သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

       ၂၀၂၅ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် မိတ်ဖက်ဌာနဖြစ်သော မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်ရှိ မွတ္တားဆေးဆိုင်နှင့် ပိုင်ပိုင်ချမ်းမြေ့ ဆေးဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ကွင်းဆင်း စစ်ဆေးရာတွင်   ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်း တည်ငြိမ်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးသွားရန် ညွှန်ကြားချက်များအရ လိုက်နာဆောင်ရွက်သွားရန်နှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊  ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းဈေးကွက် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

“Thursday Talk ကျင်းပပြုလုပ်”

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး  (၁၁-၉-၂၀၂၅)ရက်နေ့၊ ကြာသပတေးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် Online စနစ်ဖြင့် Thursday Talk အခမ်းအနားပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းများ၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်၊ မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ပြင်ဦးလွင်ခရိုင်၊ ညောင်ဦးခရိုင်တို့မှ ခရိုင်တာဝန်ခံများနှင့်ဝန်ထမ်းများက Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။ ၄င်း Thursday Talk အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် လစဉ်ခရိုင်အတွင်းရှိ ဝန်ထမ်းများမှ ဟောပြောဆွေး‌နွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် ခေါင်းစဉ်အလိုက် စိတ်ပါဝင်စားစွာမှတ်သားထားရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများမှလည်း ဟောပြောသူ၏ ဟောပြောချက်များအပေါ် ဖြည့်စွက်ဆွေးနွေးရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မော်မော်အောင် (ဒု-ဦးစီးမှူး)က စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာနှင့် Consumer Call Center နှင့်ပတ်သက်သည့်လုပ်ထုံးလုပ်နည်းများဆွေးနွေးခြင်းခေါင်းစဉ်ဖြင့် Consumer Call Center 1535၏ ရည်ရွယ်ချက်၊စားသုံးသူကာကွယ်ရေးဥပဒေနှင့်နည်းဥပဒေပါ တိုင်ကြားဖြေရှင်းနိုင်သည့်အချက်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အခန်း(၁၉)ပါညှိနှိုင်းဖြေရှင်းပေးခြင်းမပြုမီကြိုတင်ရှင်းပြရမည့်အချက်(၃)ချက်၊ လက်ခံဆောင်ရွက်ပေးမှုမရှိသည့် တိုင်ကြားမှုများနှင့် အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်းပုံစံအဆင့်၊တိုင်ကြားမှုလက်ခံရရှိပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ တိုင်ကြားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ စသည့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုနှင့် ဖြေရှင်ဆောင်ရွက်မှုအဆင့်ဆင့်တို့အား အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“မြစ်သားမြို့နယ်၊ ကူမဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

          ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၁၀)ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူးက) တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား / ကျောင်းသူများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုးပြောင်းလဲလာပြီး အလွယ်တကူစားသောက်လို့ရသည့်(အသင့်အစားအစာ)များကို စားသောက်လာကြကြောင်း၊ ဒီလိုစားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာစားသုံးသူတွေရဲ့အလိုကို လိုက်ပြီး အရောင်အသွေးလှပရန် နှင့် အနံ့အရသာပြည့်စုံရန် မျက်စိပသာဒရှိစေရန်အတွက် အသင့်အစားအစာတွေကို တရားမဝင်ဆေးဝါးတွေ၊ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီးထုတ်လုပ်လာ ကြတဲ့အတွက် လူတွေဟာအရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း၊ နာတာရှည်‌ရောဂါတွေဖြစ်ခြင်း၊ သေကျေပျက်စီးခြင်းတွေဖြစ်ပေါ်သည့်အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ဘက်ဂျက်ထိခိုက်ပြီး နိုင်ငံဖွံ့ဖြိုးမှုအတွက် ထိခိုက်လာလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ       Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးပြည့်စိုးဟန်က ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ မသန့်ရှင်းသောအစားအစာ၊ မသန့်ရှင်သောရေ၊ ယင်နားစာများ စားသောက်လျင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တက်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန်အတွက် သန့်ရှင်းသောရေ၊ သန့်ရှင်းသောအစားအစာနှင့် ယင်နားစာများစားသုံးခြင်းနှင့် အိမ်သာမှအထွက်တိုင်း လက်ကိုသန့်ရှင်းစင်ကြယ်စွာဆေးကြောရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ နှင့် ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ကိုအသုံးပြုရမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစပ်သော ရောဂါဖြစ်ကြောင်း၊ ရေကြည်ရေသန့်မှာပေါက်ဖွားသောခြင်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက ရေအိုးများကို ဖုံးအုပ်ထားရန်၊ မလိုအပ်သောရေများကိုသွန်ရန်၊ ဘုရားပန်းအိုးတွေကို တစ်ရက်တစ်ခါရေလဲပေးရန်၊ သွန်ရန်အခက်အခဲရှိတဲ့ရေတွေကို ရေစစ်ဖြင့်စစ်၍ ပိုးလောက်လန်းများကိုခပ်ပေးရမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေး၏ အဓိက ခြင်ပေါက်ရန်အတွက် ပိုးလောက်လန်းကအဓိကဖြစ်ကြောင်း၊ ပိုးလောက်လန်းကို ကြိုတင်နှိမ်နင်းပါက ခြင်ပေါက်ဖွားမှုကို ကာကွယ်ပေးကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်မှသာ အသက်ဆုံးရှုံးမှုများ  မဖြစ်နိုင်ကြောင်း စသည့် သိကောင်းစရာများ အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ/ ဆရာမများ နှင့်ကျောင်းသား/ ကျောင်းသူများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန်ကြီးထောင့်မြို့နယ်၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ တက်ရောက်ခြင်း

  ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူများ၊ ထူးချွန်ကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေး သော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယိုးဒယာခန်းမ အ.ထ.က (စက်၊ စိုက်၊ မွေး) ကန်ကြီးထောင့်တွင် ပြုလုပ်ခဲ့ပါသည်။

  ထိုဂုဏ်ပြုချီးမြှင့်ပွဲတွင် (၄) ဘာသာ ဂုဏ်ထူး (၁) ဦး၊  (၃) ဘာသာ ဂုဏ်ထူး (၃) ဦး၊  (၂) ဘာသာ ဂုဏ်ထူး (၈) ဦး၊  (၁) ဘာသာ ဂုဏ်ထူး (၁၈) ဦး၊ ထူးချွန်ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀) ဦး၊ ထူးချွန်ကျောင်း (၈) ကျောင်းနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမ (၃၁) ဦးအား ဂုဏ်ပြုချီးမြှင့်ဆုပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်‌သော ဒီဂျစ်တယ် အသိပညာခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် စားသုံးသူကာကွယ်‌ရေး ဥပဒေအကြောင်း ဟောပြောခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် စားသုံးသူကာကွယ်‌ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အကြီးတန်း စာရေး ဦးထက်အောင်လှိုင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အွန်လိုင်းမှတ်ပုံတင်စနစ်လျှောက်ထားခြင်းကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ကူမဲမြို့၊ မြို့မစျေးရှိ မဟာမိတ်ဆေးဆိုင်အားကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၀)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမျာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ကူမဲမြို့၊ မြို့မစျေးရှိ မဟာမိတ်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးအမျိုးမျိုးများအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ၊ ဆရာဝန်ညွှန်ကြားချက်မပါသော ပိုးသတ်ဆေးအမျိုးမျိုးတို့ကို ရောင်းချခြင်းမပြုရန်၊ လုပ်ငန်းလိုင်စင်ရှိ/ မရှိ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန်မသင့်သော ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ သောက်ဆေးအမျိုးမျိုး၊လိမ်းဆေးအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာ ဖြင့်ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်းများရောင်းချပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဦးရွှေ (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၈.၉.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါတောင်ရပ်ကွက် ရှိ ဦးရွှေ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များ ၏နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SUPER KIDDY အမှတ်တံဆိပ်ပါ တစ်ခါသုံး ကလေးသေးခံ ဘောင်းဘီသည် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မ တည့်ကြောင်းဖာ်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော် ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

“ မြစ်သားမြို့ရှိ Hyper link အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

           ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စက်တင်ဘာလ(၁၀)ရက်နေ့တွင် မြစ်သားမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြစ်သားမြို့ရှိ Hyper link အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား သွားရောက်ပြီး တာဝန်ခံနှင့် တွေ့ဆုံကာ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုပတ်သက်သည့် အချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များစသည့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်မျာအား လိုက်နာရန်လိုအပ်ကြောင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးသော အင်တာနက်ဝန်ဆောင်မှုတစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်းများ၊ အင်တာနတ်သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များမဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆက်သွယ်ရေး ကုမ္ပဏီများကပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းကြိုတင်အသိပေးဆောင်ရွက်သွားရန်နှင့် ဝန်ဆောင်မှုကို  ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်း (Terms and Conditions) များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန်စသည့်အချက်များနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေတာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဆံပင်ညှပ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် (၁၇..၂၀၂၅) ရက်နေ့ (၁:၀၀)အချိန်တွင် မိုးညှင်းမြို့၊ နမီးစုရပ်ကွက်ရှိ ဆံပင်ညှပ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်လည်ရောင်းချခြင်းကို ဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊   စီးပွားရေး လုပ်ငန်းရှင် ၏ တာဝန်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း စသည့်အချက်များ၊ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးခြင်းများဖြစ်သော မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘော တူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်း ပေးအပ်စေခြင်း၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၈.၉.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ခေမာသီရီရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဦးတင်ဦး(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ရွှေခဲ‌ အမှတ်တံဆိပ်ပါ  ရှောက်သံပုရာရည်အရသာ ဆော့စ်တွင်  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်း ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးတင်ဦးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ