သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MyRO တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား စီးပွာရေးလုပ်ငန်းရှင် များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-MyRO)တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျှက်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်သည့်အမိန့်ကို၃၁-၃-၂၀၂၀ ရက်နေ့တွင်အမိန့်ကြော်ငြာစာအမှတ်၂၂/၂၀၂၀ဖြင့်လည်းကောင်း၊ ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန်အလို့ငှာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်ကို ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၈၂/၂၀၂၄ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းဆန် စက်နှင့်ဆန်ဆိုင်များ MyRO တွင် မှတ်ပုံတင်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျှက်ရှိပါသည်။ ၂၂-၁-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရ မြို့နယ်များရှိ ဆန်စက်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်း များဆောင်ရွက်ရာတွင်  ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်ချိန်နှင့်အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyRO တွင် မဖြစ်မနေ မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ပြည်တွင်း စားသုံးဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိစေရေးလည်း ပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

ရဲအရာရှိအတက်သင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သင်တန်းပို့ချခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေရည်ရွယ်ချက်ပါ စားသုံးသူကာကွယ်ရေး နှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် အခြေခံပညာ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များ၊ တက္ကသိုလ်ကောလိပ်များ၊ ရပ်ကွက်/ ကျေးရွာများ စည်ပင်သာယာဈေးများတွင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အခါအား လျော်စွာအသိပညာပေးဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပဆောင်ရွက်ခြင်း၊ ပြခန်းများတွင် ပါဝင်ပြသခြင်း၊ စားသုံးသူကာကွယ်ရေးနှင့်ဆိုင်သောသင်တန်းများ ကျင်းပပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံ မြို့နယ်ရှိရဲအရာရှိအတက်သင်ကျောင်းတွင် (၂၂-၁-၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်၌ အမှုစစ်အရာရှိသင်တန်းသားများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သင်တန်းပို့ချခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သင်ကြားပို့ချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်မေသက်ထွန်း (ဦးစီးအရာရှိ) က ဌာနဆိုင်ရာများသိသင့် သည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် စားသုံးသူ၏ အဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အကျယ်တဝင့် ရှင်းလင်းသင်ကြားခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သင်ကြားပို့ချသည့်သင်တန်းသို့ ရဲအရာရှိအတက်သင် ကျောင်းမှ အမှုစစ်အရာရှိသင်တန်းသား(၁၇၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)

ကြက်သွန်နီ၏အကျိူးကျေးဇူးနှင့်ကျန်မာရေးဗဟုသုတ

ကြက်သွန်နီသည် စားဖိုဆောင်၏ အဓိကအသုံးဝင်သော သီးနှံတစ်မျိုးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးရှိ ကုန်စည်ဒိုင်များသို့ အဓိက ဝင်ရောက်သော ကြက်သွန်နီများမှာ မြစ်သားမြို့နယ်၊ မိတ္ထီလာ မြို့နယ်၊မလှိုင် မြို့နယ်များမှဖြစ်ကြောင်းသိရှိရပါသည်။ ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာ့လူမျိုးပေါင်းစုံတို့တွင် အသုံးပြုကြသည်။ ကြက်သွန်နီဥကို သာမက ကြက်သွန်မြိတ်ကိုလည်းစားသုံးကြသည်။ကြက်သွန်နီသည် မြန်မာ့ဆေးကောင်း တလတ် လည်းဖြစ်ပါသည်။ ကြက်သွန်နီတွင်ပါဝင်သည့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေပျက်စီး တာကို ကာကွယ်ပေးနိုင်သည့် ဖလေဗာနွိုက်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေခြင်းသည် ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ကြက်သွန်နီ အစိမ်းတွင်ပါဝင်သည့် quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းသည် သွေးတိုး ကျစေနိုင်ပြီး ရောင်ရမ်းခြင်းများကိုလည်း ကျစေနိုင်ကြောင်းသိရှိရပါသည်။ကြက်သွန်နီ အစိမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေရုံသာ မကအစာမကြေတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်းသိရှိရသည်။ ကြက်သွန်နီသည် ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရရှိသည်ဆိုပေမယ့်လည်းအများအပြားမစား သင့်ကြောင်း နှင့်ရင်ပူတာမျိုး၊ပါးစပ်ထဲ ပူစပ်ပူလောင်ဖြစ်တာမျိုးကို ခံစားရနိုင်စေပြီးအစာအိမ် ရောဂါရှိရင် အစိမ်းစားတာကို ရှောင်သင့်ပါသည်။ ကြက်သွန်နီ အစိမ်းစားခြင်းသည် ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရရှိစေကြောင်းလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

 

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online စနစ်ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်လှစ်ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့်ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၅)ကို (၂၁.၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီ မှ ညနေ(၁၆:၀၀)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီး ဌာနမှအမှုထမ်း(၁၈)ဦးကို လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာစေခြင်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန် သွက်လက်လာစေရန်ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို အခြေခံကျောင်းသား/သူ၊ တက္ကသိုလ် ကျောင်းသား/သူများ၊ ကျေးလက်နေပြည်သူများ၊ မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား၊ အသိပညာပေးဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များကို ချပြရှင်းလင်းဟောပြောနိုင်ရေးကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ   အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးမှ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ICT ဆက်သွယ်ချက်များကို လည်းကောင်း၊ ငွေစာရင်းတာဝန်ခံမှ ငွေစာရင်းဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း၊ စားသုံး/ ထုတ်လုံဌာနခွဲမှူးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ   လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ သင်ကြားပို့ချပေးခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ အတွေ့အကြုံကောင်းများရရှိစေခြင်း၊ ဌာန၏လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကိုသိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြားဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်း သိရှိဆောင်ရွက်နိုင်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဇလွန်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရောင်းချသောဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့ပေါ်ရပ်ကွက်အတွင်းတွင် ရောင်းချသောဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါး များရောင်းချမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများ သုံးစွဲမှုမရှိစေရေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးဆိုင်အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် အသင့်စားမုန့်အမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြန်အောင်မြို့၊ မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အသင့်စားမုန့်အမျိုးမျိုးအား (၂၁.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၈)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၁.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ လဟာကြီးအုပ်စု၊ ကညင်ပင်လှရွာရှိ အုပ်ချုပ်ရေးမှူးအိမ်၌ တောင်ယာစိုက်ပျိုးသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။

            ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Consumer Call Centre (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍ အသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည်(၂၀.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Communi-ty Centre) ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် စပ်လျည်း၍ စားသုံးသူရေးရာ အသိပညာပေးTalk Showအစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ  အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှုပြုလုပ်နေသော လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်တင်ထားခြင်းဖြင့် ရရှိနိုင်သည့်အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ရှင်းလင်းရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိ၏ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကြောင့် မဟုတ်လျင် စားသုံးသူ၏နစ်နာဆုံးရှုံးမှုသည်  တိုင်ကြားခံရပါက ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ငန်းနှင် ပတ်သက်၍ တရားဝင်အရေးဆိုတင်ပြပိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ငန်း၏ နာမည်ကောင်းပြန်လည်ရရှိနိုင်သည့် အခွင့်အရေးရှိခြင်း စသည့် အကျိုးရလဒ်များရရှိပြီး၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရာတွင်လည်း သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကိုလက်ခံရယူပိုင်ခွင့်ရှိခြင်း၊ အွန်လိုင်းစနစ်တွင်လည်း မှတ်ပုံတင်လက်မှတ်ပါအမည်ဖြင့် ရောင်းချခွင့်ရှိခြင်း စသည့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများသို့ စားသုံးသူအသိပညာပေးဟောပြောခြင်း

          ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၁.၁.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင်  အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၂၂၁) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး၊ တိုင်းရင်းဆေးရုံအုပ်တို့မှလည်း ဌာနအလိုက် သိမှတ်ဖွယ်ရာများအား အသီးသီးဟောပြောခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဌာနမှ လက်ရှိတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများအား လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြား ရေးမှူး)သည် ဇန္နဝါရီလ(၂၀)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့သည်။

          ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် MSME လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင် အသုံးပြုရမည့်စားအုန်းဆီများ အား လုပ်ငန်းရှင်များလျှောက်ထားခဲ့သည့် စက်မှုလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရမည် ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အမျိုးအစားတွင်ပါဝင်သဖြင့် သတ်မှတ် လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချသုံးစွဲခွင့်မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏ အလိုက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံ ချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေ ရရှိရေး၊ ပြပွဲပြိုင်ပွဲတွင် ပါဝင်ပြသနိုင်ရေး စသည့် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံ မှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၉)ဦးတက်ရောက်ခဲ့ ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် MSME လုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို နံနက် ၁၁:၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး) 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ