သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

   စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မြို့မဈေးရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးနှင့် ရွှေကူရပ်ကွက် ကုန်စုံဆိုင်များသို့ အရန်အသင့် အစားအစာအမျိုးမျိုးကို လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ယွန်းတန်းရပ်ကွက် ကုန်စုံဆိုင်များနှင့် တည်ကုန်းတောင်ပိုင်း ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးနှင့် အရန်အသင့်အစားအစာ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေး ကုန်စုံဆိုင်များ၊ ပန်းတောင်းဈေးကုန်စုံဆိုင်များနှင့် ပန်းတောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးနှင့် အရန်အသင့်အစားအစာအမျိုးမျိုး ကိုလည်းကောင်း၊ ပေါက်ခေါင်း မြို့နယ်တွင် မြို့မဈေးကုန်စုံဆိုင်များနှင့် အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီ အမျိုးမျိုးနှင့် အရန်အသင့်အစားအစာအမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပါသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

သထုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော “အသင့်သောက်အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

   ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ သထုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အသင့် သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးကိုသာရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း၌  ပြည်ခရိုင်တွင် မြို့သစ်ရပ်ကွက်၊ ဈေးလမ်းရှိ ဦးထက်လင်း‌ အောင်၏ “ထက်လင်း” ဆန်ရောင်းဝယ်ရေး လုပ်ငန်း၊ ဒေါ်ကြည်စန်း၏ “KTT”ဆန်ရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်း၊ မြို့သစ်ရပ်ကွက် (၆/၄)ကွက် ၊ ဒေါ်ယုယုနိုင်၏ “မြတ်ကြယ်စင်” ဆေးဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက် ကင်ပွန်းခြုံလမ်းရှိ ဒေါ်ခင်မာဝင်း၏ “လင်းရောင်ခြည်” ယိုမျိုးစုံလုပ်ငန်းသို့လည်းကောင်း၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ ဦးမျိုးအောင်၏ “သရဖူ”ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင် ဒေသရှိ ဒေါ်ကြည်ကြည်လှိုင်၏ “ထက်အောင်” ဆန်ရောင်းဝယ်ရေး၊ ဦးကိုလေး၏ “အောင်မာဃ" အိမ်ဆောက်ပစ္စည်းဆိုင် လုပ်ငန်းသို့လည်းကောင်း၊ ဦးဇော်မိုးနိုင်၏ “ဆေးနန်းတော်”ဆေးဆိုင်သို့ လည်းကောင်း၊ ဒေါ်ဝင်းဥမ္မာ ဆန်ဆိုင်သို့လည်းကောင်း၊ ဦးတင်နိုင်ဝင်း၏ “သုခပြည့်စုံ” စိုက်ပျိုးရေးဆေးဆိုင် လုပ်ငန်းသို့လည်းကောင်း၊ ဦးမြတ်မိုးကျော်၏ “မိဘဂုဏ်ရည်” ဆေးဆိုင်သို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၅)ရပ်ကွက်ရှိ ဦးစိုးနိုင်၏ ဆန်ဆိုင်လုပ်ငန်းသို့ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူး ရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တာမွေမြို့နယ်၊ ရာပြည့်ဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာ ရေး)နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ်၊ ရာပြည့်ဈေးအတွင်းရှိကုန်စုံဆိုင်များသို့(၂၂-၁၀-၂၀၂၅ )ရက်နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်တွင် သွားရောက်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြ ချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်း ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ် များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

    ၁၇.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း၊ ဒု-ဦးစီးမှူး ဦးစည်သူနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ (အ.မ.က) သင်တောကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူအခွင့်အရေး (၈) ချက် နှင့် တာဝန် (၄) ရပ်အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နေရာနှင့် နည်းလမ်းများအကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားပြီး Consumer Call Center (1535) သို့ ခေါ်ဖုန်းခေါ်ဆိုသရုပ်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၄) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၈၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးသို့ လက်ကမ်းစာစောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်တွင် ဆန်၊စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်ခြင်း သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

     ၁၇.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒု-ဦးစီးမှူး ဦးစည်သူတို့သည် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ခြင်း သက်တမ်းတိုး ဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်း‌ဆောင်ရွက်ရာတွင် သထုံမြို့၊ ပေါ်တော်မူကျေးရွာရှိ ဒေါ်အေးခင် ပိုင်ဆန်စက်နှင့် သိုလှောင်ရုံအား MyRo တွင်မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်၊ စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဉ်ပုံမှန် ဖြည့်သွင်းရန်၊ ဆန်၊ စပါး သိုလှောင်ထားရှိမှု အခြေ အနေ၊ ဆန်ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိ၊ ဈေးကွက်၊ ဈေးနှုန်းနှင့် ဆန်/စပါး ရောင်းဝယ်ဖောက်ကားမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        DOCA (မွန်)

တာမွေမြို့နယ်၊ အထက(၃)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲခြင်း နှင့် ကျောင်းမုန့်ဈေးတန်းများ စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး) နှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၂.၁၀.၂၀၂၅)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် တာမွေမြို့နယ်၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင် တိုင် ကြားနိုင်ရန် CICC ရုံးခန်းများဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

    ထို့နောက် ဒေါ်အေးအေးမော်က စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး ()ချက်အကြောင်းအရာများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်း များနှင့် အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများသိရှိရမည့်အကြောင်းအရာများကိုရှင်း လင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်အသင့် သောက်အချိုရည်တို့တွင် စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသော မုန့်များအားရောင်းချခြင်းမပြုရန်၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောဈေးသည်များအား သန့်ရှင်းလတ်ဆက်သောမုန့်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် စားသောက်ကုန်များအားရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကျောင်းသား/ကျောင်းသူများအားဘေး အန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်၊ ပြည်မြို့တွင် အ.ထ.က(ဝါရုံ)ကျောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ရွှေတောင်မြို့ နယ်တွင် အ.ထ.က(ရွှေတောင်)ကျောင်း၊ အ.လ.က(ခလရ-၁၄)ကျောင်း၊ အ.မ.က(ကြာနီကန်) ကျောင်း၊ အ.မ.က(မင်းတဲကျွန်း) ကျောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက် ခြင်းကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် မူလွန်(ဝန်လို)ကျောင်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အ.မ.က (အမှတ်-၂)ကျောင်းနှင့်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည်စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

သထုံမြို့နယ် ကင်မွန်းချုံကျေးရွာရှိ ဒေသထွက်ယိုစုံဖြစ်သော ထက်နဂါးယိုမျိုးစုံ လုပ်ငန်းသို့ သွားရောက်ခြင်း

    မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မိုးကောင်းကျေးရွာအုပ်စု၊ ကင်မွန်းချုံရွာ၌  ‌ဒေသထွက် ကုန်ဖြစ်သော ထက်နဂါးယိုစုံလုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒု-ဦးစီးမှူး ဦးစည်သူတို့သည် (၁၆.၁၀.၂၀၂၅)ရက် နေ့လည် (၁၂း၀၀)နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။

     ဒေသထွက်ကုန်ယိုစုံဖြစ်သော ထက်နဂါးယိုမျိုးစုံလုပ်ငန်းမှ သရက်ယို၊ မရမ်းယို၊ ကတွတ်ယို၊ ရှောက်ယို၊

ဇောင်းလျှားယို၊ ခရမ်းချဥ်သီးယို၊ နာနတ်ယို၊ ဇီးယိုနှင့် ဒူးရင်းယိုတို့ ထွက်ရှိပြီး တစ်နေ့လျှင် ကုန်ထုတ်မှု (၂၅) ပိဿာခန့်ရှိပါသည်။ တစ်နေ့လျှင် ဖြန့်ဖြူးမှု ပမာဏမှာ ပျမ်းမျှအားဖြင့် (၁၅) ပိဿာမှ (၃၀) ပိဿာထွက်ရှိပြီး မော်လမြိုင်၊ မုဒုံ၊ ရေး၊ ကျိုက်ထို၊ ဘားအံ၊ ရန်ကုန်နှင့် သထုံမြို့တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        DOCA (မွန်)

တာမွေမြို့နယ်၊ ရာပြည့်ဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီ အချိန်တွင် တာမွေမြို့နယ်၊ ရာပြည့်ဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်အေးအေးမော်(ရုံးအုပ်)သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁)ပုဒ်မခွဲ(ခ)၊ (ဂ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်/ကုန်ဆုံးရက်စွဲ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာ သာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်းသိလိုသည် များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများတိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာ ပေးပြောကြားခဲ့ကြောင်း သတင်ရရှိပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ