သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပရိဘောဂပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၃.၄.၂၀၂၅ ရက် နေ့တွင် ရန်ကင်းရပ်ကွက် အတွင်းရှိ ပရိဘောဂပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည် နှင့်ဝန်ဆောင်မှု၏  အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ‌ဆက်ဆံခြင်း၊ စားသုံးသူက နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှု မရှိပါက ကတိပြုထားသည့် အတိုင်း တာဝန်ယူ ဆောင်ရွက်ပေးခြင်း စသည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍  အာမခံချက် ပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊       သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ အာမခံချက် ပေးထားသည့် ကာလ သို့မဟုတ်       အသုံးပြုနိုင်မည့် ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်းစသည့် အချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်  တာဝန်ရှိမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မုံရွာမြို့၊ ရက်ကန်းသင်တန်းကျောင်းတွင် အွန်လိုင်းစနစ်ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပေးဟောပြော

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲ တာဝန်ခံသည် (၁.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မုံရွာမြို့၊ ရက်ကန်းသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံ စက်ချုပ်သင်တန်း၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ  အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ  ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းသည် Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းကို  အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းကို အွန်လိုင်း စနစ်ဖြင့် အရောင်းအဝယ် လုပ်ကိုင်နေသူ မည်သူမဆို မှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင် ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံများတွင် ဖြည့်သွင်းပြီး အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်ကြောင်း၊ အွန်လိုင်း(Online) မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား (၂)မျိုးရှိပြီး အမျိုးအစား(၁) ကုမ္ပဏီ(သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ အမျိုးအစား (၂)မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ လိုအပ်သည့်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များ၊ သက်တမ်းတိုးကြေးများ၊ ပြင်ဆင်ချက် တစ်ချက်ပြင်ဆင်လိုလျှင် သတ်မှတ်ထားသည့် ပြင်ဆင်ကြေးများအကြောင်းနှင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီး ရောင်းချနေသူများအတွက် ရရှိ နိုင်မည့် အခွင့်အရေးများအကြောင်းတို့ကို စားသုံးသူပြည်သူ စုစုပေါင်း(၂၀)ဦး တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သိလိုသည်များ မေးမြန်းခြင်းကို ပြည်လည် ဖြေကြားပေးခဲ့ပြီး ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Online မှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို  ရှင်းလင်းဆွေးနွေး အသိ ပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၆,၇၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်၊ မေလ ၄

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊မေလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရန်ကုန်အထိုင် ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၇၀၀ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

              အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

ကုန်ဈေးနှုန်းတည်ငြိမ်စေရေး စားသုံးဆီအရောင်းကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံခြင်း

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရှေးရှု၍ နိုင်ငံတော်က နိုင်ငံခြားငွေ ရင်းနှီးထုတ်ပေး၍ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူနိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးလိုက်သော စားအုန်းဆီ လိုက်လံရောင်းချသည့် ဈေးကား(၇)စီးအား ကြီးကြပ်ရသည့် ဝန်ထမ်းများနှင့် တွေဆုံမှာကြားခြင်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ နေ့လယ်(၁၃:၃၀) အချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     တွေ့ဆုံခြင်းအခမ်းအနားတွင် တိုင်းဦးစီးမှူးက သတ်မှတ်ထားသော အရေအတွက်တိုင်း အမှန်တကယ် ရောင်းချရေး၊  သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ မရှိစေရေး၊ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေးနှင့် အခြားအခက်အခဲများရှိပါက အကြံပြု တင်ပြနိုင်ရေး၊ ဝန်ကြီးချုပ်မှလည်း အလေးထားဆောင်ရွက်ရေး မှာကြားထားကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံမှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျိုက်လတ်မြို့ပေါ်ရှိ “မြမြင့်မိုရ်” မုန့်ဟင်းခါးဖတ် လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

     ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-မြို့နယ်တာဝန်ခံ ဦးတင်စိန်နှင့် ပုသိမ်တိုင်းရုံး သတင်းဌာနခွဲမှ  ဦးမင်းမင်းဦးတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျိုက်လတ်မြို့ပေါ်ရှိ “မြမြင့်မိုရ်” မုန့်ဟင်းခါးဖတ် လုပ်ငန်းသို့ သွားရောက်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု၊ ရောင်းချမှု ဈေးနှုန်းဈေးကွက် အခြေအနေတို့အား လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

     မြမြင့်မိုရ်  မုန့်ဟင်းခါးဖတ် လုပ်ငန်းရှင်မှ တစ်နေ့လျှင် ကုန်ကြမ်း ဆန်ကွဲ ၂ အိတ် အသုံးပြုပြီး လုပ်သားအင်အား ၃ဦး နှင့်မိသားစုဝင်(၂)ဦး ပါဝင်၍ လုပ်သားတစ်ဦးလျှင် တစ်နေ့လုပ်ခ (၅၀၀၀)ကျပ်နှုန်း ပေးရပြီး ရင်းနှီးမြှုပ်နှံမှုမှာ မုန့်ဟင်းခါးညှစ်စက်အပါအဝင် သိန်း(၂၀၀)ဝန်းကျင်ရှိပြီး တစ်ပိုင်တစ်နိုင်လုပ်ကိုင် နေသော အသေးစားMSMEs လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဆန်ကွဲတစ်အိတ်ကို (၆၂၀၀၀) ကျပ်ဈေးဖြင့် ဝယ်ယူပြီး တစ်အိတ်လျှင် မုန့်ဟင်းခါးဖတ် ပိဿာ (၅၀) ရရှိပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာကို ကျပ်၂၀၀၀ဈေးဖြင့် ရောင်းချရာတွင် ကျပ်(၁၀၀၀၀၀)ရရှိပြီး ဆန်ကွဲတစ်အိတ်လျှင် အမြတ် (၃၈၀၀၀)ကျပ် ရရှိ၍ ဆန်ကွဲ၂အိတ်အမြတ်မှာ (၇၀၀၀၀)ဝန်းကျင် ရရှိကြောင်း သိရသည်။ မိုးတွင်းကာလ အလှူအတန်းများ ပြုလုပ်ရာတွင် အော်ဒါမှာယူသူများရှိပြီး တစ်နေ့လျှင် ဆန်ကွဲ (၅)အိတ် (၆)အိတ်အထိ မုန့်ဟင်းခါးဖတ်များ ပြုလုပ်ရသည့်အတွက် အရောင်းအဝယ်သွက်လျက် ပို၍အကျိုးအမြတ်ရရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပုဂ္ဂလိကစက်မှု လုပ်ငန်းမှတ်ပုံတင်ထားရှိပြီး ဧရာဝတီ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင်လည်း “မြမြင့်မိုရ်” မုန့်ဟင်းခါးဖတ်လုပ်ငန်းကို စားသောက်ကုန်လုပ်ငန်းအဖြစ် မှတ်ပုံတင်ထားရှိကြောင်း လုပ်ငန်းရှင် ဦးဇင်မျိုးဆက်ထံမှ သိရကြောင်း ကွင်းဆင်း စစ်ဆေးမှုအရ သိရှိရသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့ “ဂွတ်ရှယ်” သုံးထောင့်မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ၊ ဒေါ်ကြည်ကြည်စိုး၊ တိုင်းရုံး သတင်းဌာနခွဲမှ ဦးမင်းမင်းဦး တို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ဘိုကလေးမြို့ (၃) ရပ်ကွက်ရှိ “ဂွတ်ရှယ်” သုံးထောင့်မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

    “ဂွတ်ရှယ်” သုံးထောင့်မုန့်လုပ်ငန်းမှ သုံးထောင့်မုန့်၊ အငံမုန့်၊ ပဲဖရုံမုန့်၊ လေးထောင့်မုန့်များ ထုတ်လုပ်လျက်ရှိပါသည်။ ပါဝင်ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ကြက်သွန်၊ ကြက်ဥ၊ ကုလားပဲများ ပါဝင်၍ မုန့်တစ်ဘူးကို (၆) ခုဖြင့် တစ်နေ့လျှင် မုန့်ဘူး ၂၀၀ ထုတ်လုပ်ပြီး မုန့်တစ်ဘူးကို ၂၇၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ လုပ်သားအင်အားအနေဖြင့် ၈ဦးရှိပြီး တစ်ဦးကို တစ်လလျှင်(စားစရိတ်ငြိမ်း) လုပ်ခ ၁၅၀၀၀၀ ကျပ် ပေးရပြီး ဈေးကွက်အနေဖြင့် ဘိုကလေးမြို့ပေါ်ရှိ မုန့်ဆိုင်များနှင့် ဖျာပုံ၊ ‌မော်ကျွန်း၊ကဒုံဧရာ၊ စက်စုကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ထုတ်လုပ်သော ကုန်စည်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ အရည်အသွေး ပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်သော ကုန်ပစ္စည်းများ အပေါ်တွင်  သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြရန်နှင့် အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အလေးထားဆောင်ရွက်ရန် အသိပညာပေး‌ ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ “ပွင့်သစ်စ” မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ် လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုး၊ တိုင်းရုံး သတင်းဌာနခွဲမှ ဦးမင်းမင်းဦး တို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ဘိုကလေးမြို့ (၁၀) ရပ်ကွက်ရှိ ဦးမြင့်သိန်းပိုင်  “ပွင့်သစ်စ” မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ် လုပ်ငန်းသို့ သွားရောက်၍ အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ပါသည်။

      “ပွင့်သစ်စ” မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ် လုပ်ငန်းမှာ ဆန်ကွဲနှင့် ငစိန်ဆန်တို့ကို အသုံးပြုပြီး ထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်၍ ကုန်ကြမ်းအိတ်ရေ ၈၀၀၀/၁၀၀၀၀ အိတ် သိုလှောင်ထားရှိပြီး တစ်နေ့လျှင် ဆန်ကွဲ အိတ်ရေ ၁၀၀ ခန့်ဖြင့် မုန့်ဟင်းခါး ၊ ခေါက်ဆွဲဖတ်များ ထုတ်လုပ်လျက်ရှိပါသည်။ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် မုန့်ပိဿာချိန် ၅၀၀၀ ထုတ်လုပ်လျှက်ရှိပြီး မုန့်တစ်ပိဿာ ဈေးနှုန်းမှာ လက်လီ/လက်ကား တစ်ပိဿာကျပ် ၂၀၀၀/ ၁၈၀၀ ဈေးဖြင့် ရောင်းချပြီး လုပ်သားဦးရေ ၄၈ ဦး ရှိပြီး လုပ်သားတစ်ဦးကို တစ်နေ့လျှင် လုပ်ခကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ အတွင်းပေးရပြီး ဈေးကွက်မှာ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်ကျွန်း၊ ကျိုက်ပိ၊ ကဒုံဧရာ၊ နောက်မီး ဒေသများအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လုပ်ငန်းရှင်ထံမှ သိရသည်။

     စားသုံးသူရေးရာဦးစီးဌာနမှလည်း ထုတ်လုပ်သော ကုန်ပစ္စည်းများ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကြာရှည်ခံ ဓာတုဆေးဝါးများ သုံးစွဲခြင်းမပြုစေရေးကို အလေးထားဆောင်ရွက်လိုက်လံစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တားမြစ်ချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် ပဲမျိုးစုံဝယ်ရောင်းကုန်သည်များအား အသိပညာပေးဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် ၂၀၂၅ခုနှစ် ဧပြီလ ၁ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အိုင်သပြုကျေးရွာအတွင်းရှိ ပဲမျိုးစုံ ရောင်းဝယ်နေသော ကုန်သည်များအား အသိပညာပေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက လေးမျက်နှာ မြို့နယ်အတွင်း ပဲမျိုးစုံရောင်းဝယ်နေသော ကုန်သည်များအနေဖြင့် တောင်သူများထံမှ ဝယ်ယူရာတွင်လည်း အရည်အသွေး၊ အရေအတွက်အပြင် ငွေပေးချေမှု ကတိကဝတ်များ မှန်ကန်စေရေးမှာလည်း အရေးကြီးကြောင်း၊ အလေးချိန်၊အရည်အတွက်တိုးအောင် မသမာသောနည်းလမ်းဖြင့် ရောင်းဝယ်မှု မပြုလုပ်ရန်၊ ကုန်စည် အရောင်းအဝယ် ပြုလုပ်ရာတွင် ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်းကာ  အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်ဦးစီးမှူးမှ အိမ်သုံးဆေးဝါးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၁.၄.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၉:၃၀)အချိန်တွင် ဟင်္သာတမြို့ပေါ်ရှိဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများပြတ်လတ်မှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဟင်္သာတမြို့ပေါ် တွင်ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးအရောင်းဆိုင်များတွင် ဆေးဆိုင် တာဝန်ရှိသူများအား အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်သိမ်းဆည်းထားခြင်း မပြုရန်၊ FDA ထောက်ခံချက်မရှိသော ဆေးဝါးများရောင်းချမှုမပြုရန်၊ သက်တမ်းလွန်သောဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်မှ မြို့နယ်ဦးစီးမှူးအား “ရာသီချိန်သောက်သောဆေးဝါးများပြတ်လတ်မှုမရှိပဲ ပုံမှန်အတိုင်းရောင်းဝယ်မှုရှိပါကြောင်း၊ ဈေးနှုန်းများမှာလည်း ယခင်လထက်ယခုလတွင် ဈေးနှုန်းကျဆင်းလာကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိပါကြောင်း” ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

လေးမျက်နှာမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁.၄.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင်  လေးမျက်နှာမြို့၊ ပခမ်းကျေးရွာ၊ အမှတ်(၅)ရပ်ကွက်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လေးမျက်နှာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် မတ်ပဲသီးနှံအပေါ် ဈေးနှိမ် ဝယ်ယူမှု ရှိ/မရှိ၊ လက်ရှိဝယ်ယူနေသော ကွင်းပေါက်ဈေး၊ ပွဲရုံအရောက်ဈေးများအား မေးမြန်း ဆွေးနွေးခဲ့ပါသည်။ ဒေသတွင်း ကုန်သည်များအနေဖြင့် တောင်သူများအပေါ် ဈေးနှိမ်ဝယ်ယူမှု မရှိကြောင်း၊ ကာလပေါက်ဈေး၊ ဒေသပေါက်ဈေးများဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ