၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှု ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဗီယက်နမ်

Powered by Drupal

               ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန် တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၄၅.၃၇ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် ဗီယက်နမ်သည် ဝင်ငွေခန့်မှန်း အမေရိကန်ဒေါ်လာ ၅.၇၁ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ဩဂုတ်လ နှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းခဲ့သော်လည်း ထုတ်ကုန်အုပ်စုအမျာစုမှာတင်ပို့မှုကြီးထွားခဲ့ခြင်းနှင့်အတူ စုစုပေါင်း ၈ လတာစွမ်းဆောင်ရည်မှာ ဆက်လက်အပေါင်းလက္ခဏာဆောင်ခဲ့ကြောင်း သိရပါသည်။ ထို ၈ လတာကာလတွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄.၄၂ ဘီလီယံဖြင့်အကြီးမားဆုံးဝေစုရရှိခဲ့ပြီး ၁၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှဝင်ငွေအမေရိကန်ဒေါ်လာ ၄၁၀.၇ သန်းဖြင့် ၂၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၀၃ ဘီလီယံဖြင့် ၁၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ သစ်တောထုတ်ကုန်တင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၁၁.၉ ဘီလီယံရရှိခဲ့ပြီး ၆.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အာရှသည် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်အဓိကဝယ်ယူရာဒေသဖြစ်ပြီး စုစုပေါင်း ဈေးကွက်ဝေစု၏ ၄၃.၁ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အာရှ၏နောက်တွင်အမေရိကက ၂၃.၂ ရာခိုင်နှုန်း၊ ဥရောပက ၁၄.၆ ရာခိုင်နှုန်း၊ အာဖရိကက ၃.၁ ရာခိုင်နှုန်းနှင့် သမုဒ္ဒရာပိုင်းဒေသက ၁.၃ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ဥရောပသို့တင်ပို့မှုမှာ ၃၈.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကသို့တင်ပို့မှုမှာ ၁၀.၆ ရာခိုင်နှုန်း၊ အာရှသို့တင်ပို့မှုမှာ ၁.၂ ရာခိုင်နှုန်း၊ အာဖရိကသို့တင်ပို့မှုမှာ ၂ ဆနှင့် သမုဒ္ဒရာပိုင်း ဒေသသို့တင်ပို့မှုမှာ ၂.၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်၊ တရုတ်နှင့်ဂျပန်တို့မှာ အကြီးမားဆုံးဈေးကွက်များဖြစ်ပြီး စုစုပေါင်းတန်ဖိုး၏ ၂၀.၉ ရာခိုင်နှုန်း၊ ၁၉ ရာခိုင်နှုန်းနှင့် ၇.၁ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ ကော်ဖီမှာပို့ကုန်အမျိုးအစား အားလုံးတွင်ကြီးထွားမှုအများဆုံးဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာ ကာလတွင် ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၂ သန်းတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၆.၄၂ ဘီလီယံရရှိခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၈.၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၅၉.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို ၈ လတာကာလတွင်ရာဘာတန်ချိန် ၁.၁ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၄ ဘီလီယံ၊ သီဟိုဠ်စေ့တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၂၄ ဘီလီယံ၊ ငရုတ်ကောင်းတင်ပို့မှုမှ ဝင်ငွေအမေရိကန်‌ဒေါ်လာ ၁.၁၂ ဘီလီယံ၊ လက်ဖက်တန်ချိန် ၈၆၆၀၀ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၄.၇ သန်းရရှိခဲ့ကြောင်း သိရပါသည်။  သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၆၂ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၈ လနှင့်နှိုင်းယှဉ်ပါက ၂.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းမှုမှာ ဗီယက်နမ်၏စုစုပေါင်းသစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုများ ၏ ထက်ဝက်ကျော်ရှိသည့် တရုတ်ဈေးကွက်သို့တင်ပို့မှု ၁၅.၁ ရာခိုင်နှုန်းကျဆင်းမှုက အဓိက နေရာတွင်ရှိနေကြောင်း သိရပါသည်။

DOCA (ရန်ကုန်)