သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ဈေးကွက်အတွင်း သွင်းကုန်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး စိစစ်ကြီးကြပ်

     အထက်ဌာန၏ ညွှန်ကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး၏ အစီအမံဖြင့်  တိုင်းရုံးအပါအဝင် ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း သွင်းကုန်ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ဆေးဆိုင်များအား ဈေးကွက်အတွင်း ကာလကြာရှည် သုံးစွဲနေသည့် ဆေးဝါးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ နှလုံးဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒဏ်ကြေလိမ်းဆေးအပါအဝင် ပုံမှန် သောက်သုံးနေသည့်ဆေးများ ပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သရက်မြို့နယ်အတွင်း ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရပ်ကွက်များရှိ ဝါကြိတ်စက်ပိုင်ရှင်နှင့် ဝါဝယ်/ရောင်းလုပ်ငန်းရှင်များအား ဝါဝယ်ယူမှုအခြေအနေများ၊ ကုန်သွယ်ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝါဝယ်/ရောင်းလုပ်ငန်းရှင်များမှ ဝါဝယ်ယူရရှိမှုအခြေအနေများမှာလည်း သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ လာ‌ရောက်ရောင်းချကြပါကြောင်း၊ ဈေးကောင်းရရှိရန် တောင်သူများမှ ဈေးစောင့်ဆိုင်းနေပါကြောင်းနှင့် ကုန်သွယ်ရောင်းဝယ်မှုအခြေအနေများမှာ မန္တလေးမြို့နှင့် မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့နယ်အတွင်း စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လစဉ်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၃-၁၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သည့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ သရက်မြို့၊ ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့် ဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   စားသုံးသူကာကွယ်ရေးဥပဒေမှ ပြဌာန်းထားသည့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်စည်များ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့် ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်း ချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေး ခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၀)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၁၉)ကြိမ်  ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည့်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

   ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  မကွေးမြို့နယ် (၄)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်(၄)ကြိမ်၊ မြို့သစ်မြို့နယ် (၂)ကြိမ်၊ နတ်မောက်မြို့နယ် (၁)ကြိမ်၊ ချောက်မြို့နယ် (၃)ကြိမ်၊ ရေနံချောင်းမြို့နယ် (၁)ကြိမ်၊ စုစုပေါင်း (၁၅)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

ချောက်မြို့၊ ပုတီးကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

 မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ပုတီးကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

     မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “သုံးစွဲရန်မသင့်သော ဆေးဝါးများနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သည့် ပစ္စည်း များအား ဝယ်ယူသုံးစွဲတတ်စေရေး”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှဝန်ထမ်းက ငလျင်ဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ ကြပြီး ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ မုန့်စျေးဆိုင်များ၌ စားသုံးရန်မသင့်သော ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော မုန့်များရောင်းချမှုရှိ/မရှိအား စစ်ဆေးခြင်းအစီအစဉ်များလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူအသိပညာပေး Talk Show ကျင်းပပြုလုပ်”

             ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်နိုဝင်ဘာလ(၂၈)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show  ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဝင်းဝင်းသန်း(မြို့နယ်ဦးစီးမှူး)မှအသိပညာပေး   Talk Show  ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်မှ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေသည့်အချက်များ၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူများအနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြုံတွေ့လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်များတွင်လည်းစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများဖွင့်လှစ်ထားကြောင်းကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ ဦးစီးမှူးဦးတင်ချစ်ကောင်းနှင့် ဝန်ထမ်းသည် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

               ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဆေးအရောင်းဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။ ထို့နောက်ဆေးရောင်းချသောဆိုင်ရှင်များအား ဆေးဝါးများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပညာပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကျိုက်လတ်မြို့နယ်တွင် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့နယ်အတွင်းရောင်းချနေသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက် ဖော်ပြထားရှိမှုအခြေအနေ၊ သက်တမ်းလွန်ရက်စွဲ ဖော်ပြထားရှိမှုအခြေအနေ၊ ထားသိုသိမ်းဆည်းမှုအခြေအနေ၊ ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၅.၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်တန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး၌ မုန့်မျိုးစုံအရောင်းဆိုင်၊ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက် ခဲ့ကြောင်းသိရသည်။

         ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချသော ကုန်စည်အမျိုးအစားပေါ်တွင် သက်ဆိုင်ဌာနများ၏ ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များကိုသာရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ