
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ထုတ်ပြန်ချက်အရ ဘာစမာတီ ဆန်နှင့် ဂျပွန်နီကာ ဆန်အမျိုးအစားများအပေါ် ဝယ်လိုအား ဆက်လက် မြင့်မားနေခြင်းကြောင့် ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာဆန်ဈေးနှုန်းအညွှန်းကိန်းမှာ အနည်းငယ် မြင့်တက် ခဲ့ကြောင်း သိရသည်။ FAO ၏ ဆန်ဈေးနှုန်း အညွှန်းကိန်းမှာ ဇန်နဝါရီလက ၁၀၂.၈ မှတ် ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ၀.၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၀၃.၂ မှတ်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ဆန် ဈေးနှုန်းအညွှန်းကိန်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်၍ တဖြည်းဖြည်း မြင့်တက်လျက်ရှိ သည်။ လစဉ်ထုတ်ပြန်လေ့ရှိသည့် FAO ၏ ဆန်ဈေးနှုန်းအညွှန်းကိန်းကို အင်ဒီကာဆန်၊ ရနံ့ မွှေးဆန်၊ ဂျပွန်နီကာဆန်နှင့် ကောက်ညှင်းဆန်ဟူသည့် ဆန်အမျိုးအစား ၄ မျိုး၏ နိုင်ငံတကာ ပို့ကုန်နှုန်းထား ၂၁ ခုအပေါ် အခြေခံ၍ တွက်ချက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်း နိုင်ငံတကာ ဆန်ဈေးနှုန်းများသည် အမျိုးအစားအလိုက် ကွဲပြားမှုရှိခဲ့ သည်။ အနံ့မွှေးဆန်နှင့်ဂျပိုးနီကာဆန် ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း အင်ဒီကာနှင့် ကောက် ညှင်းဆန် ဈေးနှုန်းများမှာမူ ပြန်လည်ကျဆင်းခဲ့သည်။ အရှေ့ဖျားဒေသ ဝယ်လက်များ၏ Calrose ဆန်အပေါ် ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဗီယက်နမ်နိုင်ငံတွင် ရာသီအလိုက် ဆန်လက်ကျန် နည်းပါးနေခြင်းတို့ကြောင့် ဂျပွန်နီကာ ဈေးနှုန်း ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၀၀.၃ မှတ် ဖြစ်လာသည်။ ပါကစ္စတန်နိုင်ငံမှ ဘာစမာတီဆန်များအပေါ် အရှေ့ပိုင်းဒေသအနီးနှင့် ပြည်တွင်း ဝယ်လိုအား မြင့်တက်ခြင်းကြောင့် အနံ့မွှေးဆန် ဆန်ဈေးနှုန်း ၁.၈ ရာခိုင်နှုန်း တက်လာပြီး ၁၀၃.၁ မှတ်သို့ ရောက်ရှိခဲ့သည်။
အင်ဒီကာဆန် ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲခဲ့ပြီး ၁၀၃.၃ မှတ် ဝန်းကျင်တွင် ရှိနေ ချိန်၌ ကောက်ညှင်းဆန်ဈေးနှုန်း ၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၀၅.၉ မှတ်သို့ ရောက်ရှိခဲ့ပါသည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း အရောင်းအဝယ်အေးခဲ့ခြင်း အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ဆန်သစ်များ ဈေးကွက်ဝင်တော့မည့်အခြေအနေကြောင့် ဖေဖော်ဝါရီလ ဈေးနှုန်း သတ်မှတ်ချက်အရ အင်ဒီကာဆန်ဈေးမှာ တည်ငြိမ်နေခြင်း သို့မဟုတ် အနည်းငယ် လျော့ကျနေ ခြင်း ဖြစ်ကြောင်း FAO က ဆိုသည်။
အမေရိကတိုက်ရှိ တောင်အမေရိကနိုင်ငံများအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၏ မူလအဖွဲ့ဝင်နိုင်ငံများတွင် ၂၀၂၆/၂၀၂၇စိုက်ပျိုးရာသီ အတွက် ရိတ်သိမ်းမှုများ စတင်နေပြီဖြစ်သည်။ အာဂျင်တီးနားနှင့် ဥရုဂွေးတို့တွင် ဈေးနှုန်း တည်ငြိမ်နေ သော်လည်း ဘရာဇီးနှင့် အမေရိကန်တို့တွင် ဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း သိရ သည်။ ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံမှ ဆန်ကို အဓိက တင်သွင်းနေရပြီး ထိုင်း၊ မြန်မာ၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီတလီနိုင်ငံတို့မှလည်း တင်သွင်း လျက်ရှိသည်။ ဗီယက်နမ်သည်ဖိလစ်ပိုင်နိုင်ငံသို့ အဓိကဆန်တင်ပို့နေသည့် နိုင်ငံအဖြစ် ဆက်လက် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဓိကစားသောက်ကုန်ဖြစ်သည့် အဆိုပါဆန်အား ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီတလီ နိုင်ငံများမှလည်း ရရှိနေသည်။
ဖိလစ်ပိုင် အပင်စိုက်ပျိုးရေးဌာန (BPI) ၏ အချက်အလက်များအရ ဖေဖော်ဝါရီ ၂၆ ရက် အထိ ဖိလစ်ပိုင်သည် ဆန်တန်ချိန် ၇၀၇,၇၁၁.၄၆ မက်ထရစ်တန် တင်သွင်းခဲ့ပြီးဖြစ်သည်။ ၎င်း ပမာဏအနက် ဗီယက်နမ်မှ ၈၇.၉၆ ရာခိုင်နှုန်း (တန်ချိန် ၆၂၂,၄၈၂.၈၅)၊ ထိုင်းမှ ၆.၁၇ ရာခိုင်နှုန်း နှင့် မြန်မာမှ ၅.၀၄ ရာခိုင်နှုန်း အသီးသီး ပါဝင်သည်။
Source: INQUIRER.NET, 8 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
