ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

မဲခေါင်အရှေ့ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍကိုမြှင့်တင်ရန် ဝန်ကြီးချုပ် တိုက်တွန်း

             ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Manet က မဲခေါင်မြစ် အရှေ့ဘက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင်  ပုဂ္ဂလိကကဏ္ဍကိုပိုမိုတိုးတက်အောင်မြင်စေရန် ၁၇-၁၂-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော “Mekong Quay City” ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖွင့်ပွဲခမ်းအနားတွင် ပြောကြားခဲ့သည်။  ဝန်ကြီးချုပ်က အဆိုပါ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များသည် အခြေခံ အဆောက်အအုံမြှင့်တင်ရန်သာမက နိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းမှုမြှင့်တင်ရေး တို့ကိုလည်း ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က မြှင့်တင်ရေးနှင့်အားပေးမှုများသည်  လာမည့်နှစ်များအတွင်း ရှေ့ပိုင်းဒေသ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သော ကနဦးခြေလှမ်းဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်ဒေသများ၏ အလားအလာကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိက ကဏ္ဍ၏ပါဝင်ဆောင်ရွက်မှုများကို အစိုးရအနေဖြင့် ကြိုဆိုပြီး နိုင်ငံနှင့်ပြည်သူများအတွက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောက်ရွက်လျက်ရှိသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ TP Moral Group (TPMG) နှင့် Khun Sea Group တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် “Mekong Quay City” စီမံကိန်းသည် Koh Norea ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ဆန့်ကျင်ဘက် မဲခေါင်မြစ်အရှေ့ဘက်ကမ်းရှိ  Akreiy Ksatr City တွင်တည်ရှိကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားရှိ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် တရုတ်ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စား

          ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (CDC) ၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၊ အထွေထွေ အတွင်းရေးမှူးချုပ် Chea Vuthy သည် တရုတ်ပြည်သူသမ္မတနိုင်ငံမှ Zhongke Beifang ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Ms. Zhou Huitong ဦးဆောင်သော တရုတ်ရင်းနှီးမြှုပ်နှံသူများ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် Chea Vuthy က ကိုယ်စားလှယ်အဖွဲ့အားကြိုဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများစီးဆင်းမှု အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘောဒီးယားသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမှုနှင့်အတူ တရုတ်ရင်းနှီးမြှုပ်နှ့မှုအရင်းအမြစ်များသည် နှစ်စဉ်တိုးတက်လာခဲ့ ကြောင်းအလေးပေးပြောကြားခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Zhou Huitong က ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာနေသည်မှာ (၂) နှစ်ခန့်ရှိကြောင်း၊ ယခုအချိန်တွင် ကုမ္ပဏီသည် ပြည်တွင်းဈေးကွက်နှင့် ပို့ကုန်အတွက် လယ်ယာထွက်ကုန်ပြုပြင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်တွင် ကမ္ဘောဒီးယား၌ စပါး၊ ပီလောပီနံနှင့် သီဟိုဠ်စေ့ စသည့် သီးနှံအများအပြား ရှိသောကြောင့် ဒေသတွင်းစိုက်ပျိုးထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ် ကြောင်းပြောကြားခဲ့သည်။ Chea Vuthy က ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ကြိုဆိုခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍသည် ဦးစားပေးကဏ္ဍဖြစ်ပြီး ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏အာရုံစိုက်မှုကို ရရှိထားကြောင်းနှင့် ကုမ္ပဏီအား အမြတ်အစွန်းအများအပြားရရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆုံးဖြတ်ချက်များကို အမြန်ဆုံးချမှတ်နိုင်ရန် ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ထိပ်သီးအစည်းအဝေးကျင်းပ

          ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်တောင်ပိုင်းရှိ Preah Sihanouk ကမ်းရိုးတန်းပြည်နယ်၏ အလားအလာကိုမြှင့်တင်ရန် ရင်းနှီးမြှုပ်နှံသူများနှင့် ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ သည်။ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး Hean Sahib က Preah Sihanouk ပြည်နယ်သည် အခြေခံအဆောက်အအုံနှင့် အဆင့်မြင့်နည်းပညာများလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စီးပွားရေးနှင့်ရင်နှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေး ကြောင်း၊ အစိုးရအနေဖြင့် Preah Sihanouk ပြည်နယ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအချက်အချာအဖြစ် ပြောင်းလဲပေးရန် ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးတွင်ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးသို့ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့်ဥရောပနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ ကြသည်။ တော်ဝင်အစိုးရမှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအထူးအစီအစဉ်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖြင့် စီမံကိန်း ၂၀၀ ကျော်အား “permits in principle” ပေးအပ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးတွင် Sihanoukville အထူးစီးပွားရေးဇုန် ကိုယ်စားလှယ်မှ ဇုန်အတွင်းရင်းနှီးမြှုပ်နှံခြင်း၏ အလားအလာနှင့်အကျိုးကျေးဇူးများကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။

DOCA(ရန်ကုန်)

Cambodia Angkor Air သည် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းသို့ တိုက်ရိုက်ပျံသန်းမှုစတင်ရန်ဆွေးနွေးတိုင်ပင်

          ကမ္ဘောဒီးယား-တောင်ကိုရီးယား ကုန်သွယ်မှုတိုးတက်လာသည်နှင့်အမျှ Cambodia Angkor Air သည် တောင်ကိုရီးယားနောက်တောင်ဘက်ရှိ Muan ခရိုင်သို့ တိုက်ရိုက် ပျံသန်းမှုများစတင်ခဲ့သည်။ ဖနွမ်းပင်မှ ပထမဆုံးလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ Siem Reap ပြည်နယ်မှ လေကြောင်းခရီးစဉ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင်စတင်မည်ဖြစ်သည်။ Cambodia Angkor Air လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူက ပျံသန်းချိတ်ဆက်မှုအသစ်သည် ခရီးသွားများအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး နှစ်နိုင်ငံ၏ ကြွယ်ဝသောယဉ်ကျေးမှု၊ လှပသောရှုခင်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေရန် ပိုမိုလွယ်ကူစေကြောင်းပြောကြားခဲ့သည်။ ကိုရီးယားစီးပွားရေး လုပ်ငန်းများကို ပိုမိုဆွဲဆောင်ရန်အတွက် ကမ္ဘောဒီးယားသည် ကိုရီးယားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Heng Sour က တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ်မှ လာရောက်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ အား နိုင်ငံတော်၏အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နှင့် ကမ္ဘောဒီးယား-တောင်ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် ကိုရီးယားသို့ လယ်ယာထွက်ကုန်များတင်ပို့ရန်နှင့် ပြုပြင်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

 

IFC သည် နိုင်ငံတော်၏ အခြေခံအဆောက်အအုံကဏ္ဍကို ငွေကြေးထောက်ပံ့ရန်စိတ်ဝင်စား

          World Bank Group ၏ အဓိကအဖွဲ့ဝင်ဖြစ်သည့် The International Finance Corporation (IFC) သည် ပို့ဆောင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဘဏ္ဍာရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား၏ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Riccardo Puliti ၊ ကမ္ဘောဒီးယား ကမ္ဘောဘဏ် မန်နေဂျာ Tania Meyer နှင့် ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ IFC ဌာနကိုယ်စားလှယ် Towfiqua Hoque တို့သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ တွေ့ဆုံစဉ် ငြိမ်းချမ်းရေး နှင့်စီးပွားရေးတိုးတက်မှုတို့ကို ထိန်သိမ်းရာတွင် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC)၊ The International Finance Corporation (IFC) ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အကြား ယခင်ကကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဘဏ္ဍာရေးကဏ္ဍများအပါအဝင် ဦးစားပေးကဏ္ဍများစွာတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် အခွင့်အလမ်းများစွာကို ရှာဖွေရန်ရည်ရွယ်ချက်များကိုဆွေးနွေးခဲ့ သည်။ Riccardo Puliti သည် အစိုးရ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးရာတွင် ပုဂ္ဂလိက ကဏ္ဍ၏ အရေးကြီးသောအခန်းကဏ္ဍကို အသိအမှတ်ပြုပေးခြင်းတွက်ကျေးဇူတင်ကြောင်း၊ ပြည်လည်ဖွံ့ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ RGC ၏မူဝါဒနှင့် ဦးစားပေးမှုကို ပြသခဲ့ပြီး IFC ၏ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က အစိုးရသည် အမြန်လမ်းများကဲ့သို့သောထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးကို အားရုံစိုက်ထားကြောင်း၊ ပြည်တွင်း၊ ဒေသတွင်းနှင့်နိုင်ငံတကာချိတ်ဆက်မှုများမြှင့်တင်ရန်အတွက် ရေနက်ဆိပ်ကမ်းများတိုးချဲ့ရန် ရည်ရွယ်ထားကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ ၆၂ ရာခိုင်နှုန်းကို အသုံးပြုလျက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းအထိတိုးချဲ့အသုံးပြုနိုင်ရန်ရည်ရွယ် ထားကြောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရှိ

             ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၇.၀၈ ဘီလီယံအထိရောက်ရှိခဲ့ပြီး အမေရိကန် နိုင်ငံနောက်တွင် ဒုတိယအကြီးဆုံး ပို့ကန်ဈေးကွက်အဖြစ်ရပ်တည်ခဲ့သည်။ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန (GDCE) မှ ထုတ်ပြန်ခဲ့သော ကုန်သွယ်မှု အချက်အလက်များအရ ကမ္ဘောဒီးယားမှဗီယက်နမ်သို့ ပို့ကုန်တင်ပို့မှုမှာ ၂၆.၃ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၃.၂၉ ဘီလီယံရှိခဲ့သည်။ ဗီယက်နမ်၏ ကမ္ဘောဒီးယား သို့တင်သွင်းမှုမှာ ၁၆ ရာခိုင်နှုန်း တိုးလာခဲ့ ပြီး ကန်ဒေါ်လာ ၃.၇၉ ဘီလီယံရှိခဲ့သည်။ ကမ္ဘောဒီးယားသည် ဆန်၊ ရာဘာ၊ သီဟိုဠ်စေ့၊ ပီလော ပီနံ၊ ပြောင်း၊ ငှက်ပျောသီး၊ သရက်သီးနှင့် ဆေးရွက်ကြီးအပါအဝင် လယ်ယာထွက်ကုန်များကို ဗီယက်နမ်သို့အဓိကတင်ပို့နေသည်။ ဗီယက်နမ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်ယန္တယား များ၊ လောင်စာဆီ၊ လျှပ်စစ် ပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ တိရစ္ဆာန်အစာများ၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ တင်သွင်းသည်။ အစဉ်အလာအားဖြင့် ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့အများစု ကို ဗီယက်နမ်သို့ တင်ပို့လျက်ရှိကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ၏ အစီရင်ခံစာ အရသိရသည်။ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အကြား မကြာမီကာလအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုကို ဒေါ်လာ ၁၀ ဘီလီယံကျော်နှင့် လာမည့်နှစ်များတွင်း ၂၀ ဘီလီယံကျော်အထိ တိုးမြှင့်ရန်ကြိုးပမ်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကန်ဒေါ်လာ ၂.၉၁ ဘီလီယံဖြင့် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းစုစုပေါင်း ၂၀၈ ခုရှိပြီး ဗီယက်နမ်နိုင်ငံတွင် ကန်ဒေါ်လာ ၇၅.၇၆ သန်းဖြင့် ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုစီမံကိန်းစုစုပေါင်း ၃၅ ခုရှိကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍသည် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာကြောင်း ဝန်ကြီးချုပ် Hun Manet ပြောကြား

         မဲခေါင်မြစ် အရှေ့ဘက်ကမ်းရှိ AkreiyKsatr တွင် မြေ ၂၁၀ ဟက်တာ၌ မြို့တစ်မြို့ဖွံ့ဖြိုး တိုးတက်ရေးတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများဖြင့်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍသည် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Manet က မှတ်ချက်ပြုခဲ့သည်။ ကမ္ဘောဒီးယားပြည်သူများအတွက် ခေတ်မီတိုးတက်ပြီး သာယာဝပြော သော နိုင်ငံဖြစ်လာရန် မြေယာစီမံခန့်ခွဲမှုနှင့်မြို့ပြစီမံကိန်းများသည် မရှိမဖြစ်လိုအပ်ကြောင်းနှင့် Mekong Quay City စီမံကိန်းသည် ကမ္ဘောဒီးယားပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အမျိုးသားစီးပွားရေးတိုးတက်မှုကိုမြှင့်တင်ပေးမည်ဟု ယုံကြည် ကြောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က အခြေခံအဆောက်အအုံနှင့်တံတားချိတ်ဆက်မှုများ ဆောက်လုပ်ခြင်းသည် ခရီးသွားလာမှုကို ချောမွေ့စေရုံသာမက စီးပွားရေးဆိုင်ရာ လုပ်ဆောင် ချက်များကိုလည်း လှုံ့ဆော်ပေးကြောင်းပြောကြားခဲ့သည်။ အနာဂါတ်တွင် မဲခေါင်မြစ် အရှေ့ဘက်ကမ်းသည် ဖနွမ်းပင်ရှိ အထပ်မြင့်အဆောက်အအုံများနှင့် နှိုင်းယှဉ်ပါက သိသာ ထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုကို ကြုံတွေ့ရမည်ဟုပြောကြားခဲ့သည်။ မဲခေါင်မြစ်အရှေ့ပိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍကို တက်ကြွစွာပါဝင်နိုင်ရန် ဆက်လက်တိုက်တွန်း ခဲ့သည်။

DOCA(ရန်ကုန်)

ရာဘာရောင်းချမှုမှ ကန်ဒေါ်လာသန်း ၆၄၀ ရရှိခဲ့သည်ဟု MAFF ဖော်ပြ

          ကမ္ဘောဒီးယားနိုင်ငံ၏ ရာဘာရောင်းအားသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၆၄၀ သန်းအထိရောက်ရှိခဲ့ပြီး  ၂၀၂၃ ခုနှစ်မှ ၃၀ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ၏ တရားဝင်အစီရင်ခံစာအရသိရသည်။ Tbong Khmum ခရိုင်၊ Tbong Khmum ပြည်နယ် တွင်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံတွင် ရှေးအကျဆုံးရာဘာစိုက်ခင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်နှင့် Techo-Thipadei ရာဘာ အမွေအနှစ်ဥယျာဉ်ဖွင့်လှစ်ခြင်းအခမ်းအနားတွင် အဆိုပါအချက်အလက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် (MAFF) ဝန်ကြီး Dith Tin က ကမ္ဘောဒီးယား ရာဘာလုပ်ငန်း၏ အရေးပါမှုကိုအလေးပေးပြောကြားခဲ့ပြီး လွန်ခဲ့သောရာစုနှစ်များအတွင်း နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အစေးအထွက်နှုန်းမရှိတော့သည့် ရာဘာပင်အဟောင်းများသည် ရာဘာသစ် ထုတ်လုပ်သည့် စက်ရုံများအတွက် အရေးပါသော ကုန်ကြမ်းပစ္စည်း အရင်းအမြစ် တစ်ခုဖြစ်သည်။ အဆိုပါရာဘာပင်အဟောင်းများသည် ပရိဘောဂနှင့် အခြား ထုတ်ကုန်များ ထုတ်လုပ်ပြီး ရာဘာစိုက်ပျိုးသူများအတွက် အပိုဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးပေးကြောင်း Dith Tin ကပြောကြားခဲ့သည်။ ရာဘာစိုက်ပျိုးသည့် ဧရိယာသည် ၂၀၀၀ ခုနှစ်တွင် ဟက်တာ ၅၀,၀၀၀ ကျော်မှ ၂၀၂၀ ခုနှစ်တွင် ဟက်တာ ၄၀၀,၀၀၀ ကျော်အထိ တိုးလာခဲ့ကြောင်း MAFF ၏ ရာဘာဆိုင်ရာညွှန်ကြားရေးမှူးချုပ် Khun Kakada က ပြောကြားခဲ့သည်။ ရာဘာကုန်ထုတ် စွမ်းအားသည် နှစ်စဉ်တန်ချိန် ၅၀,၀၀၀ မှ ၃၅၀,၀၀၀ တန် အထိတိုးလာပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၅၀၀ သန်းခန့် ပံ့ပိုးနိုင်မည်ဟုပြောကြားခဲ့သည်။ ထို့အပြင် ရာဘာကဏ္ဍသည် အလုပ်သမား ၁၄၀,၀၀၀ ကိုပံ့ပိုး ပေးနိုင်ခဲ့ပြီး အလုပ်သမားများ၏ မိသားစုများအပါအဝင် မှီခိုသူ ၄၂၀,၀၀၀ ကျော်ကို အကျိုးခံစားခွင့်များရရှိစေသည်ဟု Khun Kakada က ထပ်လောင်းပြောကြားခဲ့သည်။ ပြည်တွင်း ကားတာယာထုတ်လုပ်သော စက်ရုံများ နှင့် ပြုပြင်ထုတ်လုပ်သောစက်ရုံးများတိုးလာမှုကြောင့် ရာဘာဝယ်လိုအားသည် သိသိသာသာ မြှင့်တက်ခဲ့သည်။

DOCA(ရန်ကုန်)

 

အရည်အသွေး၊ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရန်အတွက် ရာဘာရိတ်သိမ်းခုတ်လှဲခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်

          ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ရာဘာကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် Tbong Khmum ပြည်နယ်၊ Tbong Khmum ခရိုင်တွင် ရာဘာရိတ်သိမ်းခုတ်လှဲခြင်းပြိုင်ပွဲကို ၁၆-၁၂-၂၀၂၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည်။  ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် MAFF မှ အတွင်းဝန် Prak David ၊ လက်ထောက်အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Im Rachna၊  MAFF ၏ ရာဘာညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Khun Kakada ၊ ရာဘာကုမ္ပဏီ (၃၄) ခုမှတာဝန်ရှိသူများနှင့် ဒေသခံ (၇၀) ဦးခန့်တက်ရောက်ခဲ့ သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန်လိုအပ်သော အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များကို ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံစီးပွားရေးကိုသိသိသာသာအထောက်အကူဖြစ်စေသည့် ရာဘာကဏ္ဍ၏ အရေးပါမှုကိုပြသရန်ဖြစ်ကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ရာဘာလုပ်ငန်း ၏ အရည်အသွေးနှင့်ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်သော အလားတူပြိုင်ပွဲများကို ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း Khun Kakada ကပြောကြားခဲ့သည်။ ပြိုင်ပွဲသည် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးရုံသာမက အသက်မမွေးဝမ်းကြောင်းလုပ်ငန်း များတည်တံ့စေရန် နှင့်နိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုရာတွင်ရာဘာလုပ်ငန်း၏ အရေးပါသောအခန်း ကဏ္ဍကိုအားဖြည့်ပေးကြောင်း၊ အလုပ်သမားများအကြား အပြန်အလှန်ဆက်ဆံရေးနှင့် အသိပညာများမျှဝေခြင်းတို့ကိုအားပေးခြင့်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရာဘာထုတ်လုပ်တင်ပို့မှု ကဏ္ဍကို ပိုမိုကောင်းမွန်စေကြောင်း ထပ်မံပြောကြားခဲ့သည်။ တရားဝင် ထုတ်ပြန်ထားသော အစီရင်ခံစာများအရ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း သဘာဝရာဘာစေးတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅၆၈ သန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၂၆.၇ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ကိုရီးယားတို့သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံရေးများ ပိုမိုခိုင်မာစေရန် တွေ့ဆုံဆွေးနွေး

              ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန (MOTIE) တို့သည် ကုန်သွယ်မှုဆက်ဆံရေးများမြှင်တင်ရန်နှင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများကို မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန် စီးပွားရေးဆိုင်ရာအခမ်းအနားကို ကျင်ပခဲ့ သည်။ အဆိုပါ ‘Cambodia-Korea Trade and Investment Forum’ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimu မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုရီးယားစက်မှု မဟာမိတ်ဖိုရမ် (KIAF) ဥက္ကဋ္ဌ Marn-Ki Jeong နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး Park Jung-Wook တို့က နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) ကိုဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဆိုပါဖိုရမ်တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များအားကောင်းစေရန်ရည်ရွယ်ပြီး နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုအလားအလာကို မြှင့်တင်ရန်နှင့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုလွယ်ကူစေရန် ရည်ရွယ်ကြောင်းပြောကြားခဲ့သည်၊၊ MoC ၏ကြေညာချက်အရ ဖိုရမ်သည်စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကဲ့သို့သော ဦးစားပေးကဏ္ဍများတွင် အခွင့်အလမ်းများကို ပြသခဲ့ပြီး ကမ္ဘာဒီးယား-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးကိုပိုမိုအားကောင်းစေကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာများကိုလေ့လာရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။  အမှာစကားတွင် ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (CIB) ၏ ဒုတိယအထွေထွေ အတွင်း ရေးမှူး Suon Sophal က ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) တို့၏လုပ်ငန်းအဖွဲ့အားမြှင့်တင်ရန် အတွက် အဆိုပါ ဖိုရမ်ကိုပူးတွဲကျင်းပခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရခြင်း၏ အဓိကအကြောင်းအရင်းများတွင် နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှု၊ ပထဝီအနေအထား၊ လူ့စွမ်းအားနှင့်ထုတ်လုပ်မှု၊ စီးပွားရေးလိုလားသော အစိုးရနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဖြေလျော့ပေးထားသောမူဝါဒများပါဝင်ကြောင်း Sophal က ထပ်မံပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ