အင်ဒိုနီးရှား-ဥရောပသမဂ္ဂ CEPA ကို စက်တင်ဘာ ၂၃ ရက်နေ့တွင်လက်မှတ်ရေးထိုးမည် ဟု ဝန်ကြီးပြောကြား

Powered by Drupal

           အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှား-ဥရောပသမဂ္ဂ(EU) ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (IEU CEPA) အတွက် စာချုပ်စာတမ်းကို ယခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးမည်ဟု ကြေညာခဲ့ပါသည်။ ဝန်ကြီးက IEU CEPA ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်းနှင့် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးပါက နှစ်ဖက်စလုံး၏ ပါလီမန်များ၌ လုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံစီးပွားရေးနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ စာချုပ်စာတမ်း လက်မှတ်ရေးထိုးပြီးပါက ဥရောပစီပွားရေးနှင့် ကုန်သွယ်ရေးကော်မရှင်နာ Maros Sefovi သည် အင်ဒိုနီးရှားသို့လာရောက်လည်ပတ်ရန်ရှိကြောင်း သိရပါသည်။ သို့သော်လက်မှတ်ရေးထိုးခြင်း သည် IEU CEPA ကို အလိုအလျောက်အသက်ဝင်မည်မဟုတ်သေးကာ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ ပါလီမန်များထံမှခွင့်ပြုချက်လိုအပ်သေးကြောင်း သိရပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာကုန်သွယ်ရေးညှိနှိုင်းဆွေးနွေး‌ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Djatmiko Bris Witjaksono က EU ၌ စီမံခန့်ခွဲရေးနှင့် ဥပဒေရေးရာလုပ်ငန်းစဉ်တစ်ခုလုံးသည် ၁၂ လခန့်ကြာမြင့်ကြောင်း၊ အင်ဒိုနီးရှားသည် ထိုလုပ်ငန်းစဉ်ကို ၂၀၂၆ ခုနှစ် ဒုတိယနှင့် စတုတ္ထ ၃ လပတ်ကာလကြားတွင်ပြီးမြောက်ရန် မျှော်လင့်ရကြောင်းနှင့် စီးပွားရေးစာချုပ်သည် ၂၀၂၇ ခုနှစ် ၏ ပထမ ၃ လပတ်ကာလတွင် စတင်အသက်ဝင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား နှင့် EU သည်သဘောတူညီချက်ရရှိရန် ၂၀၁၆ ခုနှစ်မှစတင်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ ယခင်သမ္မတ Joko Widodo ၏ အုပ်ချုပ်မှု‌အောက်တွင် ကနဦးစတင် ခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုများသည် ယခုသမ္မတ Prabowo Subianto လက်ထက်တွင် ပြီးမြောက် ကြောင်း ကြေညာနိုင်ခဲ့ကြောင်း သိရပါသည်။ IEU CEPA သည် အင်ဒိုနီးရှားနှင့် EU ကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်မှုပိုမိုနက်ရှိုင်းစေရန် အခွင့်အလမ်းသစ်များ ကိုဖန်တီးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ Witjaksono က စာချုပ်စတင်အသက်ဝင်ပါက အဝတ်အထည်နှင့် စားအုန်းဆီပါဝင်သည့် EU သို့တင်ပို့မည့် အင်ဒိုနီးရှား၏ ထုတ်ကုန်များသည် အကောက်ခွန်ကောက်ခံခြင်းခံရမည်မဟုတ်ကြောင်း သိရပါသည်။ ထို့ပြင် IEU CEPA သည် စုစုပေါင်းအကောက်ခွန်ကောက်ခံခြင်းခံရသည့် ကုန်ပစ္စည်းအမျိုးအစား၏ ၉၈ ရာခိုင်နှုန်းနှင့် စုစုပေါင်းတင်သွင်းသည့်တန်ဖိုး၏ ၉၉ ရာခိုင်နှုန်းအပေါ် အကောက်ခွန်များကို ပယ်ဖျက်ပေးမည် ဟု သိရပါသည်။

DOCA (ရန်ကုန်)