သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒုတိယပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   ၁၃.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးသည် Fu Xing Brothers Rubber Industry မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယပြည်နယ်ဦးစီးမှူးက စက်ရုံတာဝန်ရှိသူအား စက်ရုံတည်ထောင်မှုအခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှု၊ စက်ရုံလည်ပတ်မှု၊ ကုန်ချော ထုတ်လုပ်မှု၊ လုပ်သားအင်အားအခြေအနေများအား ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူက စက်ရုံကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ စက်ရုံလည်ပတ်မှုမှာ (၂၄) နာရီ လည်ပတ်ကြောင်း၊ စက်ရုံမှာ MSR 20 နှင့် Natural Rubber တို့ကို ထုတ်လုပ်ကြောင်း၊ ကုန်ကြမ်းများကို မော်လမြိုင်၊ မုဒုံမြို့နယ်တို့မှ ဝယ်ယူကြောင်း၊ ကုန်ကြမ်းရော်ဘာ တစ်ပေါင်လျှင် (၂၇၀၀) ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ ကုန်ချောထုတ်လုပ်မှုအနေဖြင့် တစ်လလျှင် (၈၀၀၀) တန်မှ (၁၀၀၀၀) တန်ထိ ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ချောများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း၊ လုပ်သားအင်အား (၂၀၀) ဦးအား အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ သင်တန်းများမှထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ သထုံခရိုင်ဦးစီးမှူးတက်ရောက်

    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများဝင်ငွေတိုးရေးစီမံကိန်းအရ ယခုဘဏ္ဍာနှစ်၌ သထုံခရိုင်အတွင်းဖွင့်လှစ်ခဲ့သည့် သင်တန်းတို့မှထူးချွန်သင်တန်းများအားလုပ်ငန်းသုံးပစ္စည်းများချီးမြှင့်ပေးအပ်ပွဲကို ၁၃.၁၂.၂၀၂၄ ရက်နေ့ နံနက်က သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    ထိုအခမ်းအနားတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက တစ်နိုင်တစ်ပိုင် အသေးစား လုပ်ငန်းများမှတစ်ဆင့် အလတ်စား၊ အကြီးစား အောင်မြင်ကျော်ကြားသည့် လုပ်ငန်းရှင်များ ဖြစ်သည်အထိ ကြိုးပမ်းကြစေလိုကြောင်းနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်များ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်းသည်တို့ကို ရှင်းလင်းပြောကြားခဲ့ သည်။

    ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က သင်တန်းအသီးသီးတို့မှ ထူးချွန်သင်တန်းသား/သူ (၂၀) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသည့်လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ရာ သင်တန်းသား/သူ များကလက်ခံ ရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

   ဆက်လက်၍ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း သထုံခရိုင်အတွင်းရှိ ကျေးရွာ (၄) ရွာတို့၌ ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး စီမံကိန်းဖြင့် သင်တန်းများဖွင့်လှစ်ခဲ့ပြီး ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့နှင့် နတ်ကြီးချောင်ကျေးရွာ တို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကိုလည်းကောင်း၊ သထုံမြို့နယ် နောင်ကုလားကျေးရွာနှင့် ဇရစ်ချောင်ကျေးရွာတို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတို့မှ ထူးချွန်သူ (၂၀) ဦးတို့ကိုရွေးချယ်ကာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပါ ပြီး ထိုအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

    ၁၃.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ အ.မ.က(တကူပတီ) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများ စသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ရွှေဘိုခရိုင်၏ (၁၂/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုခရိုင်အနေဖြင့် (၁၂/၂၀၂၄)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင် (၃)ဆိုင်အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ မမော်ကြည် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဝင်းဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်နှင့် သော်တာဝင်း ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်အားလည်းကောင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုဒုံမြို့၌ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲကျင်းပ

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒီဇင်ဘာ (ဒုတိယပတ်) လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် လမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ (၁၄.၁၂.၂၀၂၄) ရက်နေ့ နံနက် (၀၆:၀၀) နာရီက အားကစားပြိုင်ပွဲဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

    အဆိုပါလမ်းလျှောက်ပွဲသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၆၀၀ ခန့် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

    လူတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးမှသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားလိုက်စားစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ရာ ကိုယ်လက်ကြံ့ခိုင်းရေးလေ့ကျင့်ခန်းများ၊ Physical Fitness Dance Exercise လေ့ကျင့်ခန်းများဖြင့် စုပေါင်းလှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

ကျွန်းလှမြို့နယ်အတွင် ဆေးလိပ်အမျိုးမျိုးနှင့်ကွမ်းစားဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျွန်းလှမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကွမ်းစားဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များအတိုင်း ဖော်ပြထားသည့် ကုန်စည်များကို ရောင်းချသွားရန်၊ ဆေးလိပ်အမျိုးမျိုးတွင်လည်း သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ညွှန်ကြားချက်များနှင့် ပြည့်စုံသောကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချသွားရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များ ပါရှိသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

မုဒုံမြို့နယ်ရှိ ဒေသခံပြည်သူများအား မော်လမြိုင် အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆေးကုသပေး

    မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား (အခမဲ့) ကွင်းဆင်း ဆေးကုသပေးခြင်းလုပ်ငန်းကို (၁၅.၁၂.၂၀၂၄) ရက်နေ့ နံနက် (၀၈:၀၀) နာရီက မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှိ အ.ထ.က (ခွဲ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

    အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများအား လက်ဆောင်ပစ္စည်းများပေးအပ်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ ကွင်းဆင်းဆေးကုသပေးရာတွင် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး ဦးဆောင်၍ အထူးကု​ဆေးပညာရပ်များဖြစ်သည့် ခွဲစိတ်၊ အရိုး၊ ဆေးပညာ၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ သားဖွားမီးယပ်၊ ကလေးတို့မှ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သက်ဆိုင်ရာလက်ထောက်ဆရာဝန်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၊ သူနာပြုဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာအနီးရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူ (၃၁၂) ဦးအား ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် (၂၆.၁၂.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ရွှေဘိုခရိုင်အတွင်းရှိ စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်များတွေ့ဆုံသည့် အစည်းအဝေး ကျင်းပခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယဗိုလ်မှူးကြီး သန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စက်သုံးဆီ ကားရောက်ရှိမှု၊ လက်ကျန်စာရင်းများ ပြုစုပေးပို့ရန်၊ စားသုံးသူပြည်သူများ၏ လက်ထဲသို့ အရည်အသွေးမှန်၊ အချိန်အတွယ်မှန်ကန်စွာဖြင့် ရောင်းချစေရေး အဖွဲ့ဖြင့်ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ရန် လမ်းညွှန်မှုပြုကြောင်း၊  စက်သုံးဆီ ကားရောက်ရှိမှု လက်ကျန်စာရင်းများနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုက်ရိုက် တိုက်ဆိုင်ခြင်းမရှိသော်လည်း ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ပေး၍ ဆောင်ရွက်ရကြောင်း၊  ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကော်မတီမှဖွဲ့စည်းထားသည့်ဂိတ်မှ နေ့စဉ်ဖြန်သန်းသွားသည့် စက်သုံးဆီယာဉ်စာရင်းများ ပုံမှန်ပေးပို့လျက်ရှိသည့်အတွက် စက်သုံးဆီဆိုင်များ၏ ကားရောက်ရှိမှုများကို သိရှိရသော်လည်း အမျိုးအစားလိုက်စာရင်းနှင့် လက်ကျန်စားရင်းများအသေးစိတ်စာရင်းလိုအပ်၍ ဆိုင်များအားအကူအညီတောင်းရခြင်းဖြစ်ကြောင်း၊ ကားရောက်ရှိမှုနှင့်  လက်ကျန်စာရင်းများကို အချိန်မီ ပေးပို့ကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် စက်သုံးဆီလုပ်ငန်းရှင်များ တစ်ဦးချင်းအလိုက် စက်သုံးဆီဝယ်ယူခြင်း၊ သယ်ဆောင်ခြင်းနှင့် ရောင်းချခြင်းများတွင် တွေ့ဆုံရသည့်အခက်အခဲများကို ပြန်လည်ဆွေးနွေးခဲ့ပြီး ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယဗိုလ်မှူးကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို (၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်

 

ဘီးလင်းမြို့နယ် အ.ထ.က (ဘီးလင်း) ကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ (၁၄.၁၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ် ဘိုးရာဇာရပ်ကွက်ရှိ အ.ထ.က (ဘီးလင်း) ကျောင်းဝင်းအတွင်း၌ ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်ရုံးမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

    စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၁၀၀) ဦးတို့ ပူးပေါင်းကာ ကျောင်းဝင်းအတွင်း၌ အမှိုက်များ၊ ခြုံနွယ်ပိတ် ပေါင်းများရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ခြင်းစသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က(တကူပတီ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

   ၁၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (တကူပတီ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်ပစ္စည်းများဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို ဝယ်ယူအသုံးပြုသင့်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုခွင့် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ထား ရှိပြီးဖြစ်၍ နစ်နာသည့် စားသုံးသူများမှ တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြား နိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၆) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ