HighLight News

Powered by Drupal

ဟင်္သာတခရိုင်မှ ၂၅ မှတ်ဆန်များ ပြည်ပတင်ပို့လျက်ရှိပြီး ဆန်ထွက်ပစ္စည်းများဈေးကောင်းရလျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ဧည့်မထ ၂၅ မှတ်ဆန်များကို ပြည်ပတင်ပို့ရန်အတွက် ဇလွန်မြို့နယ်ဆိပ်ကမ်းတွင် သင်္ဘောတင်လျက်ရှိပါသည်။ ဇလွန်ဆိပ်ကမ်းမှတဆင့် ရန်ကုန်မြို့ သို့သယ်ယူပြီး ဆူးလေဆိပ်ကမ်းတွင် နိုင်ငံခြားသင်္ဘော‌ ပေါ်သို့ ပြောင်းရွှေ့တင်ပို့ရကြောင်း သိရှိရပါသည်။ ထို့သို့တင်ပို့ခြင်းကို ဧရာဟင်္သာ ကုမ္ပဏီမှ တင်ပို့ခြင်းဖြစ်ပြီး၊ ဝယ်ယူသည့် ကုမ္ပဏီမှာအန္ဒိယကုမ္ပဏီ Indosino ကုမ္ပဏီဖြစ်ကြောင်းသိရှိရပြီး၊ တင်ပို့နေမှု အခြေအ နေများကို စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ (၃.၁၂.၂၀၂၁) နေ့တွင် ဇလွန် ဆိပ်ကမ်းသို့ ကွင်းဆင်းလေ့လာခဲ့ရာ ၊ တာဝန်ခံတင်ပို့သူ ဦးဖြိုးမောက်မှ တန်ချိန် ၁၂၅၀ ၊ အိတ် ၂၅၀၀၀ တင်ပို့မှာဖြစ်ကြောင်း၊ ဟင်္သာတ ၊ ဇလွန်နှင့် အင်္ဂပူမြို့နယ်များမှ ဆန်များဖြစ်ကြောင်း၊ ယခုလိုတင်ပို့ရန်အတွက် စက်တင်ဘာလမှာစပြီး ကြိုတင်ဝယ်ယူထားရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားပါသည်။

       ဆန်အများစုမှာ ရွှေဧရာ၊ မှော်ဘီ ၃၊ ဆင်းသုခ နှင့် ကရင်မ ဆန်များဖြစ်ပြီး၊ အရည်အသွေး အားဖြင့် ပျမ်းမျှ အလျား ၅.၅ မီလီမီတာမှ ၆.၂ မီလီမီတာ အတွင်း၊ ဆန်လုံးပြည့်နှင့် ဆန်သား(Whole Kernels & Head Rice) ၇၀ မှ ၇၅ ရာခိုင်နှုန်းအတွင်း၊ ဆန်ကွဲ(Broken)၂၈ ရာခိုင်နှုန်းနှင့်အောက်၊ ဆန်ဝါ(Yellow Kernels) ၂ရာခိုင်နှုန်း၊ ဗိုက်ဖြူ(Chalky Kernels) ၂ ရာခိုင်နှုန်း ပါဝင်ခွင့် ပြုထားသော ဧည့်မထ မြန်မာ ၂၅% ဆန်များဖြစ်ကာ၊ အသားတင်တစ်အိတ်အလေးချိန် ၅၀ ကီလိုဂရမ်ရှိပြီး အရည်အသွေးစစ်ဆေးခြင်းကို SGS ကုမ္ပဏီနှင့် အဝယ်ဘက်မှ ကိုယ်စားလှယ် တစ်ဦးတို့က စီစစ်လက်ခံလျက်ရှိကြောင်းနှင့် နိုဝင်ဘာ လတုန်းကလည်း အိတ် ၃၀၀၀၀၊ တန်ချိန် (၁၅၀၀) ကိုလည်း စင်္ကာပူကုမ္ပဏီ အတွက် ဇလွန် ဆိပ်ကမ်းမှပင်တင်ပို့ခဲ့ကြောင်း၊ ယခု သင်္ဘောမှာလည်း (၄.၁၂.၂၀၂၁) နေ့တွင် ဇလွန်ဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်ပြီး၊ ယခု ဒီဇင်ဘာလကုန်တွင်လည်း နောက်ထပ် တန်ချိန် ၁၀၀၀ တင်ပို့ မည်ဖြစ်ကြောင်းတို့ကိုလည်း သိရှိရပါသည်။

       ဟင်္သာတခရိုင်အတွင်းမှ ၂၀၂၁ ခုနှစ်ထွက် မိုးစပါး ဧည့်မထ ၂၅% ဆန်အိတ် ၇၅၀၀၀ ခန့် ပင်လယ်ရေကြောင်းမှ ပြည်ပတိုက်ရိုက်တင်ပို့နိုင်မှာဖြစ်ပြီး ၊ နယ်စပ်ကုန်သွယ်မှုများ (အထူးသဖြင့် ) တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပါက ကုန်သွယ်မှုများ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ ယခု ဒီဇင်ဘာ လဆန်းတွင် ဟင်္သာတ ခရိုင်အတွင်း၂၀၂၁ ခုနှစ် မိုးစပါး (၄၆) ပေါင်၊ အစိုဓာတ် (၁၄-၁၇ )ရာနှုန်း တင်းတရာလျှင် ၆၅၀၀၀၀ မှ ၆၈၀၀၀၀ ကျပ် ဈေး ပေါက်လျက်ရှိပြီး၊ ဧည့်မထ ဆန် (၂၅) မှတ် ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၃၀၀၀ ကျပ်၊ ဆန်ကွဲ (1 & Extra) ၁၀၈ပေါင် တစ်အိတ်လျှင် ၂၂၅၀၀ ကျပ်၊ ဆန်ကွဲ (၁၊၂) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၂၀၀၀ ကျပ်၊ ဆန်ကွဲ (၂၊၃၊၄) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၁၇၀၀ ကျပ်၊ ဖွဲနုပေါင် (၇၀) တစ်အိတ် လျှင် (၉၄၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဈေး ကောင်းရလျက်ရှိပါတယ်။ ဆန်ကြိတ်ခွဲရာတွင် စပါးအခွံချွတ်စက် (Husker) မှ ထွက်ရှိသော ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် ဝက်စားဖွဲကြမ်း ပေါင် (၄၀) တစ်အိတ်လျှင် ယခင်နှစ်များက ၄၀၀ ကျပ် ၅၀၀ ကျပ်ဈေးရှိရာမှ ယခုနှစ်တွင် အထက်အညာဒေသမှ အဝယ်ရှိသည့်အတွက် တစ်အိတ်လျှင် ၈၀၀ ကျပ် ဈေးဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

စစ်ကိုင်းတိုင်းနှင့်ရွှေဘိုပေါ်ဆန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်းဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးသည် နိုင်ငံတော်၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ နိုင်ငံတော်၏ တောတောင်ရေမြေ ရာသီဥတုအနေအထားသည် ကောင်းမွန်ပြီးစိုက်ပျိုးရေးမြေပေါကြွယ်ဝသည့်အလျောက် စိုက်ပျိုးရေးကဏ္ဍဖြစ်သည့်ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာဆန်စပါးသည် မြန်မာနိုင်ငံရဲ့အဓိကစားနပ် ရိက္ခာ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏  တတိယစပါးကျီတစ်ခုဖြစ်သည့် အား‌လျော်စွာ ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမ စပါးကျီအဖြစ် ရပ်တည်လျက် ရှိပါသည်။ ရွှေဘိုဒေသတွင်သဖန်းဆိပ်ဆည်‌ရေဖြင့် စပါးစိုက်လယ်ဧက (၄.၄) သိန်းခန့်ရှိရာ မိုးရေချိန် လက်မ(၄၀)ရှိသည့်အတွက် အထွက်နှုန်းရော အရည်အသွေးရော ကောင်းမွန်ပြီး ရွှေဘိုပေါ်ဆန်းစပါးကို ၂၀၂၁ ခုနှစ်တွင် (၄) သိန်းနီးပါး တိုးတက်စိုက်ပျိုး လာကြသည်ကို စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

ရွှေဘိုပေါ်ဆန်းစပါးသည် ရွှေဘိုဒေသ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ခြင်းတို့ကြောင့် တင်ပို့ရောင်းချသူများအနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည် ကိုသိရှိရပါသည်။ ထိုသို့ ပြည်ပဈေးကွက်ရရှိရန်အတွက်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အထွက်နှုန်းကောင်းသော၊ အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ဈေးကွက်ခိုင်မာသော စပါးမျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ GAP စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းအစရှိတဲ့ နည်းလမ်းတွေကို လိုက်နာအကောင်အထည်ဖော်ဆောင်ပြီး မြန်မာ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာလဲ ရွှေဘိုပေါ်ဆန်းကို ဦးစားပေးစိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။

၁၉၉၇-၁၉၉၈ ခုနှစ်ခန့်က ရွှေဘိုမြို့နယ်၊သီးလုံးကျေးရွာရှိ တောင်သူ(၁)ဦးက ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး(၄)ပြည်ယူဆောင်ပြီး စမ်းသပ် စိုက်ပျိုးခဲ့ရာမှစတင်ခဲ့ပါသည်။ စိုက်ပျိုးခါစတွင် တောင်သူကြိုက်နှစ်သက်မှုနည်းခဲ့သော်လည်း နှစ်အနည်း ငယ်ကြာလာသည်နှင့်အမျှ မိမိတို့ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသဖြင့် စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက် နှုန်းကောင်းခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်းတို့ကြောင့် အသုံးများပြီးလူကြိုက်များလာခဲ့ရာ တောင်သူအချင်းချင်းမျိုးဖလှယ်၍ စိုက်ပျိုးမှုမှာတစ်စတစ်စများလာခဲ့ပါသည်။

ပေါ်ဆန်းဘေးကြားဆန်ကို ၂၀၀၂-၂၀၀၃ ခုနှစ်ခန့်က မိုးကုတ်ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကွက်စတင်ခဲ့ပြီး ရွှေဘိုမြို့ဆန်ကုန်သည်များက စတင်ဝယ်ယူခဲ့ကြပါသည်။ ၂၀၀၄-၂၀၀၅ ခုနှစ် မိုးစပါးရာသီတွင် ရွှေဘိုမြို့ချီပါမျိုးသန့်ခြံက ရေးဆင်းစိုက်ပျိုးရေးသုတေသနဌာနမှ ပေါ်ဆန်းဘေးကြား အဆင့်တစ် တင်း(၆၀) သယ်ယူ၍ မျိုးပွားခြင်း၊ သီးလုံးကျေးရွာရှိ တောင်သူများက အကျိုး ဆောင်မျိုးပွားခြင်းများ စတင်ဆောင်ရွက်ခဲ့ပြီး ထွက်ရှိတဲ့မျိုးပမာဏ မလုံလောက်တဲ့အတွက် နောက်ပိုင်းကာလများ တွင်ရေးဆင်းသုတေသနမှမျိုးမှာယူပြီး နှစ်စဉ်ပေါ်ဆန်းဘေးကြား မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူး နိုင်ခဲ့သည့်အတွက် ထိုအချိန်များတွင် သီးလုံးရွာက ပေါ်ဆန်းမျိုးစပါးတင်း(၁၀၀)ဈေး က ရိုးရိုး စပါးဈေးနှုန်းထက်ကျပ်(၃)သိန်းခန့်ပိုရခဲ့သည်။ ထိုကောင်းကွက်များကြောင့် ရွှေဘိုပေါ်ဆန်း စပါးမျိုးကို ရွှေဘိုမြို့နယ်တင်မကဘဲ ခရိုင်အတွင်းမှာရှိတဲ့ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စတဲ့မြို့နယ်များအထိပါ တိုးချဲ့စိုက်ပျိုးလာကြပြီး ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်အဖြစ်ထင်ရှားလာကာ ၂၀၀၆-၂၀၀၇ ခုနှစ်ခန့် ကစပြီး မန္တလေးဈေးကွက်မှာ “ရွှေဘိုပေါ်ဆန်း” ဆိုပြီးနေရာရလာခဲ့ရပါသည်။ ယခုကာလတွင် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများကလဲ ခေတ်မီလာပြီး စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ GAP စနစ်နှင့်အညီ စနစ်တကျစိုက်ပျိုးလာကြပြီး မိမိတို့၏ စိုက်ခင်းများကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ကြရုံမက စိုက်ခင်းထဲမှာ အနည်းငယ်တွေ့ရုံမျှနှင့် ရန်သူလိုသတ်မှတ်ပြီး ရှင်းလင်း နေကြသည်အထိဖြစ်ပါသည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် မီးဒုန်းအုပ်စုဝင်ဖြစ်ပြီး သက်ကြီး၊ သက်လတ်၊ သက်လျင်ဟူ၍ (၃)မျိုးရှိသည့်အထဲမှ သက်လတ်ရာသီ စပါးရွှေဘိုပေါ်ဆန်းက ဈေးကွက်ဝင်ပြီး လူကြိုက် အများဆုံးဖြစ်ပါသည်။

ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏ ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း ဆန်ထွက်ကောင်းပြီး ဆန် အရည်အသွေးနှင့်ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှု နည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံမွှေးပြီးနူးညံ့သဖြင့် စားကောင်းသည့် ဆန်ဖြစ်သည့်အပြင် ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော  အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန်(World Best Rice)” အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းဈေးကွက်တွင် အများဆုံး‌ရောင်းချရပြီး ပြည်ပဈေးကွက်တွင်လည်း “မြန်မာ့ပုလဲ” အမည်ဖြင့် ရောင်းချလျက်ရှိသည်ကို မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးမှုများအရ သိရှိရပါသည်။

ရွှေဘိုပေါ်ဆန်းအဖြစ် လူသိများလာသော ၎င်းစပါးသည် ဒေသမျိုးများတွင် အရည်အသွေး အကောင်းဆုံးစပါးမျိုးဖြစ်လာခဲ့ပါသည်။ အခုချိန်များတွင် ရွှေဘိုပေါ်ဆန်း ဆန်ဈေးကွက်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးများအပါအဝင် မြန်မာပြည် အနှံ့တင်ပို့ရသည်အထိ ဈေးကွက်ကျယ်ပြန့်လာခဲ့ပါသည်။ ဥပမာပြောပါက ဝန်ထမ်းအများစုနေထိုင်တဲ့ နေပြည်တော် မှာဆိုရင်ရွှေဘိုမြို့က ထုတ်လုပ်တဲ့ သိင်္ဂီရွှေဘိုပေါ်ဆန်းဆိုရင် ဝန်ထမ်းအတော်များများ အကြိုက်တွေ့ပြီး စားသုံးမှုများပါသည်။ ထို့အပြင် တောင်ပေါ်ဒေသဖြစ်သော ရှမ်း၊ ကယား၊ ကရင်စသည့်  ပြည်နယ်မြို့များတွင်လည်း ဈေးကွက်ရပြီး     ဝယ်လိုအားကောင်းသောဆန်ဖြစ်ပါသည်။ ရွှေဘိုမြို့ရှိ နာမည်ကြီးဆန်စက်ကြီးများ ဖြစ်သော စိန်ငါးပွင့်၊ သိင်္ဂီ အစရှိသော ဆန်စက်ကြီးများက အဆင့်မြင့် နည်းပညာများဖြင့် ကြိတ်ခွဲပြီး ဆန်အရောင်ရွေးစက်များဖြင့် သန့်စင်၍ ပထမတန်းစား ဆန်အဖြစ် ရန်ကုန်ဈေးကွက်တွင် ဆန်ဈေးအမြင့်ဆုံးနဲ့တင်ပို့ ရောင်းချကြပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့အထိ ရွှေဘိုပေါ်ဆန်း စိုက်ဧက(၃၈၉၇၁၉)ဧကရှိပြီး  ရွှေဘိုခရိုင်တွင်(၃၅၆၇၅၂)ဧကဖြင့် အများဆုံးနှင့်ကန့်ဘလူခရိုင်တွင် (၃၀၈၀၃)ဧကဖြင့် ဒုတိယအများဆုံးစိုက်ပျိုးထားပြီး မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကောလင်းခရိုင်များတွင် အနည်းငယ်စီသာ စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးစာရင်းများ အရသိရှိရပါသည်။  တစ်ဧက ပျမ်းမျှ အထွက်နှုန်းမှာ (၈၆)တင်း ထွက်ရှိပြီး အထွက်ကောင်းပါက (၉၀)တင်းအထိထွက်ရှိကြောင်းနှင့် တစ်ဧကကုန်ကျစရိတ်မှာ (၄)သိန်းကျော်(၅)သိန်းနီးပါး ကုန်ကျကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို ပေါ်ဆန်းစပါးစိုက် ဧက(၃၈၉၆၁၀) ရှိပြီး၊ အထွက်တင်း(၃၁,၅၅၈,၄၁၀)ရှိသည့်အတွက် စုစုပေါင်း တန် (၃၁၅,၅၈၄)ကျော် ထွက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် စိုက်ပျိုးသည့် ပေါ်ဆန်း စပါးမျိုးများမှာ ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကြား (ရွှေဘိုပေါ်ဆန်း)၊ ပေါ်ဆန်းမွှေးမျိုးများ ဖြစ်ပါသည်။

          ပေါ်ဆန်းစပါးကို ဇူလိုင်၊ ဩဂုတ်လများတွင် ပျိုးထောင်ပြီး ပျိုးသက်(၂၀)ရက်မှ(၃၀) ရက် အတွင်း ပျိုးခင်းမှ ရွှေပြောင်းစိုက်ပျိုးကြပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ရိတ်သိမ်း ခြွေလှေ့ရပါသည်။ ပေါ်ဆန်းစပါးသည် မည်သည့်အချိန်တွင် စိုက်စိုက် သက်တမ်းပြည့်သည်နှင့် သီးပွင့်ရင့်မှည့်ပြီး နွေစပါးနှင့် မိုးစပါးရာသီတွင် စိုက်ပျိုးနိုင်ပြီး စိုက်ချိန် ကွာခြားသော်လည်း ရိတ်သိမ်းချိန်လွန်စွာ မကွာခြားသော စပါးမျိုးဖြစ်သောကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါသည်။

ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်းသည် GDP အများဆုံးရရှိပြီး စစ်ကိုင်း တိုင်းအနေဖြင့်ကြည့်ပါက မုံရွာမြို့ရှိ ရေနံချက်ဖိုလုပ်ငန်းများပြီးလျင် ဒုတိယဝင်ငွေအများဆုံး ဖြစ်ပါသည်။ ထို့ကြောင့် ရွှေဘိုခရိုင်မှာ အများဆုံး စိုက်ပျိုးထွက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းကို အခြားနိုင်ငံတွေက မူပိုင်ခွင့်ပြုလုပ်မရအောင် GI ရရှိဖို့အတွက် အားတက်သရောဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ တောင်သူများအနေဖြင့်လည်း ရွှေဘိုပေါ်ဆန်းစိုက်ခြင်းအားဖြင့် အကျိုးအမြတ်ရကြတာကို အနီးစပ်ဆုံး ကြည့်ပါက ယခင်နှစ်နှင့်ယခု နှစ်တွင် ရောင်းရသော စပါးတင်း(၁၀၀)ဈေးနှုန်းတွေ ဆန်(၁)အိတ် ဈေးနှုန်းများကို ပြန်ကြည့်မည်ဆိုပါက သိသာနိုင်ပါသည်။ ယခုလက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းနှင့် ယခင်နှစ် ဈေးနှုန်း အခြေအနေများကို အောက်ပါ အတိုင်းလေ့လာတွေ့ရှိရပါသည် -

ရွှေဘိုပေါ်ဆန်း GI ရရှိရေးကို ၂၀၁၅ ခုနှစ်ကတည်းကအထူးအလေးထား ဆောင်ရွက်လျှက်ရှိပြီး အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ကျွမ်းကျင်ပညာရှင်များ၊အဖွဲ့အစည်းများနှင့် စုပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ Geographical Indication(GI) ဆိုသည်မှာ အသေးစိတ်တိကျသော သီးခြားအရည်အသွေးများ၊ နာမည်ဂုဏ်သတင်း(သို့မဟုတ်) ထူးခြားသော အသွင်အပြင်လက္ခဏာရှိသည့် အချို့သော တိုင်းပြည်၊ ဒေသ(သို့မဟုတ်)တိုင်းဒေသကြီး/ပြည်နယ်များမှလာသော ထုတ်ကုန်ပစ္စည်းများ အပေါ် ပထဝီဝင်ဒေသဆိုင်ရာညွှန်းဆိုမှုအတွက် သိသာထင်ရှားစေသည့် အထောက်အထားလက်မှတ် တစ်ခုဖြစ်ပါသည်။အဆိုပါ အသိအမှတ်ပြုလက်မှတ်သည်ပုံမှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌‌ရောင်းချ သော ကုန်ပစ္စည်းများအတွက် ဈေးကွက်တန်ဖိုးကိုတိုးပွားစေပြီး ၎င်းထုတ်ကုန်များ၏ အရည်အသွေး ကြောင့် စားသုံးသူများ၏အသိအမှတ်ပြုမှုကိုတည်ဆောက်နိုင်ခြင်းဖြင့် ဒေသထုတ်ကုန်များ၏ကုန် အမှတ်တံဆိပ် ကို ကာကွယ်ပေးထားကြောင်း သိရှိရပါသည်။ ရွှေဘိုခရိုင်တွင် (၁၆.၉.၂၀၂၁) ရက်နေ့က ပြင်သစ်နိုင်ငံမှရုံး လာဖွင့်ပြီး ကူညီ ပေးမည်ဖြစ်ပြီး GI  အတွက်မျိုးကောင်းမျိုးသန့် လိုအပ်သည့်အတွက် နှစ်စဉ်နှစ်တိုင်း အရည်အသွေးကောင်းမွန်ရန်လိုအပ်သောကြောင့် မျိုးကောင်းမျိုးသန့်အတွက်JICAအကူ အညီဖြင့် အအေးခန်း စက်ရုံလည်းတည်ဆောက်ပြီးဖြစ်ပါသည်။ 

          ရွှေဘိုမြို့တွင် ဆန်စက်အသေးဆုံးတန် (၃၀) မှ အကြီးဆုံးတန်(၁၀၀) အထိရှိပြီး စပါးဝယ် ယူသည့်အခါ QC ကိစ္စလည်းပါလာပြီး တောင်သူများကမိမိစပါးကို စနစ်တကျသိမ်းဆည်း၍ မျှော်မှန်းဈေး ရောက်အောင် စောင့်ဆိုင်းသိုလှောင်ကြသည့်အတွက်  ခေတ်ကာလနှင့်လျော်ညီစေမည့် နည်းလမ်းများ ကိုလည်း စက်ပိုင်များနှင့်ပူးပေါင်းရေးဆွဲနေကြပြီ ဖြစ်ပါသည်။ ရွှေဘိုပေါ်ဆန်း GI ရရှိမည်ဆိုပါက  မြန်မာ့ဆန်ဈေးကွက်တွင်လည်း ရွှေဘိုပေါ်ဆန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး စိုက်ပျိုးသူ၊ ကြိတ်ခွဲထုတ် လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူအစရှိသော အလွှာ(၄)လွှာစလုံးအကျိုးရှိလာမည် ဖြစ်ပါသည်။ထို့အပြင် ဥရောပဈေးကွက်၊အနောက်နိုင်ငံဈေး ကွက် များ သို့ပါတင်ပို့နိုင်မည်ဖြစ်ပြီး  ရွှေဘိုခရိုင်တွင်သာမက စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင်မြန်မာနိုင်ငံ၏ စီးပွားရေးတစ်စိတ်တစ်ဒေသသည်လည်း ပိုမိုတိုးတက် လာမည်ဖြစ်ပြီး အကျိုးရှိနိုင်မည် ဖြစ်သည့်အတွက် မူပိုင်ခွင့်နှင့်ကာကွယ်ရမည် ဖြစ်ပါသည်။

‌ရွှေဘိုပေါ်ဆန်းကို စိုက်ပျိုးထွက်ရှိသည့်အပိုင်းမှစ၍ ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူး သည့်အပိုင်းအထိတောင်သူ၊စက်ပိုင်၊ကုန်သည်တွေအနေနဲ့ ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက်မှသာ ရွှေဘိုပေါ်ဆန်းအရည်အသွေး တိုးတက်လာမည်ဖြစ်ပါသည်။ ယခင်ကရွှေဘိုပေါ်ဆန်းကို ပြည်တွင်း စားသုံးရန် စိုက်ပျိုးခဲ့ကြသော်လည်း ယနေ့အချိန်များတွင် ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်နေကြကြောင်း၊ ၂၀၀၀ ခုနှစ် မတိုင်မီက မလေးရှားကို တင်ပို့နိုင်ခဲ့ကြောင်း၊ ရွှေဘိုပေါ်ဆန်းသည် အရှေ့တောင်အာရှတွင် သာမက  ဉရောပဈေးကွက်တွင်လည်း တင်ပို့နိုင်တဲ့ အလားအလာတွေရှိကြောင်း၊ လက်ရှိ စိုက်ပျိုးထုတ်လုပ်တင်ပို့‌ရောင်းချသူများကလည်း အားနည်းချက်/ အားသာချက်များကို စဉ်းစားသုံးသပ် ရမည်ဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းအနံ့မှာ သင်းသင်းလေးမွှေးတဲ့အတွက် တရုတ်များကြိုက်နှစ်သက်ပြီး တရုတ်ဈေးကွက် ရရှိအောင် ကြိုးစားရမှာဖြစ်တဲ့အတွက် စပါးစိုက်တောင်သူမျာအနေဖြင့် ရွှေဘို ပေါ်ဆန်းကိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါသည်။

စားသုံးသူဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

အဆင့်မြင့်နည်းပညာသုံး "ရွှေပြည်လမ်း"ဆီသန့်ကြက်သွန်ကြော်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ၊ ဒု-ခရိုင်ဦးစီးမှူးတို့ပါဝင်သောအဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ(၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ပခုက္ကူ-မြိုင် လမ်းမပေါ်ရှိ မိုင်တိုင် အမှတ်(၄/၄)တွင် တည်ရှိသည့် "ရွှေပြည်လမ်း" ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော အဆင့်မြင့်နည်းပညာသုံး ကြက်သွန်ကြော်(ဖြူ/နီ)လုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

     အဆိုပါလုပ်ငန်းသို့ကွင်းဆင်းလေ့လာရာတွင် မန်နေဂျာမှ ဒေသထွက်ပစ္စည်းကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အနီးပတ်ဝန်းကျင် ကျေးရွာများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊   ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် (ဗီယက်နမ်၊ဘင်္ဂလားဒေ့ရှ်)အထိ တင်ပို့နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကြက်သွန်ကြော် လုပ်ငန်းကို ဆောင်ရွက်နေကြောင်း၊ ကိုဗစ်ကာလအတွင်း လုပ်ငန်းရပ်နားထားရပြီး ယခုပြန်လည်ပတ်သည်မှာ မကြာသေးကြောင်း ပြောကြားခဲ့ပါသည်။ လုပ်ငန်းလည်ပတ်ပုံ အဆင့်ဆင့်အားမေးမြန်းရာတွင် ကြက်သွန်နီများကို ပထမဆုံးအနေဖြင့် အခွံနွှာ၍ ရေဆေး သန့်စင်ကြောင်း၊ ထို့နောက်စက်ထဲသို့ ကြက်သွန်များထည့်၍ လှီးဖြတ်ပြီး ပန့်မော်တာတပ် ထားသော ရေဆေးကန်တွင် ထပ်မံသန့်စင်ကြောင်း၊ ထို့နောက် ကြက်သွန်(၁၀)ပိဿာကို ပီလောပီနံမှုန့်(၅၀)ကျပ်သား အချိုးအဆဖြင့် သမအောင်ရောမွှေ၍ နှပ်ထားပြီး ခဏကြာလျှင် အဆင့်မြင့်စက်ဖြင့်ကြော်ကြောင်း၊ ရရှိလာသည့် ကြက်သွန်ကြော်များကို စက်ဖြင့် ဆီစစ်ရပါကြောင်း   လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုအား မန်နေဂျာမှ အသေးစိတ် လိုက်လံ ရှင်းလင်းပြသခဲ့ပါသည်။

          ကြက်သွန်ကြော်များကို အော်ဒါအမှာပေါ်မူတည်၍ ပါကင်ထုတ်လုပ်ကြောင်း၊ ၂၅ကျပ်သား၊ ၅၀ ကျပ်သား၊ ၁ ပိဿာ စသဖြင့် ထုပ်ပိုးပြီး ကြက်သွန်ကြော်အလွတ် (၁)ပိဿာ ကို ကျပ် ၄၀၀၀/- ဖြင့် ရောင်းချပါကြောင်း ပါကင်ထုပ်ပိုးပေးရလျှင် ကျပ် ၄၃၀၀/-ဖြင့် အမြို့မြို့ အနယ်နယ်သို့ တင်ပို့ပေးကြောင်းသိရှိရပါသည်။ ကဒ်ထူပုံး(၁)ပုံးလျှင် ကြက်သွန်ကြော် (၁၀)ပိဿာ ထည့်သွင်းထုတ်ပိုးပါကြောင်း၊ ဝယ်ယူသူအကြိုက် ကော်မှုန့်လွတ်ကြက်သွန်ကြော်များကိုလည်း ထုပ်လုပ်ပါကြောင်း၊ ကော်မှုန့်လွတ်ကြက်သွန်ကြော် (၁)ပိဿာကို ကျပ် ၅၀၀၀/-ဖြင့် ရောင်းချပါကြောင်း၊ (၃)လမှ (၆)လအထိ အထားခံပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ကြက်သွန်နီကုန်ကြမ်း (၂၀၀၀) ပိဿာကြော်လျှင် ကြက်သွန်ကြော် (၅၀၀)ပိဿာခန့်ထွက်ရှိပြီး နေ့စဉ်မဟုတ်ဘဲ အော်ဒါ အမှာရှိမှသာ လုပ်ငန်းလည်ပတ်ကြောင်း၊ အလုပ်သမားများမှာ လခစား တစ်ဦးလျှင် ၁၅၀၀၀၀/- ဖြင့်(၁၀)ဦး၊ ပုဒ်ပြတ်နေ့စား တစ်ဦးလျှင် (၅၀၀၀/ ၆၀၀၀)ကျပ်နှုန်းဖြင့်  (၂၀)ဦး စုစုပေါင်း (၃၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။

     စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာမှုကို အဓိကထားသော်လည်း ဈေးကွက် အတွင်း ပြိုင်ဆိုင်မှုများရှိနေ၍ လုပ်ငန်းရှင်အနေဖြင့် အရည်အသွေးကိုသာ အဓိကထား၍ ထုတ်လုပ်ကြောင်း၊ ကြက်သွန်ဖြူကြော်မှာ ဧပြီလမှ စက်တင်ဘာလထိ (၆)လတာ လုပ်ငန်းလည်ပတ်ပြီး ယခုအချိန်တွင် ရာသီကုန်ချိန် ဖြစ်သောကြောင့် ကြက်သွန်ဖြူကြော်လုပ်ငန်း ခေတ္တရပ်နားထားပါကြောင်း၊ ကြက်သွန်ဖြူကုန်ကြမ်းအား အောင်ပန်းမြို့မှ ဝယ်ယူပြီး အောင်ပန်းကြက်သွန်ဖြူ သည် ဈေးနှုန်းကြီးမြင့်သော်လည်း အရည်အသွေးပို၍ ကောင်းသောကြောင့် အရသာ ကောင်းမွန်သည့်အတွက် အသုံးပြုပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာနမှလည်း "ရွှေပြည်လမ်း" ကြက်သွန်ကြော်လုပ်ငန်းအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား များကို ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရေး အသိပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

တရုတ်နယ်စပ်ဆန်စပါး ဈေးကွက်ဖွင့်လှစ်ရန်မျှော်လင့်နေ

          စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) ကသာခရိုင်၊ ကောလင်းခရိုင်မှစပြီး ကချင်ပြည်နယ် အထိ ဆန်စပါးအထွက်များသည့် မြို့နယ်များတွင် ဆင်း(၃)စပါး အများအပြားစိုက်ပျိုးကြသည်။ ခရိုင်အလိုက် မြို့နယ် မျိုးကွဲစပါးစိုက်ပျိုးမှုအနေနှင့် ဆင်း(၃)စပါး ၇၅ ရာခိုင်နှုန်းကျော် စိုက်ပျိုးကြ ပြီး ဆင်း(၃)စပါးကို ဒေသခံများ စားသုံးမှုများသလို တရုတ်နယ်စပ်ဈေးကွက်မှာလည်း အရောင်းအဝယ်ရှိသည်။ ဆင်း(၃)ဆန်သည် အစေးဓါတ်များပြီး မုန့်ပဲသွားရည်စာပြုလုပ်ရာတွင် အသုံးပြုကြသလို ရိုးရာအရက်ချက်ရာတွင်လည်း အသုံးပြုကြသည်ဟု သိရသည်။

          ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးအသစ် အဖွင့်ဈေး အစိုဓါတ်(၁၄)ရာခိုင်နှုန်းနှင့် သန့်စင်ပြီး စက်ရုံ အရောက် တင်းတစ်ရာ ခြောက်သိန်းဈေးနှင့် ဆင်း ၃ ဆန် တစ်အိတ်လျှင် ၂၄၀၀၀ ကျပ် ဈေးဖွင့်ပေးကြောင်း၊ ကသာခရိုင် ဆန်စပါးလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌဖြစ်သော မြတ်မင်္ဂလာဆန်စက်ပိုင် ဦးမောင်မောင်ထံက သိရှိခဲ့ရသည်။ ခရိုင်များအတွင်း တောင်သူ၊ စက်ပိုင်၊ ကုန်သည်၊ အလုပ်သမား၊ ယာဉ်မောင်းများ စသည့် အလွှာအသီးသီး ငွေကြေး ဖြန့်ကျက် စီးဆင်းရန်အတွက် တရုတ်နယ်စပ် ဆန်စပါးဈေးကွက်ဖွင့်ပေးရန်နှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် လိုအပ်သည်ဟု ဆန်ကုန်သည်များက သုံးသပ်ကြသည်။

          တရုတ်နယ်စပ်ဆန်စပါးဈေးကွက်နှင့် မန္တလေးကုန်စည်ဒိုင်ဈေးကွက်များ အရောင်းအဝယ် မရှိပါက ပိုလျှံဆန်၊ စပါးများ အဆင့်ဆင့်ပိတ်ဆို့နေပြီး လှောင်လက်ကျန်များဖြစ်နေကာ ငွေကြေး စီးဆင်းမှုသည်လည်း ကြပ်တည်းမှုများ ဖြစ်လာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် တောင်သူများမှ ငွေကြေးလိုအပ်ချက်အရ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချမှုများရှိလာနိုင်ပြီး ဒေသတွင်း ဆန်စပါးဈေး တည်ငြိမ်မှုမရှိနိုင်သည့် အခြေအနေသို့ ရောက်လာနိုင်ကြောင်း သိရပါသည်။

    နိုင်ငံတော်အကြီးအကဲများက ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တွန်းအားပေးဆောင်ရွက်နေသည့်အတွက် တရုတ်နယ်စပ် ဆန်စပါးဈေးကွက်သည် မကြာခင်ဖွင့်လှစ်မည်ဟု ဆန်စပါးကုန်သည်များ မျှော်လင့်လျက်ရှိကြောင်းသိရသည်။ ထုတ်ကုန်များ ရှိသော်လည်း ဈေးကွက်မဖွင့်ပါက ထုတ်ကုန်များအလေအလွင့်ဖြစ်ခြင်း၊ တန်ဖိုးကျဆင်းသွားနိုင်ပြီး ဒေသတွင်း အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးမှ ဝင်ငွေလှည့်ပတ်စီးဆင်းမှု မရှိသည့်အတွက် ငွေကြေးအကြပ်အတည်းများနှင့် ကြုံတွေ့လာနိုင်သည်။

       အချုပ်အားဖြင့် ရေတော်မိုးတော် မိုးစပါးအထွက်ကောင်းသည့် ဆင်း (၃) ဆန်အား တရုတ်နယ်စပ်သို့ တင်ပို့နိုင်ရန် စက်ပိုင်များက စီစဉ်ထားပြီးဖြစ်သည်။ အဓိကအားဖြင့် စက်ပိုင်၊ ကုန်သည်များ တင်ပို့ရောင်းချရမည့် ဒေသဖြစ်သည့် တရုတ်နယ်စပ်ဈေးကွက်နှင့် မန္တလေးဆန်စပါးဈေးကွက် ဖွင့်လှစ်ရန် လိုအပ်နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှ သိရှိရသမျှ တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုနှင့်ဖြေရှင်းဆောင်ရွက်မှုဖြစ်စဉ်

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း၌ စားသုံးသူတစ်ဦး၏ Wifi သုံးစွဲခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုတစ်ခုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

         အဆိုပါဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်သစ်ရပ်နေ စားသုံးသူတစ်ဦးသည် ကျောက်ပန်းတောင်းမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေသော  xxxxx မှWifi သုံးစွဲခြင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းတွင် (၆-လ)စာ ငွေ(၁၇၄၀၀ဝိ/-) ကျပ်အား အပြေအကျေပေးချေ၍ ဝယ်ယူသုံးစွဲခဲ့ရာမှ ၂၀၂၁ ခုနှစ်  နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းတွင် Wifi သုံးစွဲ၍မရတော့ကြောင်း #### က ကျောက်ပန်းတောင်းရုံးအား အကြောင်းကြားခဲ့ရာတွင် (၄၈)နာရီ အတွင်းလာရောက်ပြင်ဆင် ပေးမည်ဟု ပြောဆိုခဲ့သော်လည်း (၂၄.၁၁.၂၀၂၁) နေ့ထိ လာရောက်ပြင်ဆင်ပေးခြင်းမရှိဘဲ (၄)ကြိမ် တိတိ ကတိပျက်ခြင်းတို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရခြင်း၊ အချိန်ကုန်အလုပ်ပျက်ခြင်းနှင့် တယ်လီဖုန်းခ ကုန်ကျခြင်းများကြောင့် စားသုံးသူအနေဖြင့် နစ်နာဆုံးရှုံးမှု ဖြစ်ခဲ့၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဖြေရှင်းဆောင်ရွက်ပေးပါရန် တင်ပြခဲ့မှုအပေါ် ၂၆.၁၁.၂၀၂၁ နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံရုံး၌ တွေ့ဆုံညှိနှိုင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအား ချပြရှင်းလင်းဖြေရှင်းပေးခဲ့ရာ xxxxx မှ တာဝန်ရှိသူမှ Wifi အသုံးပြုသူအား (၄၈)နာရီအတွင်းပြင်ဆင်ပေးမည်ဟုပြောဆိုခဲ့သော်လည်း မြို့တွင်း၌ Wifi ပြတ်တောက်မှုများ များပြားနေပါသဖြင့် ချက်ချင်း လာရောက်ပြင်ဆင်ပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုလိုနစ်နာဆုံးရှုံးမှုအတွက် မိမိတို့ဘက်မှ ရက်အစားထိုး(၁၀)ရက်အား ပြန်လည်အသုံးပြုခွင့် ပေးမည်ဖြစ်ပါကြောင်း၊ Wifi သုံးစွဲသူအနေဖြင့် စိတ်အနှောက်အယှက်ဖြစ်ပေါ်ခဲ့မှုအပေါ်လည်း တောင်းပန်ပါကြောင်း၊ နောက်နောင် တွင် အလားတူကိစ္စရပ်မျိုးမဖြစ် ပေါ်စေရန် ကတိပြုပါကြောင်းနှင့် တိုင်ကြားမှုကြောင့်ဖြစ်စေ၊စုံစမ်း စစ်ဆေး၍ဖြစ်စေ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အပြစ်ပေးအရေးယူမှုအား ခံယူရမည်ကိုသိရှိရပါကြောင်းနှင့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေ၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ နစ်နာဆုံးရှုံးခဲ့သည့် Wifi ဝန်ဆောင်မှုအား သုံးစွဲသူ စားသုံးသူဘက်မှလည်း သဘောတူကျေနပ်ပါကြောင်းနှင့် ယခုကဲ့သို့ စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုအား ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိသော စားသုံးသူရေးရာဦးစီးဌာနကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်တင်ပြခဲ့မှုနှင့်ပတ်သက်၍ စားသုံသူများနစ်နာဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။            

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

၃.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၃.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပြန်လည်နိုးထလာသည့် ငပလီကမ်းခြေ ခရီးသွားလုပ်ငန်း

      ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးပါသော စီးပွားရေးလုပ်ငန်းဖြစ်သလို အလုပ်အကိုင်ရှာဖွေပေးရာ၌လည်း အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် မြန်မာ့စီးပွားရေးတွင် အရေးပါသော အခြေခံအဆောက်အဦးတစ်ခုဖြစ်သည်။ မြန်မာ့ခရီးသွားလုပ်ငန်းတွင် အထင်ကရ ဖြစ်သော ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီ ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိပြီး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် လွယ်ကူစွာ သွားလာနိုင်ပါသည်။ ငပလီ ကမ်းခြေဒေသ၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှုဦးစီးဌာနမှ လုပ်ငန်းလိုင်စင် ရယူထားသော ဟိုတယ်နှင့်တည်းခိုရိပ်သာ (၆၅)လုံးရှိပြီး၊ အခန်းပေါင်း (၂၀၅၆)ခန်းရှိသဖြင့် နေ့စဉ်ဧည့်သည် (၃၈၀၀)ဦးခန့် တည်းခိုနိုင်ပါသည်။

        ကမ္ဘာ့ကိုဗစ် (၁၉)လှိုင်းဒဏ်ကြောင့် (၂)နှစ်ခန့် ခရီးသွားလုပ်ငန်း ရပ်တန့်နေရာမှ လက်ရှိအချိန်၌ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၃၉)လုံး၊ အခန်းပေါင်း (၁၃၂၃)ခန်းကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားခဲ့ပြီးဖြစ်သဖြင့် ငပလီခရီးသွားလုပ်ငန်းအတွက် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ငပလီဆောင်းဦးပွဲတော်အား (၁၄-၁၁-၂၀၂၁)ရက်နေ့၌ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ ကမ်းခြေခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာခြင်းနှင့်အတူ ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြပါသည်။

         သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ၌လည်း ထင်ရှားသော သဘာဝအလှပိုင်ရှင်တစ်ခုဖြစ်သည့် ငပလီကမ်းခြေဝယ် သဲသောင်ပြင် လမ်းလျှောက်ကာ ပင်လယ်ပြာပေါ်မှ ဖြတ်သန်းလာသော လတ်ဆတ်သည့် လေပြေ အေးလေးကို တဝကြီး ရှုရှိုက်ရင်း နေဝင်ချိန်(Sunset)ကို ရှုမငြီးဖွယ် ကြည့်ရှုလျှက် ပီတိယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရခိုင်ပြည်နယ်)

စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုမရှိသောကုန်စည်များအားရောင်းချခြင်းမပြုလုပ်ရန်တားမြစ်

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ဖျာပုံမြို့နယ်စစ်ဆေးရေးအရာရှိ ဦးမင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့လိုက်ပါ၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ(၂၃)ရက်တွင် ဖျာပုံမြို့၊ မြို့ပတ်လမ်း(၁၂)ရပ်ကွက်ရှိ စတိုးဆိုင်များနှင့် မုန့်မျိုးစုံအရောင်းဆိုင်တို့အား စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၁၅)(ခ)စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       အဆိုပါအရောင်းဆိုင်များအား စစ်ဆေးရာတွင် Energy C-Plus အချိုရည်ဘူးများတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး မြန်မာဘာသာဖြင့် ရေးသားထားသော စာသားများမပါရှိခြင်း၊ နေရပ်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများမပါရှိခြင်းတို့ကြောင့် စာသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁)(၄၃)နှင့် ကိုက်ညီမှုမရှိသည့်အတွက် ၎င်းကုန်စည်များအားဆက်လက်ရောင်းချခြင်းမပြုရန်နှင့် အဆိုပါပစ္စည်းများအား ထပ်မံ စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာကော်မတီထံတင်ပြ၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးတားမြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

မျှင်ငပိဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အစားအသောက်ခွင့်မပြု ဓါတုဆိုးဆေး Rhodamin-B ထည့်သွင်း အသုံးပြုထားသော မျှင်ငပိအရောင်းဆိုင်ပိုင်ရှင်များအား (၂၂.၁၁.၂၀၂၁) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

       မျှင်ငပိရောင်းချသော ဈေးအတွင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မျှင်ငပိဆိုင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် မျှင်ငပိများတွင် Rhodamin-B ဓါတု ဆိုးဆေးပါဝင်သော မျှင်ငပိများအား ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခဲ့ပြီး၊ နောက်နောင် အလားတူ အစားအသောက်ခွင့်မပြု Rhodamin-B ဓါတုဆိုးဆေးပါဝင်သော မျှင်ငပိများမရောင်းချရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

၂.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Pages

Subscribe to RSS - HighLight News