သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Polytechnic University (Dawei) တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများ ဟောပြောဆွေးနွေးခြင်း

     ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် Polytechnic University (Dawei) တွင် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများအား တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ၏ နစ်နာဆုံးရှုံးမှုများအား ကုစားနိုင်ရန်အတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံ ဦးလင်းကျော်ဇံစိုးက ဆေးဝါးများနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်း ဆွေးနွေးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

         

မိုးစပါးဝယ်ယူမှုစနစ်တကျရှိစေရေး အသင်းအဖွဲ့၊ ကုန်သည်ပွဲစား၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

    ၂၀၂၄ ခုနှစ်စိုက်ပျိုးထွက်ရှိသော မိုးစပါးများဝယ်ယူရာတွင် စနစ်တကျရှိစေရေး၊ တောင်သူများ နစ်နာမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၄-၁၂-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ တောင်သူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း  သိရသည်။

        ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးထားရှိသော မိုးစပါးများထွက်ရှိ လာပြီဖြစ်ရာ မိုးစပါးများဝယ်ယူရောင်းချရာတွင် ဈေးနှုန်းဈေးကွက်တည်ငြိမ်စေရေး ၊ ကုန်စည်စီး ဆင်းမှုမှန်ကန် မြန်ဆန်စေရေး၊ ‌ဒေသပေါက်ဈေးအတိုင်းဝယ်ယူရာတွင် တောင်သူများ နစ်နာမှုမရှိစေရေးအတွက် အလေးချိန် တင်းတောင်း မှန်ကန်စွာဖြင့်ဝယ်ယူ၍  ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အမီ သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်နိုင် ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍  ကရင်ပြည်နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၊  ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်/ပွဲစားများ၊ စပါးစိုက်ပျိုးတောင်သူများက စပါးဝယ်ယူမှုနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆောင်ရွက်သင့်သည့်အချက်များကို အကြံပြုဆွေးနွေးကြပြီး အစီအစဉ်အရ ဆန်စပါးဝယ်ယူမှုနှင့်ပတ်သက်၍ တောင်သူများနစ်နာမှုမရှိစေရေး အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

   အစည်းအဝေးတွင် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်ဆန်စပါး ကုန်သည်များအသင်း (ဘားအံရုံးခွဲ)နှင့် ဆန်စက်လုပ်ငန်းရှင်များ၊ စပါးဝယ်ယူသည့် ပွဲစားများ၊ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ပြီးအစည်းအဝေးကို နံနက်(၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့သည်။

DOCA(ကရင်)

 

                                     

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အမှတ်(၇)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀) မြောင်းမြမြို့နယ် အမှတ်(၇)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးမှ တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်း ပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့ပါတ်ဝန်းကျင်တွင် ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်မသင့်သောအစားအစာများ၊ ဓါတုဆိုးဆေးများလွန်ကဲစွာ အသုံးပြုထားသော မုန့်ပဲ၊ သွားရည်စာများကို စားသောက်မိပါက ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများခံစားရပြီး၊ ဆေးရုံဆေးခန်းပြသရန်အတွက် ကုန်ကျစရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ရပ်ကွက်နေပြည်သူများအနေဖြင့် အစားအသောက်များကို မိမိတို့အသိစိတ်ဖြင့် ရွေးချယ်ဝယ်ယူစားသောက်နိုင်ကြစေရန် အသိပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၆၅)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဘုရားကလေးကွင်းကျေးရွာ၊ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာ အ.မ.ကကျောင်းတွင် ကျောင်းသား/သူ (၇၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်ခံများ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံးသို့ လာရောက် တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်မြခရိုင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၅.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး တွင် စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးဆီရောင်းချသူ စီးပွားရေး လုပ်ငန််းရှင်များအား ခေါ်ယူတွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်ပြီး စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့ စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဆန်စက်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ အတွင်းရေးမှူး၊ ခရိုင်ရုံးရှိဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးသို့ တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ဆန်စက်လုပ်ငန်းရှင်များနှင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အတွင်းရေးမှူး၊ ခရိုင်ရုံးရှိ ဝန်ထမ်းများအား (၄.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်က မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေနှင့် ဆန်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများ သိုလှောင်ရုံမှတ်ပုံတင်ပြုလုပ်ရေးကိစ္စများအား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း မြောင်းမြခရိုင်အသင်းဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့်တွေ့ဆုံ၍ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ ကုန်းတန်းကလေးကျေးရွာ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၆) ရက်နေ့ ၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ကုန်းတန်းကလေးကျေးရွာ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ ကျောင်းသား/သူများအနေဖြင့် အစားအစာများ ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  တားမြစ်ကုန်စည်များ အကြောင်း၊ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အစားထိုးလဲလှယ်ခွင့် များနှင့် စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူမြို့၊ ဂွေးပင်ချောင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူများ ဘေးကင်းလုံခြုံမှု ရှိစေရေး အသိပညာဟောပြောဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူတာဝန်ခံနှင့်ဝန်ထမ်းသည် စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူ ပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန် ရည်ရွယ်၍ (၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ် ဂွေးပင်ချောင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ အကြောင်းအရာနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်းကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ရွှေကူ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရှိ ရွှေကူ အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို ၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်၊

         ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက စာဖတ်ခြင်းနှင့် ပညာရှာခြင်းအကျိုးကို အသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ရှေ့ဦးသူနာပြုစုခြင်းနှင့် မြန်မာတိုင်းရင်းဆေးများအကြောင်းကိုလည်းကောင်း၊ ပြည်သူကျန်းမာရေးဦးစီးဌာနက သွားတိုက်ခြင်းဖြင့် သွားကျန်းမာရေး၊ ကွမ်းစားသုံးခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းဆိုးကျိုးအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြောင်းသိရသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က  စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာ ဗဟူသုတများကိုရှင်းလင်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁)ပါ စားသုံးသူကာကွယ်ရေးအကြောင်း၊ စားသုံးသူအဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပါယ်၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအကြောင်း၊ စစ်ဆေးရေးအရာရှိလုပ်ငန်းဆောင်ရွက်မှုနှင့် အခန်း(၂) ပါ ရည်ရွယ်ချက်၊ အခန်း(၅) ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား/ ကျောင်းသူများကို ဟောပြောခြင်း၏ ရရှိသောအကျိုးရလာဒ်များကို ကျောင်းသားများ review ပေးခိုင်စေပြီး မေးမြန်းဖြေရှင်းမှုများပြုလုပ်ခဲ့ပြီး။ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သိရှိလိုပါက သို့မဟုတ် စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် ပတ်သက်၍ တိုင်ကြားလိုပါက call center 1535သို့ ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူ ၁၄၅ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဥပဒေသိရှိစေရေး စာသင်ကျောင်းများသို့ အသိပညာပေး

      မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည်  (၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သော “ စားသုံးသူအခွင့်အရေးဦးစားပေး ” ဆိုသည့်အတိုင်း  စားသုံးသူအခွင့်အရေးများရရှိစေလိုကြောင်း၊  မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အကြောင်းအားလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံက ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်းအားလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ