ဘရာဇီးနိုင်ငံသို့တီလားပီးယားငါးပထမဆုံးတင်ပို့ခဲ့သည့် ဗီယက်နမ်

Powered by Drupal

   ဗီယက်နမ်၏ ဘရာဇီးသို့ တီလားပီးယားငါး ပထမဆုံးတင်ပို့မှုသည် သိသာထင်ရှား သောကုန်သွယ်မှုသာမက စီးပွားရေးပူးပေါင်းမြှင့်တင်ရန် နှစ်နိုင်ငံစလုံး၏ အားထုတ်မှု၏ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် ကြီး ဖြစ်သူ Bui Van Nghi က ၂၄ တန်အလေးချိန်ရှိသည့် ဗီယက်နမ်၏ ပထမဆုံး တီလားပီးယားငါး ကွန်တိန်နာသည် JBS Group မှတစ်ဆင့် ဟိုချီမင်းဆိပ်ကမ်းမှ ဘရာဇီးသို့ နိုဝင်ဘာလ ၆ ရက်နေ့ ကထွက်ခွာခဲ့ပြီဖြစ်ကြောင်း၊ ၎င်းသည် စီးပွားရေးချိတ်ဆက်ရန်နှင့် ဈေးကွက်များတိုးချဲ့ရန် အားထုတ်မှု၏ ခိုင်မာသောရလဒ်ဖြစ်ကြောင်းနှင့် ဘရာဇီးဈေးကွက်တွင် ဗီယက်နမ်၏ စိုက်ပျိုး မွေးမြူရေးနှင့် ရေထွက်ကုန်များ၏ အရည်အသွေးကို ခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုတင်ပို့မှုသည် ဘရာဇီးနိုင်ငံမှ JBS Group က ဗီယက်နမ်ထံမှတင်သွင်းသည့် စုစုပေါင်း တီလားပီးယားငါးတန်ချိန် ၇၀၀ ရှိသည့် ကွန်တိန်နာ ၃၂ ခုထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ ထိုငါးများကို ဘရာဇီးရှိ HORECA စူပါမားကတ်များမှ တစ်ဆင့်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး JBS ၏ ဘရာဇီးရှိ ထုတ်ကုန်ပြသမှုစင်တာတွင်လည်းခင်းကျင်းပြသသွားမည်ဟု သိရပါသည်။ ကမ္ဘာ့ထိပ်တန်း အမဲသားနှင့်ကြက်သား ထုတ်လုပ်သူဖြစ်သည့် JBS သည် လတ်တလောတွင် အလုပ်အကိုင် ၂၈၀၀၀၀ ခန့်အပ်ထားပြီး များစွာသောနိုင်ငံများတွင် စက်ရုံပေါင်း ၁၅၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း သိရပါသည်။ ကုမ္ပဏီသည် ဗီယက်နမ်တွင် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ‌သော အမဲသားပြုပြင်ထုတ်လုပ်သည့်စက်ရုံ ၂ ခုတွင် ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရပါသည်။ ထိုပထမဆုံးတင်ပို့သည့်ကွန်တိန်နာသည် ဘရာဇီးနိုင်ငံ ဆန်းတို့စ် ဆိပ်ကမ်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ Nghi က ဘရာဇီးနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံရုံးသည် နှစ်နိုင်ငံစလုံးမှ လုပ်ငန်းများနှင့် ပြည်သူများအား ဆက်လက် ပံ့ပိုးခြင်း၊ချိတ်ဆက်ခြင်းနှင့် ဗီယက်နမ်ထုတ်ကုန်များ ဘရာဇီးနှင့် တောင်အမေရိက ဈေးကွက်များသို့ ပိုမိုဝင်ရောက်ရန် ကြိုးပမ်းအားထုတ်သွားမည်ဟု ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)