ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်မြို့နယ်ရှိ စည်းလုံချည် စျေးကွက်နှင့် ပြည်ပန်းတိမ်မနိုင်ပန်းဈေးကွက်

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကြာနီကန်ရပ်ကွက်၊ အညာစုလမ်းတွင် ရွှေတောင်စည်းလုံချည်များ ရက်လုပ်ရောင်းချလျှက်ရှိရာ ထိုအလုပ်ရုံမှ ရွှေတောင် စည်းချည်ထည်ရက်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများကို မန္တလေးမြို့မှ ဝယ်ယူ၍ ရက်လုပ်သည်ဟု သိရပါသည်။ ရွှေတောင် စည်းလုံချည်ရက်လုပ်ရာတွင် အဓိကလိုအပ်သော (၂/၈၀)ချည်အမျိုးအစား (၁၀)ပေါင် ထုတ်တွင် အခင် (၄၀)ပါ တစ်ထုတ်လျှင် ၈၁၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ ရက်လုပ်ရပါသည်။ ထွက်ရှိလာသော ရွှေတောင်စည်းလုံချည် ချည်ချောများကို ရန်ကုန်မြို့၊ နေပြည်တော်နှင့် အင်းမမြို့ များသို့ ဖြန့်ဖြူးရောင်းချပြီး ဈေးနှုန်းအနေဖြင့် ဝမ်းဆက်တစ်စုံစာလျှင် ၁၃၀၀၀ကျပ်၊ လုံချည်တစ်ကွင်းလျှင် ၇၀၀၀ကျပ်ဖြင့် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရပါသည်။

          တဖန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ နှစ်စဉ်ရာသီချိန်ဘုရားပန်းဖြစ်သော ပန်းတိမ်မနိုင်ပန်းများမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းပြီး ရောင်းအားလည်းကောင်းပါသည်။ ပန်းတိမ်မနိုင်ပန်းများကို ပြည်မြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ပန်းတောင်း မြို့နယ်များမှ အများဆုံးတင်သွင်းရောင်းချပြီး စိုက်ပျိုးသူများတွက်ခြေကိုက်သောပန်း ဖြစ်ပါသည်။ ပန်းတိမ် မနိုင်ပန်းဈေးများမှာ ပန်းအကြီးအသေးပေါ်မူတည်ပြီး ဈေးကောင်းလျက်ရှိပါသည်။ ပန်းတိမ်မနိုင် အသေးတစ်ခိုင်လျှင် ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိဈေးရှိပြီး ပန်းအကြီး တစ်ခိုင်လျှင် ၅၀၀ကျပ်ထိရှိ၍ ဈေးကောင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

                                               

ပြည်ပုဇွန်ခြောက်ဈေးကွက်

              ပြည်မြို့တွင်ရောင်းချနေသော ပုဇွန်ခြောက်များမှာ ရခိုင်ဘက်မှလာသော ပုဇွန်ခြောက်များ ရှိသလို ပုသိမ်ဘက်မှလာသော ပုဇွန်ခြောက်များလည်းရှိကြောင်းတွေ့ရှိရပါသည်။ ယခုလို မိုးရာသီ အချိန်တွင် အသား၊ ငါးများပေါများသော်လည်း ပုဇွန်ခြောက်ကတော့ ပုံမှန် အရောင်းအဝယ် ဖြစ်နေပါသည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ဝင်သည့်ဒေသပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြား ပါသည်။ ဈေးနှုန်းအနေဖြင့် အရည်အသွေးကိုလိုက်၍ ကွာခြားလျှက်ရှိပြီး ယခုတစ်ပတ်တွင် ပုဇွန်ခြောက် အကောင် ကြီးရှယ် တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၆၅၀၀၀ကျပ်နှင့် အသေး တစ်ပိဿာလျှင် ၅၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ပုဇွန်ခြောက် အသေး (ကြပ်တင်ခြောက်)များအနေဖြင့်  တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လှောင်မန်ကျည်းမှည့်များဒေသတွင်းသာ အရောင်းအဝယ်ရှိပြီး ဈေးငြိမ်ပြီးအဝင်များလာသော ပြည်ချင်း

            ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် လှောင်မန်ကျည်းမှည့် လက်ကားသမားများသာ ဒေသတွင်းအရောင်းအဝယ်ရှိနေသည်ကို တွေ့ရပါသည်။ မန်ကျည်းမှည့်ပွဲရုံများတွင် မန်ကျည်းမှည့် တစ်ပိဿာဈေးမှာ (အသား) ၃၅၀၀ကျပ်နှင့် အစေ့ပါ(ကတုံး)ကို ၁၇၀၀ကျပ်ဖြင့် ရောင်းချနေပြီး လက်လီဈေးမှာ (အသား)ဈေးတစ်ပိဿာ ၄၀၀၀-၄၂၀၀ ကျပ်ဈေးဖြင့် ရောင်းချနေပြီး ဈေးကွက်များတွင် အစေ့ပါ မန်ကျည်းမှည့်ကို ရောင်းချခြင်းမရသည်ကို တွေ့ရပါသည်။ ယခုတစ်ပတ်အတွင်း မန်ကျည်းမှည့် ပိဿာချိန် ၄၀၀ကျော် အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရှိရပါသည်။

          ယခုတစ်ပတ်၊ ပြည်ချင်းပွဲရုံများသို့ ချင်းဝင်ရောက်မှုအနည်းငယ်ပိုများလာသည်ဟု သိရှိရပါသည်။ ဈေးကွက်တွင် အရောင်းအဝယ်အနေဖြင့်  နေ့စဉ်အိတ် ၄၀/၅၀ထိ အရောင်းအဝယ် ဖြစ်နေပါ သည်။ ဒေသတွင်း ဒါးလှီးချင်း(ဖတ်)သမားတို့နှင့် လက်လီအရောင်းသမားတို့ အဝယ်ရှိနေပြီး နယ်အဝယ် နည်းနေသည်ဟု သိရှိရပါသည်။ ယခုဇွန်လ နောက်ဆုံးပတ်တွင် ချင်းအိတ်စွဲဈေး တစ်ပိဿာလျှင် ၈၀၀/၉၀၀ ကျပ်ဈေးနှင့် သန့်ပြီးချင်းတက်ဈေးမှာ ၁၀၀၀-၁၅၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် ၁၇၀၀ကျပ်ဈေး ဖြစ်ပြီး ဒါးလှီးချင်းဖတ် တစ်ပိဿာဈေးမှာ ၁၇၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်ဖြူ အရောင်းအဝယ်အေးလျှက်ရှိ

       ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် ၊ တောင်ကြီး၊ အောင်ပန်းမှ ကြက်သွန်ဖြူများ ရက်ခြား အဝင်ရှိနေကြောင်း၊ တစ်ရက်လျှင်အိတ် ၁၅၀/၂၀၀ခန့် အဝင်ရှိနေပြီး ပွဲရုံများတွင် ကြက်သွန်ဖြူ လျော့နည်းခြင်း၊ ပြတ်လတ်ခြင်းများ မရှိပါကြောင်းနှင့် ကြက်သွန်ဖြူများ အဝင်မရှိသည့်အတွက် ဈေးကြီးမြင့်မှုမရှိဘဲ လက်လီဝယ်ယူသူများအတွက် သင့်တင့်သော နှုန်းထားဖြင့် ရောင်းချနိုင်မှုရှိ ကြောင်းတွေ့ရှိရပါသည်။ ယခုရက်ပိုင်းတွင် ဒေသတွင်း လက်လီဝယ်ယူသူများရှိသလို ဧရာဝတီတိုင်းမှလည်း အဝင်ရှိကြောင်း သိရှိရပါသည်။ ဧရာဝတီတိုင်းသို့ တစ်ပတ်လျှင် အိတ် ၅၀မှ အိတ် ၁၅၀ အတွင်း တင်ပို့ရောင်းချလျှက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကား (ပွဲရုံဈေး) ရှမ်းစ တစ်ပိဿာလျှင် ၂၈၀၀-၃၀၀၀-၃၂၀၀ ကျပ် ၊ ကြူကုတ် တစ်ပိဿာလျှင် ၃၀၀၀-၃၂၀၀ ကျပ်ဖြင့်လည်းကောင်း၊ လက်ကားဈေးအနေဖြင့် ရှမ်းစတစ်ပိဿာလျှင် ၃၅၀၀ကျပ် ၊ ကြူကုတ် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဈေးဖြင့် ယခင်ရက်များထက် ကြက်သွန်ဖြူအရောင်းအဝယ်အေးလျှက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုနည်းပြီး  ရှမ်းအာလူးများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်

            ယခုတစ်ပတ်တွင် ကြက်သွန်နီသီးနှံအနေဖြင့် ပြည်ဈေးကွက်သို့ ဝင်ရောက်မှု နည်းသွားကြောင်း သိရပါသည်။ ဆိပ်ဖြူ၊ ရေနံချောင်း၊ ပခုက္ကူဘက်မှ ကြက်သွန်နီများ ယခင်ပိဿာ(၃၀)ဝင် အိတ် ၄၀၀ကျော်ခန့် အဝင်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် အိတ်၂၀၀ ပတ်လည်ခန့်သာ ဝင်ရောက်မှုရှိ တော့ကြောင်း သိရပါသည်။ ဈေးနှုန်းမှာမြင့်တက်နေပြီး အရောင်းအဝယ်အေးနေသည့်အတွက် ပွဲရုံလုပ်ငန်းရှင်များမှ မှာယူရောင်းချမှု နည်းသွားသဖြင့် ဝင်ရောက်ရောင်းချမှု နည်းရခြင်းလည်း ဖြစ်ပါသည်။ ဈေးနှုန်းများအနေနှင့် ပွဲရုံလက်ကားဈေး တစ်ပိဿာကို ကြီး/လတ်/သေး ကျပ် ၁၉၀၀-၁၈၀၀-၁၇၀၀/၁၆၀၀ တို့ရှိပြီး လက်လီဈေး အသေးများတွင် ကြီး/လတ်/သေး ကျပ် ၂၂၀၀/၂၁၀၀-၂၀၀၀/၁၉၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှု ရှိနေကြပါသည်။

          ပြည်ခရိုင်အတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမှ အဝင်ရှိသော ရှမ်းအာလူးများရှိသလို မန္တလေးမှတစ်ဆင့် ဝင်ရောက်လာသော တရုတ်အာလူးများလည်း ရှိပါသည်။ ယခုရက်ပိုင်းတွင် ရှမ်းအာလူးများသာ အဝင်ရှိပြီး တစ်ခါဝင်လျှင် အိတ် ၂၀၀နီးပါး အဝင်ရှိကြောင်းနှင့် တရုတ်အာလူးများမှာ ကုန်သွယ်မှုလမ်းကြောင်းအခြေအနေအရ ပြည်ဈေးကွက်သို့ ဝင်ရောက်မှု မရှိကြောင်း သိရပါသည်။ တရုတ်အာလူးများအဝင်မရှိသည့်အတွက် ရှမ်းအာလူးများဖြင့်သာ အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး တစ်ပတ်လျှင် အိတ် ၅၀မှ ၁၀၀ အတွင်း ဒေသတွင်းလက်လီဝယ်ယူသူများ အာလူးကြော်လုပ်ငန်းရှင်များဖြင့် ပုံမှန်အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ယခုတစ်ပတ် အာလူး တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၉၀၀-၂၀၀၀-၂၁၀၀ဖြင့် လည်းကောင်း၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၄၀၀ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲကြီးအရောင်းအဝယ်ဖြစ်ပြီး ဈေးကောင်းရနေသလို မတ်ပဲသီးနှံဈေး တရိပ်ရိပ်တက်လျှက်ရှိ

          ပြည်ပဲဈေးကွက်အတွင်း ဈေးကောင်းလည်းရသလို နေ့စဉ်လည်း အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဒေသတွင်းစားသုံးမှုလည်းများ၍ လက်လီလက်ကား ဝယ်ယူမှုရှိသော ပဲသီးနှံမှာ ပဲကြီးသီးနှံ ဖြစ်ပါသည်။ ပဲကြီးသီးနှံမှာ ဈေးကွက်အတွင်း ဈေးကောင်းရနေသောကြောင့် (ရွှေကျွန်း) တစ်တင်း ၇၅၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၇၀၀၀၀ကျပ်တို့ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိက ဝယ်ယူနေသလို ရန်ကုန်လိုင်းသမားအချို့လည်း တစ်ခါတစ်ရံ အဝယ်ရှိကြောင်း သိရပါသည်။ ပဲကြီးသီးနှံမှာ နှစ်စဉ်လိုလို ဈေးကောင်းရခဲ့ပေမယ့် ယခုနှစ်မှာတော့ ပြည်ပဝယ်လိုအားရှိသော  သီးနှံများထက်ပင် ဈေးသိသိသာသာ မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

          ပြည်ပဝယ်လက်ပဲ သီးနှံဖြစ်သော မတ်ပဲသီးနှံသည် တရိပ်ရိပ်မြင့်တက်လာလျှက်ရှိသည်ကို တွေ့ရှိရပါသည်။ ပိဿာ ၂၀တစ်တင်း ၅၄၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ကြပြီး ပဲအဝင်သိပ်မရှိသော်လည်း လှောင်ပဲများ၊ လက်ကျန်ရှိသောကြောင့် ဝယ်လိုအား အပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ယခုရက်ပိုင်းအတွင်း တစ်ရက် အိတ်၂၀၀/၃၀၀ ကျော် နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပြီး တစ်ချို့လှောင်ပဲသမားများကလည်း ဈေးကောင်း ဆက်မျှော်၍ ရောင်းချမှုမရှိခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်က ဇွန်လကုန်မတ်ပဲသီးနှံဈေးမှာ ကျပ် ၄သောင်းအောက်သာ ရရှိပေမယ့် ယခုနှစ်မှာတော့ ကျပ် ၅သောင်းကျော် ၆သောင်းနီးပါးအထိ ဈေးကောင်းရလာခဲ့၍ ပဲစိုက်တောင်သူများထက် လှောင်သမားများ တွက်ခြေကိုက်သည့်နှစ် ဖြစ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နှမ်းနီ ဆီစက်သမားများကြောင့် အရောင်းအဝယ်ဖြစ်

            ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံမှာ ဇွန်လနောက်ဆုံးပတ်တွင် အရောင်း အဝယ်ရက်ခြားသာ ဖြစ်လျှက်ရှိပါသည်။ ဒေသတွင်းဆီစက်သမားများက ဆီကြိတ်ရန် အဝယ်ရှိ သဖြင့် ရက်ခြားအရောင်းအဝယ်ဖြစ်လျှင် အိတ် ၁၀၀/၂၀၀ခန့်ဖြစ်ကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရပါသည်။ မိုးကြိုနှမ်းများလည်း နောက်လတွင် ထွက်ပေါ်နိုင်ပြီး ယခုအချိန်တွင် ဈေးကွက်သို့ နှမ်းများ  ဝင်ရောက်မှုမရှိပေမယ့် လှောင်နှမ်းများဖြင့်သာ ရက်ခြားအရောင်းအဝယ်ဖြစ်သည်ဟု  သိရပါသည်။ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဇွန်လတတိယ ပတ်ကအတိုင်း ဝယ်ယူမှုရှိနေပေမယ့် ဈေးငြိမ်နေခဲ့ပါသည်။ နှမ်းနက်မှာ (၃)တင်းတစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ဖြင့် ဇွန်လတတိယပတ်ထက်စာလျှင်  ဈေး ၁၀၀၀၀ကျပ်ခန့် မြင့်လာသော်လည်း အရောင်းအဝယ်မဖြစ်သလို စမုံနက်နှမ်းမှာလည်း (၃)တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ ကျပ်ဖြင့် ဇွန်လတတိယပတ်ထက် ဈေး ၁၀၀၀၀ကျပ်ခန့် ကျလာခဲ့ပါသည်။ ပြည်ဈေးကွက်ရှိ နှမ်းဈေးများမှာ အရောင်းအဝယ်ဖြစ်လျှင်ဖြစ်သလို အတက်အကျရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်

           ပြည်ဈေးကွက်သို့ ဇွန်လနောက်ဆုံးပတ်တွင် မြေပဲဆန်များဝင်ရောက်မှုမရှိဘဲ လှောင်မြေပဲ ဆန်များဖြင့်သာ နေ့စဉ်အရောင်းအဝယ်ဖြစ်၍ အိတ် ၂၀၀/၃၀၀ခန့် ရောင်းဝယ်မှု ဖြစ်ကြောင်း သိရပါ သည်။ မြေပဲဆန် လုံးဆန်(အဖြူ)ကို မြဝတီဘက်သို့ တင်ပို့ရန်အဝယ်ရှိသလို၊ မြေပဲဆန်လုံး ဆန်(အနီ)ကို ဒေသတွင်းမြေပဲလှော်ဖိုသမားများက ဝယ်ယူမှုရှိပါသည်။ ဆီကြိတ် မြေပဲဆန်ဖြစ်သော ရွေးဆန်များကို မြေပဲဆီကြိတ်သော ဆီစက်များက အဝယ်ရှိသလို မလောက်ငှပါက မကွေးမြို့နှင့် ပခုက္ကူ ဘက်မှဝယ်ယူ၍ ကြိတ်ခွဲရပါသည်။ ယခုဇွန်လနောက်ဆုံးပတ်ရှိ မြေပဲဆန်ဈေးနှုန်းများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ၊ အနီ) ၂မျိုးစလုံးမှာ ဈေးတူနေပြီး တစ်ပိဿာလျှင် ၄၂၀၀ကျပ်၊ လုံးဆန်(အဖြူ၊ အနီ) တစ်ပိဿာလျှင် ၄၄၀၀ကျပ်ဖြင့် ဇွန်လ တတိယပတ်ကအတိုင်း ဈေးငြိမ်သည်ကို တွေ့ရှိရပါသည်။ ဇွန်လနောက်ဆုံးပတ်ရှိ မြေပဲဆီ တစ်ပိဿာလျှင် ၉၅၀၀ကျပ်၊ ဆုံဆီ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ တပိုင်တနိုင်မြေပဲဆုံဆီလုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

            ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးနိုင်လင်းထွန်း နှင့် ဝန်ထမ်းအဖွဲ့သည် (၅.၇.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀:၃၀) အချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ တပိုင်တနိုင် မြေပဲဆုံဆီလုပ်ငန်း လုပ်ကိုင်ရောင်းချ လျှက်ရှိသော လုပ်ငန်းနေရာသို့ ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ပြည်မြို့နယ်၊ မူယာပင်ရပ်၊ ရတနာမာန်အောင်လမ်းမပေါ်ရှိ အိမ်တွင်းစီးပွားဖြစ် ရောင်းချနေသော ရွှေဝါသင်း ဆုံဆီလုပ်ငန်းလုပ်ကိုင်လျှက်ရှိသော ဆီဆိုင်သို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ မြေပဲဆုံဆီကြိတ်ခွဲရာတွင် မြေပဲလုံးဆန်တစ်မျိုးတည်းကိုသာ ဝယ်ယူကြိတ်ခွဲသည်ဟု သိရပါသည်။ ဆီကြိတ်ရန်အတွက် မြေပဲဆန်ကို မကွေးမြို့နှင့် ပခုက္ကူမြို့များသို့ ကိုယ်တိုင်သွားရောက်၍ ဝယ်ယူ လျှက်ရှိကြောင်း သိရပါသည်။ မြေပဲဆုံဆီကြိတ်ခွဲရာတွင် မြေပဲဆန်လုံးဆန် (၄)ပြည်ကို ဆီကြိတ်လျှင် မြေပဲဆီတစ်ပိဿာခန့်ထွက်ရှိပြီး မြေပဲဖတ် (၃)ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ မြေပဲဆီ ကို တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့်ရောင်းချပြီး မြေပဲဖတ်တစ်ပိဿာလျှင် ၂၁၀၀ကျပ်ဖြင့် ရောင်းချပါသည်။ တပိုင်တနိုင် မြေပဲဆီကြိတ်ခွဲရာတွင် တစ်နေ့လျှင် ဆီ (၂၁)ပိဿာခန့်ထွက်ရှိပြီး ထွက်ရှိလာသောဆီများကို ပြည်မြို့နယ် ဒေသတွင်းနှင့် အခြားမြို့နယ်များသို့ လက်လီ/လက်ကား ရောင်းချ ကြောင်း သိရပါသည်။ အသားတင် အကျိုးအမြတ်အနေဖြင့် ပဲဆီတစ်ပိဿာရောင်းရလျှင် အနည်းဆုံး ၅၀၀၀-၆၀၀၀ကျပ် ခန့် ရရှိသည်ဟု လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့အတွင်းရှိနွေစပါးရိတ်သိမ်းထွက်ရှိမှု အခြေအနေ

            ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တွင် မိုးစပါး(၁၆)သိန်းကျော်နှင့် နွေစပါး (၁)သိန်း(၇)သောင်းကျော် စိုက်ပျိုးခဲ့ပြီး စပါးအမျိုးအစားအနေဖြင့် တောင်ငူခရိုင်တွင် ဗျော့ထွန်း ၊ သုခ(၂) ၊ ဆင်းသုခ၊ ဧရာမင်း ၊ ထိုင်းနှံကောက်စပါးမျိုးများကို စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း အနည်းအများအနေဖြင့် ဗျော့ထွန်း(၆၅-၁၀၀)တင်းခန့် ၊ သုခ-၂(၇၀-၈၀)တင်းခန့် ၊ ဧရာမင်း(၆၀-၈၀) တင်းခန့်၊ ဆင်းသုခ(၇၀-၈၀)တင်းခန့် ၊ထိုင်းနှံကောက်(၆၅-၁၁၀) တင်းခန့်ထွက်ရှိကြောင်း၊ တောင်သူ များအနေဖြင့် ဗျော့ထွန်း၊ သုခ(၂)၊ ဆင်းသုခ၊ ဧရာမင်း၊ ထိုင်းနှံကောက် စပါးမျိုးများကို စိုက်ပျိုးရခြင်းမှာ မျိုးလုံလောက်စွာရရှိခြင်း အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်တွင်လည်းဝယ်လိုအား ကောင်းသောကြောင့် စိုက်ပျိုးလိုခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နွေစပါးများကို ဧပြီလဆန်းပိုင်းမှ စတင်စိုက်ပျိုး ကြပြီး ဇွန်လဆန်းပိုင်းတွင် စတင်ရိတ်သိမ်း၍ လက်ရှိမြေပြင်ပေါက်ဈေးမှာ စပါးတစ်တင်းလျှင်(၈၄၀၀၀/-)ကျပ်အထိ ရှိကြောင်းနှင့် စိုက်ပျိုးသည့်နေရာများအနေဖြင့်  နွေစပါးများကို ဆည်ဘောင်ရိုး၊ ရေလှောင်တမံတည်ရှိရာတွင်  အများစုစိုက်ပျိုးကြပြီး ဆည်ရေသောက်ဧရိယာများအပြင် သဘာဝရေနှင့်လည်း စိုက်ပျိုးကြပါသည်။ယခုအခါတွင် နွေစပါးစိုက်ဧက (၇၀၁၆၁)ဧကရှိပြီး၊ ရိတ်ဧက (၇၀၁၆၁)ရှိသောကြောင့် တစ်ဧကလျှင် အထွက်နှုန်း (၇၉.၀၇)ဧကခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းဇယားများအရ သိရှိရပါသည်။နွေစပါးတစ်ဧက ကုန်ကျစရိတ်အနေဖြင့်  ပျိုးခင်း မြေပြုပြင်ခ (၈၀၀၀၀/-)ကျပ်၊ စိုက်ပျိုးခြင်းနှင့် ပြုပြင်ခ(၅၅၀၀၀/-)ကျပ်၊ ရိတ်သိမ်း/သယ်ယူ/ချွေလှေ့ခ (၅၈၀၀၀/-)ကျပ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအတွက် (၁၇၈၇၂၅/-)ကျပ်၊ စုစုပေါင်း ကုန်ကျငွေ (၃၇၁၇၂၅/-)ကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရှိရပါသည်။ယခုနှစ်တွင် သွင်းအားစု ဓာတ်မြေဩဇာ ဈေးကြီးသော်လည်း အထွက်နှုန်းကောင်း၍ ဈေးကောင်း ရရှိသဖြင့်တောင်သူများ တွက်ချေကိုက်လျှက်ရှိပြီး ယခုဈေးအတိုင်း ဆက်လက် ရောင်းချနိုင်ရေး မျှော်လင့်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း