ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အရှေ့မြောက်အာရှဈေးကွက်တွင် ဗီယက်နမ်သစ်သီးများအတွက် ကြီးမားသော အခန်းကဏ္ဍရှိနေ

      ဗီယက်နမ်သစ်သီးအမျိုးအစားများစွာသည် အရှေ့မြောက်အာရှဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ၂၀၂၄ခုနှစ်အတွက် ရည်မှန်းချက်ဖြစ်သည့်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၇ဘီလီယံရရှိစေရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Deng Phue Nguyen ၏ပြောကြားချက်အရ ဇူလိုင်လကုန်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ဘီလီယံရရှိခဲ့ပြီး အဆိုပါပမာဏအနက် ၄၀% သည် ဒူးရင်းသီးတင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အဆိုပါအောင်မြင်မှုသည် ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်များအတွက် အကောက်ခွန်လျှော့ချပေးပြီး ဈေးကွက်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) ကို အကောင်အထည်ဖော်နိုင်ခဲ့မှုကြောင့်လည်းပါဝင်ကြောင်းသိရပါသည်။ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့တင်ပို့မှုမှာ ထင်ထင်ရှားရှားကြီးထွားခဲ့ပြီး ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုစုစုပေါင်းတန်ဖိုး၏ ၈၀% မှာ အဆိုပါဈေးကွက်များသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Nguyen က တရုတ်နိုင်ငံသည် ကြီးမားသည့်လူဦးရေနှင့် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များအတွက် ဝယ်လိုအားမြင့်မားမှုကြောင့် ဗီယက်နမ် သစ်သီးများအတွက် ရိုးရာဈေးကွက်တစ်ခုဖြစ်နေကြောင်းနှင့်  ဂျပန်နှင့် တောင်ကိုရီးယားတို့၌လည်း လူဦးရေများပြားပြီး အရည်အသွေးကောင်းသော စိုက်ပျိုးရေးထုတ်ကုန်များအတွက် မြင့်မားသည့်ဝင်ငွေနှင့် မြင့်မားသည့်ဝယ်လိုအားရှိကြောင်းပြောကြားခဲ့ပါသည်။ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှာ ဒေသတွင်း စဉ်ဆက်မပြတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်များဖြစ်သည့်အတွက် ဗီယက်နမ်၏ အဆိုပါဈေးကွက်နှစ်ခုသို့တင်ပို့မှုမှာ အကောက်ခွန်လျှော့ချမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးအတွက် ကုန်ကျစရိတ်နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများကိုခံစားရကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအပင်ကာကွယ်ရေးဦးစီးဌာနမှ Luong Ngoc Quang ၏အဆိုအရ တရုတ်နိုင်ငံသည် နဂါးမောက်သီး၊ တောကြက်မောက်သီး၊ လိုင်ချီးသီး၊ သရက်သီး၊ ဒူးရင်းသီးနှင့် အခြားအမျိုးအစားများပါဝင်သော ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန် ၁၂ခုကိုတင်သွင်းခွင့်ပြုထားကြောင်းပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် နဂါးမောက်သီး၊ သရက်သီး၊ လိုင်ချီးသီးနှင့် တောကြက်မောက်သီးတို့ကိုတင်သွင်းလျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံသည် လက်တလောတွင် ဗီယက်နမ်ထံမှ လတ်ဆတ်သော စပျစ်သီးတင်သွင်းရန် ခွင့်ပြုထားကြောင်းသိရပါသည်။ သို့သော် ဈေးကွက်ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများမှာ ရှုပ်ထွေးပြီး အချိန်ကုန်ကြောင်းနှင့် တချို့ဆွေးနွေးမှုများသည် ၃နှစ်မှ ၅နှစ်အထိကြာမြင့်ကြောင်းသိရပါသည်။ ခွင့်ပြုချက်တစ်ခုရရှိပါက တင်သွင်းသည့်နိုင်ငံ၏ စံနှုန်းကိုလိုက်နာပြီး အနှောက်အယှက်ဖြစ်စေမည့်အရာများကိုရှောင်ရှားရန် အရေးပါကြောင်းသိရပါသည်။ ထုတ်လုပ်သူတစ်ဦး သို့မဟုတ် တင်ပို့မှုတစ်ခုက ချိုးဖောက်မှုတစ်ခုပြုလုပ်မိခဲ့လျှင် နယ်ပယ်တစ်ခုလုံးကိုသက်ရောက်မှုရှိပြီး သတိပေးခံရခြင်း သို့မဟုတ် တင်ပို့မှုပိတ်ပင်ခံရခြင်းကို ဦးတည်စေနိုင်သည်ဟုသိရပါသည်။ တောင်ပိုင်းဒေသ သစ်သီးဝလံသုတေသနအသင်း၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Nguyen Thenh Hieu က ဗီယက်နမ်သစ်သီးများသည် ဈေးကွက်များစွာတွင် အရည်အသွေးမြင့်မားမှုနှင့်အတူ လူကြိုက်များလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ တင်ပို့သူအများစုသည်လည်း အပင်ရောဂါထိန်းချုပ်ခြင်းနှင့် အစားအစာလုံခြုံရေးအပေါ် ဈေးကွက်စည်းမျဉ်းများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကိုရှင်းလင်းပြောကြားလျက်ရှိကြောင်းသိရပါသည်။ သို့သော် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်၏ စတင်ရာဖြစ်သည့် လယ်သမားများသည် စည်းမျဉ်းအပြောင်းအလဲများနှင့်ပတ်သက်၍  သတင်းအရင်းအမြစ်ရရှိမှု မကြာခဏပြတ်လပ်လျက်ရှိကြောင်းသိရပါသည်။ ထို့ကြောင့် ဒေသအာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများသည် လယ်သမားများအား ၎င်းတို့၏ထုတ်လုပ်မှုစံနှုန်းများ၊ ထုပ်ပိုးမှုပုံစံများ၊၊ ကုန်အမှတ်တံဆိပ်မြင့်တက်ခြင်းတို့တိုးတက်လာစေရန် ပံ့ပိုးမှုပေးသင့်ကြောင်းနှင့် သို့မှသာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ဗီယက်နမ်သစ်သီးများ၏ ဂုဏ်သတင်းတိုးမြှင့်နိုင်မည်ဖြစ်သည်ဟုသိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)        

ရိုးရာဈေးကွက်များထံမှ မှာယူမှုများမြင့်တက်လာမှုကြောင့်၂၀၂၄ခုနှစ်၏ ပထမလများတွင် ဗီယက်နိုင်ငံသစ်လုပ်ငန်း ပြန်လည်နာလံထူလာသည့်လက္ခဏာပြ

    ဗီယက်နမ်နိုင်ငံ၏ သစ်လုပ်ငန်းနယ်ပယ်သည် ၂၀၂၄ခုနှစ်၏ပထမလများတွင် ပြန်လည်နာလံထူလာသည့်လက္ခဏာများပြသခဲ့ပြီး အကယ်၍ ထိုအပေါင်းလက္ခဏာဘောင်သည် လမ်းကြောင်းဆက်လက်ရရှိမည်ဆိုပါက ယခုနှစ်အတွက်ချမှတ်ထားသည့် တင်ပို့ရန်ရည်မှန်းချက်ပြည့်မီမည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံအကောက်ခွန်ဦးစီးဌာန၏အဆိုအရ ယခုနှစ်ပထမ ၇လတွင် ဗီယက်နမ်နိုင်ငံ၏ သစ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ(၇.၈) ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ အထူးသဖြင့် သစ်ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၆၉ဘီလီယံရရှီခဲ့ပြီး ၂၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။

      ကျွမ်းကျင်သူများက ယခုကဲ့သို့မြင့်တက်လာမှုသည် ဗီယက်နမ်နိုင်ငံထံမှ အကြီးမားဆုံးသစ်နှင့်သစ်ထုတ်ကုန်တင်သွင်းသည့် အမေရိကန်ကဲ့သို့သော အဓိကဈေးကွက်များထံမှ ဝယ်လိုအားမြင့်တက်လာမှုကြောင့်ဖြစ်ကြောင်းသိရပါသည်။  ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက အမေရိကန်သည် ဗီယက်နမ်၏ စုစုပေါင်းသစ်နှင့်သစ်ထုတ်ကုန်တင်ပို့မှု၏ ၅၄% နီးပါးကိုတင်သွင်းကြောင်းထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်သို့တင်ပို့မှုသည် တစ်လပြီးတစ်လ တည်ငြိမ်စွာမြင့်တက်လျက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသစ်နှင့်သစ်တောထုတ်ကုန်များအသင်း၏ အတွင်းရေးမှုးချုပ်ဖြစ်သူ Ngo Sy Hoai ကအမေရိကန်နိုင်ငံစီးပွားရေးဦးစီးဌာန၏  ဗီယက်နမ်နိုင်ငံမှ သစ်ပရိဘောဂများအပေါ် တစ်ဖက်စောင်းနင်းဖြစ်သောအကောက်ခွန်ကောက်ခံမှုများနှင့် စုံစမ်းစစ်ဆေးမှုများကိုဖျက်သိမ်းရန်ဆုံးဖြတ်ချက်ပါဝင်သော လတ်တလောတိုးတက်မှုအခြေအနေများသည် အမေရိကန်သစ်ထုတ်ကုန်များ အမေရိကန်ဈေးကွက်တွင် ဝေစုပိုရစေရေးအတွက် အဆင်ပြေချောမွေ့စေမည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။

          ထို့ပြင် တရုတ်နှင့်အမေရိကန်ကဲ့သို့သော တင်ပို့နေကြဖြစ်သောဈေးကွက်များအပြင် ဗီယက်နမ်သစ်တင်ပို့သူများသည် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ တင်ပို့မှုသည်လည်းကြီးထွားလာကြောင်းဖော်ပြခဲ့သည်ဟုသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသို့ သစ်တင်ပို့မှုများ မှ အမေရိကန်ဒေါ်လာ ၁.၀၅ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄၉.၃% မြင့်တက်လာကြောင်းသိရပါသည်။ ကနေဒါနှင့်အိန္ဒိယသို့တင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ၁၁၃၀၀၀နှင့် အမေရိကန်ဒေါ်လာ၇၃၀၀၀ရှိခဲ့ပြီး ၂၃.၃% နှင့် ၉၄.၂% အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ သို့သော် သစ်လုပ်ငန်းအနေနှင့် လတ်တလောနှစ်များအတွင်း တင်ပို့မှုတန်ဖိုးမြင့်တက်နေသော်လည်း ထပ်ဆောင်းတန်ဖိုးထုတ်ကုန်များမှာ ဆက်လက်နိမ့်ကျနေကြောင်းသိရပါသည်

        ကျွမ်းကျင်သူများက ဗီယက်နမ် သစ်ထုတ်ကုန်များ၏ ၅ရာခိုင်နှုန်းသာလျှင် ဒီဇိုင်းပုံစံရှိကြောင်းခန့်မှန်းခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံလက်မှုပညာနှင့် သစ်လုပ်ငန်းအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Phung Quoc Men က ဗီယက်နမ်သစ်လုပ်ငန်းများအနေဖြင့် ထုတ်ကုန်၏တန်ဖိုးနှင့် အကျိုးအမြတ်ရရှိမှုမြင့်တင်ရန်အတွက် ဒီဇိုင်းနှင့်ဆန်းသစ်တီထွင်မှုတို့တွင်  ရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်းအကြံပြုခဲ့ပါသည်။ တင်ပို့သည့်သစ်ထုတ်ကုန်များ၏တန်ဖိုး ဆက်လက်မြင့်တက်ရန်အတွက် သစ်ကုန်ကြမ်းများတင်ပို့မှုကိုလျှော့ချရန် နည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတို့တွင် ရင်းနှီးမြှုပ်နှံသင့်ပြီး ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် မွမ်းမံထားသောထုတ်ကုန်များထုတ်လုပ်မှုကို ဦးစားပေးသင့်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

BYD ကုမ္ပဏီက ဗီယက်နမ်နိုင်ငံကို အရှေ့တောင်အာရှတွင် အဓိကဈေးကွက်အဖြစ် ရှုမြင်

     တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သည့် BYD သည် ဗီယက်နမ်နိုင်ငံအား ၎င်းတို့၏ အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဈေးကွက်တစ်ခုအဖြစ်ရွေးချယ်ထားကြောင်း BYD Auto Vietnem ၏ CEO ဖြစ်သူ Vo Minh Luc ကပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးမားဆုံးလျှပ်စစ်ကား ထုတ်လုပ်သူသည် ဗီယက်နမ်နိုင်ငံတွင် ၎င်းတို့၏ အဆင့်မြင့် လျှပ်စစ်ကားမော်ဒယ်များကို တရားဝင် မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း ၎င်းတို့၏ မဟာဗျူဟာကို ကြေညာခဲ့သည်။ ဗီယက်နမ်သတင်းအေဂျင်စီနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် Luc က ကမ္ဘာ့အကြီးမားဆုံးစွမ်းအင်သစ်မော်တော်ယာဉ်ထုတ်လုပ်သူ BYD သည် ကျယ်ပြန့် သည့် နည်းပညာများကို ပိုင်ဆိုင်ထားပြီး နိုင်ငံနှင့် နယ်ပယ် ၈၀ ကျော်တွင် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အရေအတွက်သည် အနာဂတ်တွင် ဆက်လက်မြင့်တက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Luc က BYD သည် ဗီယက်နမ်ကို ဒေသအတွင်း အဓိကဈေးကွက်နှင့် နောက်ဆုံးဈေးကွက်ဟု ယူဆ လျက်ရှိကြောင်း လူဦးရေသန်း ၁၀၀ ကျော်ရှိသည့်အတွက် ခိုင်မာသည့် ဈေးကွက် တစ်ခုဖြစ်ကြောင်း တည်ငြိမ်မှုရှိသည့် မြင့်မားသော GDP ကြီးထွားမှုရှိကြောင်းနှင့် အခြေခံ အဆောက်အအုံတိုးတက်မှုအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။ Luc ၏ အဆိုအရ ဗီယက်နမ်ဈေးကွက်သည် အလွန်အရှိန်အဟုန်မြင့်ပြီး ကြီးမားသည့်အလားအလာရှိကြောင်းသိရပါသည်။ Luc က BYD သည် ထုတ်ကုန်သစ်များကို သုံးစွဲသူများထံ ဆက်လက်မိတ်ဆက်ပေးပြီး ရွေးချယ်စရာများပြားအောင် ပံ့ပိုးပေးမည်ဖြစ်ပြီး အစိမ်းရောင်နှင့် စံပြပြောင်းလဲမှု၊ စွမ်းအင်ချွေတာရေး ရည်မှန်းချက်ပြည့်မီစေရေးနှင့် ဗီယက်နမ်တွင် ကာဗွန်ထုတ်လွှင့်မှုလျှော့ချခြင်းတို့တွင် ပံ့ပိုးမြှင့်တင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၁၈ ရက်တွင် BYD DOLPHIN ၊ BYD ATTO 3 နှင့် BYD SEAl ဟု အမည်ရသည့် အမျိုးအစားသုံးမျိုးကို မိတ်ဆက်ခဲ့ပြီး ဈေးနှုန်းများမှ အမေရိကန်ဒေါ်လာ ၂၆၀၇ မှ စတင်ကြောင်း သိရပါသည်။ BYD အာရှပစိဖိတ်ကားအရောင်းဌာန၏ အထွေထွေမန်နေဂျာဖြစ်သူ Lue Xueliang က BYD အနေနှင့် ဗီယက်နမ်တွင် တရားဝင်ကားအရောင်းပြခန်း ၁၀ ခု ဖွင့်လှစ်ရန် စီစဉ်ထားပြီး ၃ နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် အခု ၁၀၀ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် BYD သုံးစွဲသူများအား အထူးမက်လုံးပေးရန်နှင့် ချေးငွေပံ့ပိုးသည့် အစီအစဉ်‌ဆောင်ရွက်ရန်အတွက် ဘဏ် ၃ ခုနှင့် အာမခံကုမ္ပဏီ ၄ ခုတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။ ဘက်ထရီအားသွင်းသည့် လုပ်ငန်း ၁၀ ခုနှင့်လည်း ဗီယက်နမ်တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ ထားပြီး မိတ်ဖက်အသစ်များကို တက်ကြွစွာ ရှာဖွေလျက်ရှိကာ ဗီယက်နမ်တွင် စွမ်းအင်သစ်လုပ်ငန်းနယ်ပယ်မြှင့်တင်ကြေညာခြင်းနှင့် နိုင်ငံ၏ အစိမ်းရောင်းစီးပွားရေးတို့တွင် ပူးပေါင်းပါဝင်ရန် ရည်ရွယ်လျက်ရှိကြောင်းသိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

 

၂၀၂၄ ခုနှစ်၏ ခြောက်လတာတွင် ဖိလစ်ပိုင်သည် ဗီယက်နမ်နိုင်ငံမှ ဆန်တင်သွင်းရန်အတွက် ဒေါ်လာ ၁.၂ ဘီလီယံသုံးစွဲခဲ့

     ဆန်သည် ၂၀၂၄ ခုနှစ်၊ ပထမခြောက်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မှု တန်ဖိုးအမြင့်ဆုံးသော ဗီယက်နမ်ထုတ်ကုန်ဖြစ်ခဲ့ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့် ယမန်နှစ်အလားတူကာလကထက် ၄၁% မြင့်တက်ခဲ့သည်။

    ဗီယက်နမ်နိုင်ငံ၏ ဆန်သည် ဖိလစ်ပိုင်တွင် နှစ်ပေါင်းများစွာ ဈေးကွက်ကို ဦးဆောင်နေကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အချက်အလက်များအရ သိရသည်။

    ဇွန်လတွင် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၈ ခုနှစ်အထိ ဆန်တင်သွင်းခွန်များအား ၃၅% မှ ၁၅% သို့ လျှော့ချခဲ့ပြီး သွင်းကုန်ပမာဏတန်ချိန် ၄ သန်းမှ ၄.၅သန်းထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြသည်။ ထိုသို့ ဆန်တင်သွင်းမှု အခွင့်အလမ်းများတိုးလာသော်လည်း သွင်းအားစုဈေးနှုန်းများ ကြီးမြင့်မှုနှင့် ဆန်ထောက်ပံ့မှု အားလျော့နည်းသွားစေနိုင်သည့် မုန်တိုင်းသက်ရောက်မှုတို့ကြောင့် စီးပွားရေးလုပ်ငန်းအများအပြားက သတိထားနေကြဆဲဖြစ်သည်။

    ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်မှုရုံးမှ စီးပွားရေးလုပ်ငန်းများသည် အပြိုင်အဆိုင် ဈေးနှုန်းများပေးဆောင်ရန်နှင့် ဈေးကွက်ဝေစုကို ထိန်းသိမ်းရန် ကုန်ကျစရိတ်များကို သင့်တင့်မျှတမှု ရှိအောင်ပြုလုပ်ရန် လိုအပ်ကြောင်းအကြံပြုထားသည်။ တစ်ချိန်တည်းမှာပင် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သံရုံးနှင့် ဗီယက်နမ်ကုန်သွယ်ရေးရုံးတို့ကလည်း ကုန်သွယ်မှုမြှင့်တင်ရေး၊ ပို့ကုန်တန်ဖိုးမြှင့်တင်ရေးနှင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး တို့ကိုပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းသိရသည်။

   ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်သည် ဖိလစ်ပိုင်သို့ ဆန်တန်ချိန် ၃ သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃% ကျဆင်းသွားခဲ့သည်။ သို့သော်လည်း ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၁.၇၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၇.၆% တိုးလာခဲ့သည်။

Source : vnexpress

DOCA(ရန်ကုန်)

ဖိလစ်ပိုင်တွင် ပိုမိုကြီးမားသော ဆန်ဈေးကွက်ဝေစုရရှိရန် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံယှဉ်ပြိုင်လျက်ရှိ

       ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ပိုမိုကြီးမားသော ဆန်ဈေးကွက်ဝေစုရရှိရန် ယှဉ်ပြိုင်လျက်ရှိကြောင်း Nikkei Asia က ဩဂုတ်လ ၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဆောင်းပါးဖော်ပြချက်အရသိရပါသည်။ ဆောင်းပါးအရ ဖိလစ်ပိုင်သည် အိမ်နီးချင်းနိုင်ငံများထံမှ ဆန်တင်သွင်းမှုတိုးမြှင့်မည့်အကြောင်းအချက်များအနက် တစ်ခုမှာ ပြည်တွင်းထောက်ပံ့နိုင်စွမ်းကျဆင်းသောကြောင့်ဖြစ်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်သည် ပြည်တွင်းဈေးကွက်တွင် ဆန်ဝေးနှုန်းများတည်ငြိမ်စေရန်အတွက် ဆန်တင်သွင်းသည့် အကောက်ခွန်များကိုလျှော့ချခဲ့ကြောင်းသိရပါသည်။ ဆောင်းပါးသည် အမေရိကန်နိုင်ငံစိုက်ပျိုးမွေးမြူရေးဦးစီးဌာန၏ အချက်အလက်များကိုကိုးကားရေးသားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ အကြီးမားဆုံး ဆန်တင်သွင်းသူဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၄.၁သန်းတင်သွင်းရန်ခန့်မှန်းရပြီး ၂၀၂၃ခုနှစ်တွင် ဆန်တန်ချိန် ၃.၂သန်းတင်သွင်းခဲ့ကြောင်းသိရပါသည်။ ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးမွေးမြူရေးဦးစီးဌာန၏ အတွင်းရေးမှူး Francisco Tiu Lauvel က ဖိလစ်ပိုင်နိုင်ငံနှင့် အစားအစာဖူလုံရေးအတွက် ဆန်ထုတ်လုပ်မှုတွင် ဗီယက်နမ် နိုင်ငံနှင့်ပူးပေါင်းမှုမြှင့်တင်သွားမည်ဟု ဇူလိုင်လတွင်ပြောကြားခဲ့ပါသည်။ လတ်တလောနှစ်များအတွင်း ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်ကို ထိပ်ဆုံးမှ တင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်းသိရပါသည်။  

Source : VietnamPlus

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင်လတွင် ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၉၆သန်းရရှိအောင် ဆွဲဆောင်နိုင်ခဲ့

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှု (ရေရှည်ရင်းနှီးမြှုပ်နှံမှု) အမေရိကန်ဒေါ်လာ ၃၉၆သန်းခွဲရရှိကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က ဩဂုတ်လ ၇ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ထားသည့် သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

        ကမ္ဘောဒီးယားအစိုးရသည် ပြီးခဲ့သောလတွင် ရင်းနှီးမြှုပ်နှံမှုပရောဂျက်ပေါင်း ၄၄ခုကိုခွင့်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၂၅၀၀၀ခန့်ဖန်တီးပေးခဲ့ကြောင်းသိရသည်။

      စီမံကိန်းသစ်တွင် အထူးစီးပွားရေးဇုန်၊ အလူမီနီယံပြုပြင်ထုတ်လုပ်သည့်စက်ရုံ၊ အစားအသောက်ပြုပြင်ရေးစက်ရုံ၊ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းစက်ရုံတို့ပါဝင်ကြောင်း ၎င်းကဆိုသည်။

        တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်ခဲ့သည်။

        ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် ရင်းနှီးမြှုပ်နှံမှုများ၏ ၆၈% သည် တရုတ်နိုင်ငံမှဖြစ်ပြီး ၁၄% သည် ပြည်တွင်းအရင်းအမြစ်များမှဖြစ်ပြီး ကျန်သည့်ရာခိုင်နှုန်းမှာ ကေမန်ကျွန်း၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှဖြစ်ကြောင်း CDC က ပြောကြားခဲ့သည်။

      ကမ္ဘောဒီးယားအစိုးရသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၆၄ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပရောဂျက်ပေါင်း ၂၃၄ခုကိုအတည်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၁၉၃၅၇၀ခန့်ကိုဖန်တီးပေးခဲ့သည်။

    RCGP နှင့် CCFTA  နှစ်ခုစလုံးသည် ကမ္ဘောဒီးယားသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် အားထားရာဖြစ်သည်ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ FDI သည် ကမ္ဘောဒီးယား၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့ကိုမြှင့်တင်ရာတွင် အထောက်အကူများစွာဖြစ်စေကြောင်းသိရှိရသည်။

Source : khmertimeskh

DOCA(ရန်ကုန်)

ပင်လယ်ကွေ့နိုင်ငံများသို့ တင်ပို့မှုမြင့်တင်ရန် အင်ဒိုနီးရှား ရည်မှန်း

     အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က အင်ဒိုနီးရှားပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှု (I-GCCFTA) သည် ပင်လယ်ကွေ့ဒေသသို့ အင်ဒိုနီးရှား၏ပို့ကုန်များကိုတိုးမြှင့်နိုင်ရန် မျှော်လင့်ရကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ၆နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျ၊ UAE၊ ကူပိတ်၊ ဘာရိန်း၊ အိုမန်နှင့် ကာတာနိုင်ငံတို့သည် အားကောင်းသည့် ခင်မင်ရင်းနှီးမှုရှိခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ သို့သော် ကုန်သွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွင် အကောင်းဆုံးအခြေအနေ၌ ထိန်းသိမ်းမထားနိုင်ကြောင်းသိရပါသည်။

       Hasan က အင်ဒိုနီးရှားနှင့် GCC ကုန်သွယ်ရေးပတ်သက်ဆက်နွှယ်မှုသည် ကြီးမားသည့် တန်ဖိုးအလားအလာရှိကြောင်းနှင့် သဘောတူညီချက်ကို နှောင့်နှေးခြင်းမရှိဘဲ ပြီးမြောက်ရန်တောင်းဆိုခဲ့ကြောင်းသိရပါသည်။ GCC ၏ အတွင်းရေးမှူးချုပ် Jasem Mohamed AIbudaiwi က ဆွေးနွေးညှိနှိုင်းမှုများသည် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အကောက်ခွန်များနှင့် အစ္စလာမ်ဘာသာနှင့်သက်ဆိုင်သော စီးပွားရေးများကုန်သွယ်မှု အစရှိသည့် များစွာသောလူများအပေါ်တွင် အာရုံစိုက်ထားကြောင်းသိရပါသည်။

        အစ္စလာမ်ဘာသာနှင့်သက်ဆိုင်သော စီးပွားရေးများဆွေးနွေးမှုတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ MSMEs လုပ်ငန်းများ၊ သတ္တုတွင်း၊ ကျန်းမာရေးနှင့် စာပေမူပိုင်ခွင့်တို့ ပါဝင်ကြောင်းသိရပါသည်။ Mr.Jasem က အရေအတွက်မှာ ၎င်းတို့၏အဓိကရည်ရွယ်ချက်မဟုတ်ကြောင်း၊ နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ဘီလီယံထိရောက်ရှိဖူးပြီး သဘောတူညီချက်လက်မှတ်ရေးထိုးပြီးပါက အဆိုပါပမာဏထက် ဆက်လက်မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အင်ဒိုနီးရှားနှင့် GCC အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ   ၆.၂ဘီလီယံရှိပြီး ပင်လယ်ကွေ့နိုင်ငံများမှ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ သန်း၈၀၀ရရှိခဲ့ကြောင်းသိရပါသည်။

Source : Jekeita Post

DOCA(ရန်ကုန်)

၂၀၂၄ခုနှစ်၏ ပထမ ၇လတာကာလတွင် လယ်ယာ-သစ်တော-ရေထွက်ကုန်တင်ပို့မှု ၁၉% နီးပါးမြင့်တက်ခဲ့သည့် ဗီယက်နမ်နိုင်ငံ

      ၂၀၂၄ခုနှစ်၏ ပထမ ၇လတာကာလတွင် လယ်ယာ-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၄.၂၇ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက်  ၁၈.၈% မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MABD) ကပြောကြားခဲ့ပါသည်။

      ဗီယက်နမ်နိုင်ငံသည် လယ်ယာ-သစ်တော-ရေထွက်ကုန်ကဏ္ဍမှတစ်ဆင့် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၉.၄၂ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့် ကာလထက် ၆၀% မြင့်တက်ခဲ့ကြောင်း အချက်အလက်များကဖော်ပြခဲ့သည်ဟုသိရှိရပါသည်။ ဇူလိုင်လတစ်လတည်းတွင် အဆိုပါထုတ်ကုန်များတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၁၁ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီကာလထက် ၁၈.၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၈.၂၁%ဘီလီယံ၊ သစ်တောထွက်ကုန်မှ အမေရိကန်ဒေါ်လာ ၉.၄၁ဘီလီယံ၊ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၂၉ဘီလီယံနှင့် မွေးမြူရေးထွက်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၈သန်းရရှိခဲ့ကာ ၂၃.၄%၊ ၂၁.၁%၊ ၇.၃% နှင့် ၄.၈% အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။

       ထို့ပြင် သစ်နှင့်သစ်ထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈.၇၈ဘီလီယံ၊ ကော်ဖီမှ အမေရိကန်ဒေါ်လာ ၃.၅၄ဘီလီယံ၊ ဆန်မှ အမေရိကန်ဒေါ်လာ ၃.၂၇ဘီလီယံ၊ သီဟိုဠ်စေ့မှ အမေရိကန်ဒေါ်လာ ၂.၃၇ဘီလီယံ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်မှ အမေရိကန်ဒေါ်လာ ၃.၈၃ဘီလီယံ၊ ပုစွန်မှ အမေရိကန်ဒေါ်လာ ၂ဘီလီယံ၊ Tra Fish မှ အမေရိကန်ဒေါ်လာ ၁.၀၂ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။

      အထူးသဖြင့် ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ငရုတ်ကောင်းတို့၏ ပျမ်းမျှတင်ပို့သည့် ဈေးနှုန်းများလည်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့သည် ဗီယက်နမ် လယ်ယာ-သစ်တော-ရေထွက်ကုန်များ၏ အကြီးမားဆုံးတင်သွင်းသူများဖြစ်ကြောင်းသိရပါသည်။

Source : Vietnam Plus

DOCA(ရန်ကုန်)

တရုတ်နိုင်ငံ၏ BYD သည် Mega Motor နှင့်ပူးပေါင်း၍ New Energy Vehicle (NEV) များကို ပါကစ္စတန်တွင် ဖြန့်ချိသွားမည်

     ကမ္ဘာ့ထိပ်တန်း New Energy Vehicle (NEV) ထုတ်လုပ်သူ BYD ကုမ္ပဏီသည် Hub Power Company Limited (Hubco) ၏ လုပ်ငန်းခွဲဖြစ်သော Mega Motor နှင့် ပူးပေါင်း၍ ၎င်း၏လျှပ်စစ်နှင့် Hybird ကားများကို သုံးစွဲသူများထံမိတ်ဆက်ခဲ့သည်။

      အသေးစိတ်အချက်အလက်များအရ မတ်လတွင် ပထမဆုံးကြေညာခဲ့သော ဤပူးပေါင်းဆောင်ရွက်မှုသည် BYD ၏ နောက်ဆုံးပေါ် NEV နည်းပညာကို ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးရွေးချယ်ခဲ့မှုများကို ပိုမိုစိတ်ဝင်စားသည့် ဈေးကွက်တစ်ခုသို့ဆောင်ကြဉ်းပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ BYD ၏ ပါကစ္စတန်ဈေးကွက်သို့ ဝင်ရောက်မှုသည် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ် နှစ်နှစ်စလုံးတွင် ၎င်း၏ ကမ္ဘာ့ထိပ်တန်း NEV ရောင်းချသူ ဂုဏ်ပုဒ်ကိုရရှိခဲ့ပြီးနောက် အထင်ကြီးလောက်စရာ ကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်ရည်၏ နောက်ဆက်တွဲလုပ်ဆောင်ချက်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

         Mega Motor ကုမ္ပဏီ၏ CEO ဖြစ်သူ Aly Khan က BYD နှင့် ဤပူးပေါင်းဆောင်ရွက်မှုသည် ပါကစ္စတန်တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများကိုပံ့ပိုးပေးရန်အတွက် ၎င်းတို့၏မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း၊ NEV ကိုတိုးမြှင့်အသုံးပြုရန်နှင့် ရုပ်ကြွင်းလောင်စာမှီခိုမှုကိုလျှော့ချရန်ဟူသော အစိုးရ၏ရည်မှန်းချက်တွင် ပါဝင်ကူညီရန် စိတ်အားထက်သန်လျက်ရှိကြောင်းပြောကြားခဲ့သည်။

     အဆိုပါမိတ်ဆက်ပွဲတွင် BYD ၏ နောက်ဆုံးပေါ် မော်ဒယ်များစွာကို ပြသရန်မျှော်လင့်ထားပြီး ပါကစ္စတန်တွင် များပြားလှသောလျှပ်စစ်ကားများကို လက်ခံအားဖြည့်သွင်းပေးနိုင်ရန်အတွက် အရေးကြီးသော အားသွင်းအခြေခံအဆောက်အအုံတီထွင်ရန် အစီအစဉ်များလည်းပါဝင်သည်။

      ဤအကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံ၏ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်သို့ရောက်ရှိရန် ပံ့ပိုးပေးနေစဉ် NEV များအား ရွေးချယ်မှုများဖြင့် ဈေးကွက်ကို ပြန်လည်ပုံဖော်နိုင်စေမည့် ပါကစ္စတန်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းအတွက် အရေးပါသောခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ထားကြောင်းသိရှိရပါသည်။

Source : brecorder

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံသည် EAEU နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များစတင်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေ

     ထိုင်းနိုင်ငံသည် ရုရှား၊ အာမေးနီးယား၊ ဘီလရုဇ်၊ ကာဇတ်စတန်နှင့် ကာဂျစ်စတန်တို့နှင့်ဖွဲ့စည်းထားသည့် Eurasian Economic Union (EAEU) တို့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်းနိုင်ငံဆိုင်ရာ ကာဇတ်စတန်နိုင်ငံသံအမတ်ကြီး Arman Issetov နှင့် အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် အပြန်အလှန်အကျိုးစွားပွား၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ အစရှိသည့် များစွာသောနယ်ပယ်တို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ခဲ့ပါသည်။ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကျင်းပသည့် ကုန်သွယ်ရေးပြပွဲနှင့် အွန်လိုင်းမှတစ်ဆင့် စီးပွားရေးညှိနှိုင်းဆွေးနွေးမှု အစရှိသည့် ကုန်သွယ်မှုမြှင့်တင်ရေးလှုပ်ရှားမှုများအပြင် ၎င်းတို့သည် ထိုင်းနိုင်ငံနှင့် ကာဇတ်စတန်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်တည်ထောင်ရန် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် EAEU နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုစတင်ရန် ဆန္ဒရှိကြောင်းဖော်ပြခဲ့ပြီး ကာဇတ်စတန်ကပံ့ပိုးပေးရန် မျှော်လင့်လျက်ရှိပါသည်။ EAEU အဖွဲ့ဝင်နိုင်ငံများတွင် ခန့်မှန်းလူဦးရေ သန်း ၂၀၀နီးပါးနေထိုင်လျက်ရှိပြီး စုစုပေါင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅ထရီလီယံရှိကြောင်းသိရပါသည်။ ကာဇတ်စတန်သည် ဗဟိုအာရှတွင် အကြီးမားဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားပြီး GDP နှင့် ဝယ်ယူနိုင်စွမ်းတို့တွင် ဒေသတွင်းဦးဆောင်နေရုံသာမက စီးပွားရေးနှင့် စာရင်းအင်းအချက်အလက်အချက်အခြာအဖြစ် အရေးကြီးသည့်နေရာတွင် ရှိနေကြောင်းသိရပါသည်။ Phumtham ၏အဆိုအရ ထိုင်းနိုင်ငံသည် ၎င်းတို့၏ လယ်ယာထွက်ကုန်များနှင့် တိရိစ္ဆာန်အစားအစာများကို ကာဇတ်စတန်နိုင်ငံက တင်သွင်းပေးရန်တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ထို့ပြင် နှစ်ဖက်စလုံးသည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးတိုးချဲ့ရန်အတွက် ၂၀၂၄ခုနှစ်၊ ဧပြီလက ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကို အသုံးချနိုင်ကြောင်းသိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ