သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ ဈေးများတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိ ပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင် အတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အတွင်း ပြည်မြို့နယ်တွင် အောင်မင်္ဂလာ ဈေးသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်းရွာသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဝန်လိုရပ်ကွက်နှင့်ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၁) ရပ်ကွက်သို့ သက် ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပူးပေါင်း မိတ်ဖက်ဌာနဆိုင်ရာများ နှင့်အတူ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြား နိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရွှေပြည့်စုံဈေးအတွင်းရှိ အင်္ဂလိပ်ဆေးဝါးများ၏ ဆေးဈေးနှုန်းများစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၂.၉.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေပြည့်စုံဈေးရှိ  ဆေးမျိုးစုံရောင်းချသည့် ကေကေ၊ ခိုင်ရွှေဝါ၊ တော်ဝင်၊ သစ်ခွစသည့် ဆေးအရောင်း ဆိုင်(၄)ဆိုင်သို့  သွားရောက်၍ ဆေးဝါးရောင်း ချမှုအခြေအနေများနှင့် ဆေးဝါးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းရာတွင် ဆေးစျေးနှုန်းအခြေအနေများမေးမြန်းခဲ့ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး  ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဒဂုံမြို့နယ်၊ အမှတ်(၂) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု- ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၂) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ဈေးကွက်ရရှိနေသော အမယ်သစ်များအား ကိုယ်တိုင်စိုက်ပျိုး၍ ပြည်ပသို့တင်ပို့နေသော တောင်ငူမြို့မှ Myanmar Green Farm ကုမ္ပဏီ

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းမကြီးဘေးရှိ Myanmar Green Farm ကုမ္ပဏီသည် ရွှေမြန်မာတို့ ရေမြေမှထွက်သော ပရဆေး ကုန်ကြမ်းများကို ပြည်ပသို့တင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နေပါသည်။ ကုမ္ပဏီကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထာသည့် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြုထားပါသည်။

              ၂၀၂၃ ခုနှစ်၊ ဇွန်လမှစတင်၍ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ချဉ်ပေါင်ဖာလာစေ့၊ ပိန်းရိုးခြောက်၊ ပျဉ်းမရွက်ခြောက်၊ ရှဉ့်မတက်ဥ၊ ပဲပိုးတီ၊ ရဲယိုသီးခြောက်၊ လင်းနေ၊ ဝါးနှီး၊ ကပ်စေးနဲဆူးလုံး၊ နနွင်းနှင့် ကော်ဖီစေ့များကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါသည်။

              ကံရိုးကျေးရွာရှိ ဒေသခံများသည်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာ ကြပါသည်။ လုပ်သားအင်အား ၁၅ ဦးဖြင့် အလုပ်ရုံတွင် ရောက်ရှိလာသော ကုန်ကြမ်းများအား သန့်စင်ခြင်း၊ ထုပ်ပိုးခြင်းများ ဆောင်ရွက်ကြပါသည်။

              ကုမ္ပဏီသည် ပြည်ပဈေးကွက်ရရှိနေစည့် ကုန်ကြမ်းများကို လိုသလောက် တင်ပို့နိုင်ရန် အတွက် ကိုယ်ပိုင်စိုက်ခင်းများဖြင့် စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်ပါသည်။ ပဲခူးရိုးမတောင်ခြေ တွင် ဘိလပ်ချဉ်ပေါင်သီး ၂ ဧက၊ ကြောင်ပန်းပင် ၃ ဧက (အပင်ပေါင်း ၃၀၀၀)၊ ပိုးစာပင် ၃.၅၀ ဧက (အပင်ပေါင်း ၂၅၅၀၀)၊ ကြက်ဆူပင် ၈ ဧက (အပင်ပေါင်း ၄၀၀၀၀) စိုက်ပျိုးထားရာ စိုက်ခင်းများ အားလုံးတွင် အပင်များဖြစ်ထွန်းနေသည်ကို တွေ့ရပါသည်။

              ဘိလပ်ချဉ်ပေါင်သီးခွံ၊ ပိုးစာရွက်ခြောက်၊ ကြက်ဆူရွက်ခြောက်နှင့် ကြောင်ပန်း စေ့များကို မကြာမီတွင် ခူးဆွတ်အခြောက်လှမ်းနိုင်တော့မည်ဖြစ်ရာ ပြည်ပတင်ပို့၍ နိုင်ငံခြားငွေ ရရှိအောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် ဦးနိုင်နိုင်ကျော်၏ ပြောပြချက် အရသိရပါသည်။

DOCA (ပဲခူး)

တောင်ငူမြို့တွင် ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာဖွင့်လှစ်

                ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ နံပါတ်(၁) လမ်း၌ဖွင့်လှစ်သည့် ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်အရောင်းစင်တာဖွင့်ပွဲကို ဒီဇင်ဘာလ၂၃ ရက် နေ့နံနက်ပိုင်းတွင် အဆိုပါစင်တာ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။

              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း၊ ဈေးကွက်ရှာဖွေ ဖော်ထုတ်ခြင်း အရည် အသွေးပြည့်မီသည့်ထုတ်ပိုးမှုစနစ်များဖြစ်ပေါ်လာစေရေးနှင့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီးထုတ်ကုန် အရောင်းစင်တာကို ဖွင့်လှစ်လျက်ရှိရာ ပဲခူးမြို့နှင့် ပြည်မြို့များ၌ ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ယခု တောင်ငူမြို့၌ ဖွင့်လှစ်သည့် အရောင်းစင်တာသည် တတိယမြောက်အရောင်းစင်တာဖြစ် ပါသည်။

              အရောင်းစင်တာ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခုမှ ထုတ်ကုန်ပစ္စည်းများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထုတ်ကုန်ပစ္စည်းများကို တနေရာတည်း၌ ဝယ်ယူနိုင် မည်ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီး အကဲများ၊ တောင်ငူခရိုင်မှ ထုတ်ကုန်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး ဖွင့်ပွဲအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အရောင်းစင်တာ အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပုဇွန်တောင်မြို့နယ်ရှိ Top Prime Co., Ltd အား သွားရောက်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲ စာရေး)နှင့်ဝန်ထမ်းများ   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သီသီကျော်တို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ၁၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင်  အမှတ် (၃၀), တာဝတိံသာလမ်း၊  ပုဇွန်တောင် မြို့နယ်ရှိ Top Prime Co., Ltd သို့ သွားရောက်ကာ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမျိုးထွန်းနှင့် တွေ့ဆုံ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအခြေအနေကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ သွေးကျဆေး၊ ပိုးသတ်ဆေး(ထိုးဆေး)၊ အသည်း (ဘီပိုး) ကာကွယ်ဆေး၊ ပဠိဇီဝပိုးသတ်ဆေး၊ ကျောက်ကပ်ဆေး စသည့်ဆေးများကို အစိုးရဆေးရုံများနှင့် ပြင်ပအထူးကုဆေးရုံများသို့သာ ဖြန့်ချိရောင်းချပြီး၊ ပစ္စည်းပြတ်လပ်မှုမရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းဖြင့်သာ ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီး  ဆေးဝါးများသို လှောင်ထားခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့နယ်၊ အ.လ.က(၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

           ၁၁.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ အ.လ.က (၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျင် ဝယ်ယူသုံးစွဲသင့်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုခွင့် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများမှ တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၆၁) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်၊ အ.ထ.က(၁) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

            ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်မာမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် ကုန်အညွှန်းအမှတ်အသားပါအချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center (1535) သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးပြီး ဌာန၏လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၉၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့ရှိ အခြေခံပညာမူလတန်း(ဓမ္မမေဒနီ)ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

             ၁၂.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သထုံမြို့ရှိ အခြေခံပညာမူလတန်း (ဓမ္မမေဒနီ) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသောမုန့်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ ကလေးသူငယ်များဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်အမျိုးမျိုးတို့အားရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချနေမှုရှိ/ မရှိကို သက်ဆိုင်ရာကျောင်းအကျိုးတော်ဆောင်များနှင့် ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

          ၁၁.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သထုံမြို့နယ်၊ သထုံမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသော Lifeboy ဆပ်ပြာခဲ၊ Parrot ဆပ်ပြာခဲ၊ LUX ရေချိုးဆပ်ပြာရည်၊ Family Care ရေချိုးဆပ်ပြာရည်၊ Goat Milk ရေချိုးဆပ်ပြာရည်၊ E-LAN ဆပ်ပြာမှုန့်၊ Rose ဆပ်ပြာမှုန့်၊ Win ဆပ်ပြာမှုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းဆပ်ပြာရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ