ကျပ် ၃၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၉၀ ပါကျပ် ၂၇၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၆၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၆၅၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

             

                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း