Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရရှိနေသော ရုံးပတီသီး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ်ပဲတို့ကို အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း‌ ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့တင်ပို့နိုင်သည်အထိ စိုက်ပျိုးလျက်ရှိပါသည်။

          အုတ်ဖိုမြို့အတွင်းရှိ လင်းလွန်းပင်ရွာ၊ ဥတိုရွာ၊ ကြက်ဆူတောရွာ၊ နနွင်းကုန်း၊ ငါးရှဉ့်ရိုး၊ သရက်ကုန်း၊ ကွေ့ချောင်း၊ ချောင်းနားရွာများသည် ရုံးပတီသီးကို အများဆုံးစိုက်ပျိုး၍ ဈေးကောင်းရရှိလျက်ရှိသည်။ ရုံးပတီပင်သည် ရာသီဥတုဒဏ်အကြမ်းခံနိုင်သဖြင့် ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ သီးနှံဆွတ်ခူးချိန်ထိ ၄၅ရက်ခန့်သာရှိသဖြင့် အချိန်တိုတိုနှင့် ဝင်ငွေရရှိနိုင်ကြောင်း ရုံးပတီသီးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ သွင်းအားစုအနေဖြင့် စိုက်ခင်းမြေထွန်ယက်ခ  (၁၆၀၀၀၀)၊ ပေါင်တင်ခ (၁၆၀၀၀၀)ကျပ်၊ စိုက်ပျိုးပင်စိုက်ရန် ကျင်းတူးခ  (၁၅၀၀၀၀)၊ မြက်ကောက်ခ (၁၅၀၀၀၀)ကျပ်၊ အပင်အားဆေး (၂၄၀၀၀၀)ကျပ်၊ အသီးအားဆေး (၂၄၀၀၀၀ကျပ်)၊ မျိုးစေ့ဖိုး(၈ထုပ်)(၃၆၀၀၀၀)ကျပ်၊ ခူးဆွတ်ခ(၃၅)ကြိမ်အတွက် လုပ်သားခ (၃၅၀၀၀၀)ကျပ်၊ သယ်ယူခ (၃၅ကြိမ်)အတွက် လုပ်သားခ (၁၄၀၀၀၀)ကျပ်၊ ရေသွင်းခြင်းအတွက် (၁၂ကြိမ်)လျှင် (၁၁၀၀၀၀၀) ကျပ်ကုန်ကျပါသည်။ မျိုးစေ့ဖိုး၊ ဆေးဖိုး၊ ရေသွင်းခ၊ ပေါင်းရှင်းခနှင့် အပင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ ကုန်ကျစရိတ်    ( ၃၀၅၀၀၀၀)ကျပ်ကုန်ကျနိုင်ပါသည်။ အောက်တိုဘာလအတွင်း ရုံး ပတီသီးတစ်တောင့်လျှင် ၂၅ကျပ်မှ ၂၈ကျပ်ကြားရရှိပါသည်။ ရုံးပတီသီးကို တစ်ရက်ခြားခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အတောင့်(၅၀၀၀)ခန့်ကို (၃၅)ရက်ခန့်ခူးဆွတ်ရပြီး အတောင့်ရေ  (၁၇၅၀၀၀)တောင့်ရသဖြင့် တစ်ဧကလျှင် ဝင်ငွေ (၄၅၅၀၀၀၀)ကျပ်ရရှိပါသည်။ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင်(၁၅၀၀၀၀၀)ကျပ်အမြတ်ဝင်ငွေရရှိနိုင်ကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်၌ မိုးစပါးများရိတ်သိမ်း

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၅၃အုပ်စုရှိပြီး အများအားဖြင့် လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြပါသည်။ လက်ပံတန်းမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးသောဧက ၁၀၁၈၃၈ဧကရှိပြီး ယခုအောက်တိုဘာလတွင် ကျေးရွာအုပ်စုအများအပြား၌ မိုးစပါးများရိတ်သိမ်းလျက်ရှိနေကြပါသည်။  လက်ပံတန်းမြို့နယ်အတွင်း စိုက်ပျိုးထားသောစပါးမျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဗျော့ထွန်း၊ ရက်(၉၀)၊ ရက်(၇၀)စပါးမျိုးများကိုစိုက်ပျိုးကြောင်းသိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၆)သိန်းခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်းမှာ (၆၀)တင်းခန့်ထွက်ရှိပါသည်။ ပေါင် (၅၀) ပါ စပါးတင်း (၁၀၀)လျှင် အစိုဓာတ် ၂၃/၂၅%၊ ဈေးနှုန်း (၁၆၀၀၀၀၀)ကျပ်ဈေးဖြင့် တစ်ဧကဝင်ငွေမှာ (၉၆၀၀၀၀)ကျပ်ရရှိနိုင်ပါသည်။ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၃၆၀၀၀၀)ကျပ်ရရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၁၀ကျပ်ဖြစ်ပြီး၊ ဖွဲနု ၆၅ပေါင်ပါ တစ်အိတ်လျှင် ၂၀၁၅၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုအောက်တိုဘာလ၊ ဒုတိယအပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၅၀ကျပ်သာပေါက်ဈေးရှိနေကြောင်း၊ ဖွဲနု ၆၅ပေါင်ပါ တစ်အိတ်လျှင် ၂၂၇၅၀ကျပ်ဈေးဖြင့် (လက်လီ)ရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဒေသတွင်းလိုအပ်ချက်များသောကြောင့် ဈေးနှုန်းသည် အတက်ဘက်သို့ဦး တည်လျက်ရှိကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

မိုးစပါးရိတ်သိမ်းမှု

           ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ဧက(၁၂၈၈၁၆)ဧက စိုက်ပျိုးပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ (၈.၁၀.၂၀၂၄)ရက်နေ့အထိ ရိတ်သိမ်းပြီး ( ၈၅၃၅ ဧက ) ရှိပြီး ဆင်းသုခ၊ GW – 11 ၊ ဧဒင်စပါးများ အများဆုံးရိတ်သိမ်းကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ၁ ဧကလျှင်  ပျှမ်းမျှ ၈၆.၇၅ တင်းထွက်ရှိပြီး စပါးဈေးနှုန်းမှာလည်း ကွင်းဈေးပေါင်(၅၀) တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀ ကျပ်မှ ၁၇၀၀၀၀၀ ကျပ်)ဈေးဖြင့် စပါးအမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

ကန့်ဘလူမြို့ဈေးကွက်အတွင်းရှိ ဂေါ်ရခါးသီးဈေးနှုန်းအခြေအနေ

          ၂၀၂၄ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေး၌ အောက်တိုဘာလ ဒုတိယပတ်တွင်ရောင်းချနေသော ဂေါ်ရခါးသီးများကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း၊ ဂေါ်ရခါးသီး အလုံးအကြီး/ အသေး သောင်းပြောင်းအလုံးအရေအတွက် (၂၀၀/၂၂၀)ပါ တစ်အိတ်လျှင် ငွေကျပ်(၁၀၀၀၀၀)ဖြင့်ဝယ်ယူရသည့်အတွက် တစ်လုံးလျှင် ပျမ်းမျှဈေးနှုန်း ကျပ်(၄၈၀)ခန့်ဖြစ်ကြောင်း၊  ကန့်ဘလူမြို့ စားသုံးသူပြည်သူများထံသို့ ရောင်းချရာတွင် ဂေါ်ရခါးသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၆၀၀/၇၀၀)ကျပ်တို့ဖြင့်ရောင်းချရသဖြင့် ဂေါ်ရခါးသီးတစ်အိတ်ကုန်လျှင် အကျိုးအမြတ်အနေဖြင့် ကျပ်(၂၀၀၀၀)ခန့်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ကုန်စိမ်းသီးနှံအစုံရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

        ၂၀၂၄ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချည်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

        ခရမ်းချည်သီးများသည် ယခုအချိန် မိုးရာသီတွင် ဒေသထွက်ခရမ်းချည်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချည်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ ရှမ်းပြည်၊ အောင်ပန်းဒေသထွက် ခရမ်းချည်သီးများမှာ ရာသီမရွေး ဝယ်ယူစားသုံးနိုင်ပြီး အခွံထူ၍ အချည်အရသာနည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများက ကြိုက်နှစ်သက်လျက်ရှိရာ ယခင်ဩဂုတ်လ၊ စက်တင်ဘာလများတွင် ခရမ်းချည်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်တို့ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

          ယခု  မန္တလေးမြို့မှ ဖောက်သည်မှာယူရသည့် ခရမ်းချည်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့်မှာယူရကြောင်း၊ ရှမ်းပြည်နယ်၌ ရေကြီးရေလျှံဖြစ်ခြင်း၊ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့်လည်း ဈေးနှုန်းများမြင့်တက်လာပြီး  ယခုအောက်တိုဘာလ၊ ဒုတိယအပတ်တွင် ခရမ်းချည်သီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ထားဝယ်မြို့ရိုးရာ သပိတ်မျှောပွဲအတွက် မြေအိုးသပိတ်/ဆီမီးခွက် စျေးကွက်

     ဝါတွင်းကာလဖြတ်သန်းပြီး မကြာမှီ ပွင့်လင်းကာလဆောင်းအငွေ့အသက်များဖြင့် သီတင်းကျွတ်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီး၏ ပွဲတော်များမှ အထင်ကရ ပွဲ တော်ကြီးဖြစ်သည့် ထားဝယ်မြို့တွင်သာရှိသည့် ရိုးရာသပိတ်မျှောပွဲတော်ကြီးသည် သီတင်းကျွတ်လပြည့်နေ့ အာရုဏ်တက်ချိန်တွင် သတ်မှတ်နေရာများမှ ထားဝယ်မြစ်ကမ်းတစ်လျှောက် သမုဒ္ဒရာကြီးအတွင်းမှ ရှင်ဥပ္ပဂုတ္တမထေရ်တော်မြတ်အား မနက်အာရုဏ်ဆွမ်း ဆက်ကပ်လှူန်းဒါန်းသည့်အနေဖြင့် သပိတ်များအတွင်း ဆွမ်း၊ ဆီမီး၊ ရေ၊ ပန်း၊ အချိုအချဥ်များနှင့်  စက္ကူတံခွန်/ကုက္ကားများအား ထည့်ကာ ချောင်း၊ မြစ်များမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာကြီးအတွင်းသို့ ဆပ်ကပ်ပူဇော်သည့် ပွဲတော်ကြီးဖြစ်ပါသည်။

      အဆိုပါပွဲတော်ကြီးအတွက် ထားဝယ်မြို့ရှိ မြေအိုးသပိတ်များ၊ မြေသောက်တော်ရေခွက် အသေးများနှင့် တံခွန်/ကုက္ကားများမှာ ယခုနှစ်တွင် အနည်းငယ်အရောင်းသွက်လျက်ရှိပြီး ဆေးရည် အမဲသုတ်လိမ်းထားသော မြေအိုးသပိတ်အသေး တစ်လုံးလျှင် (၂၅၀၀/၃၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး သပိတ်အိုးများအတွင်း ထည့်သွင်းကပ်လှူသည့် မြေသောက်တော်ရေခွက် အသေး တစ်ခွက်လျှင်(၁၅၀/၂၀၀)ကျပ်ခန့်၊ တံခွန်/ကုက္ကား တစ်စုံလျှင် (၅၀၀/၆၀၀)ကျပ်ခန့် ရှိပြီး သပိတ်အိုးများ၊ မြေသောက်တော်ရေခွက်၊ တံခွန်/ကုက္ကား ပြုလုပ်ရသဖြင့် ဒေသခံများမှာလည်း တစ်နိုင်တစ်ပိုင် ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မျှစ်ဈေးနှုန်ူးများ ကျဆင်းလျက်ရှိ

         ၂၀၂၄ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဒေသထွက် ရာသီစာမျှစ်များကို လက်လုပ်လက်စား အလုပ်သမားများက မိသားစုစားဝတ်နေရေးအတွက် မျှစ်ချိုးခြင်း၊ မျှစ်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

          မျှစ်ကို လူသားတိုင်း အရမ်းကြိုက်နှစ်သက်ကြပြီး မျှစ်ပေါ်သောရာသီတွင်မူ မပါမဖြစ်သော အရန်ဟင်းတစ်မျိုးအဖြစ် မျှစ်ကို ချက်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ ဆန်လှော်နှင့် ဟင်းခါးချက်၍သော်လည်းကောင်း၊ မျှစ်ပြုတ်ကို ငါးပိရည်နှင့်တို့၍သော်လည်းကောင်း နေ့စဉ်စားသုံးကြသည်ကိုတွေ့ရပါသည်။

         မျှစ်သည် မိုးရွာသွန်းပြီးနောက်ပိုင်း ဇွန်လတွင် ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာပြီး  ယခုအောက်တိုဘာလ၊ ဒုတိယအပတ်တွင် မိုးရွာသွန်းမှုအားကောင်းသဖြင့် မျှစ်များလှိုင်လှိုင်ထွက်ရှိကာ ဈေးနှုန်းများကျဆင်းလျက်ရှိပါသည်။ မျှစ်မျာကို မိမိတို့ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့ နယ်တစ်ဝိုက်ရှိ တောတိုက်နေတောင်သူများက လာရောက်ပို့ဆောင်ရောင်းချကြပါသည်။ မျှစ်ဈေးနှုန်းအနေဖြင့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများတွင် မျှစ်တစ်ပိဿာလျှင် (၅၀၀၀/ ၅၅၀၀/ ၆၀၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး ယခုအောက်တိုဘာလ ဒုတိယပတ်တွင် မျှစ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ မျှစ်(၂)ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်လထက် မျှစ်ဈေးနှုန်းများ ထက်ဝက်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်နေကြောင်း မြို့မစည်ပင်သာယာဈေး မျှစ်ရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပေါ်ဦးပေါ်ဖျား ငါးဈေးနှုန်းများ

          မိုးရာသီအချိန်တွင်သာစားရသည့် ပေါ်ဦးပေါ်ဖျားဖြစ်သည့် ငါးလူးနှင့်ငါးဖမ်းမများကို ရွှေဘိုမြို့နှင့် ၁၆မိုင်ဝေးသည့် ကျောက်မြောင်းမြို့မှ ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း၊ စားသုံးသူများသည်  မြစ်ရိုးမှလာသည့် ငါးဖြစ်သော ငါးလူးနှင့်ငါးဖမ်းမများကို သူ့ထက်ငါ အပြိုင်ဝယ်ယူလျက်ရှိကြောင်း၊ ငါးမှာ အချိုနှင့် ငါးစားနယ်ဟူ၍ (၂)မျိုးရှိကြောင်းသိရှိရပါသည်။

          ငါးလူးနှင့် ငါးဖမ်းမအချိုဆိုသည်မှာ ဆားမနယ်ဘဲ မြစ်ရိုးမှဖမ်းလာသည့် လတ်လတ်ဆက်ဆက်ငါးများကိုခေါ်ဆိုပြီး၊ ငါးစားနယ်ဆိုသည်မှာ ငါးကို ဆားနှင့်နယ်ပြီး (၁)ည (သို့မဟုတ်) (၂)ညသိပ်ထားသည်ကိုခေါ်ဆိုကြောင်း၊ ငါးလူးငါးစားနယ်ကြော်၊ ဖရုံးသီးဟင်းနှင့် မကျည်းသီးစိမ်းတို့ကိုချက်စားလျှင်  စားကောင်းသည့် ဟင်းအမယ်ဖြစ်ကြောင်း၊ ငါးအချိုနှင့် ငါးစားနယ်ဈေးနှုန်းမှာ ဈေးနှုန်းတူညီကြောင်း၊ ငါးလူးနှင့် ငါးဖမ်းမဈေးနှုန်းမှာ အရွယ်အစားအကြီး/အသေးပေါ်မူတည်၍ နှစ်ဆယ့်ငါးကျပ်သားလျှင် (၃၀၀ဝိ/-)ကျပ်မှ (၄၀၀ဝိ/-)ကျပ်ထိရောင်းချပြီး (၁)ပိဿာဈေးနှုန်းမှာ (၁၂၀၀ဝိ/-)   ကျပ်နှင့် (၁၆၀၀ဝိ/-) ကျပ်ထိဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာ မုန့်ဆမ်းဈေးကွက်

     မြန်မာ့အစားအစာဖြစ်တဲ့ မုန့်ဆမ်းကို  ကောက်ညှင်းစပါး မှော်ဘီမွှေးကို အမှည့်မလွန်ခင် အချိန်တွင် ရိတ်သိမ်း၍ ရရှိလာသော ကောက်ညှင်းနုလေးများကို ဆုံနှင့်ထောင်းမှသာ မုန့်ဆမ်းကိုရရှိပါသည်။ ရရှိလာသော မုန့်ဆမ်းများကို  လက်ကားအရောင်းသမားအနေဖြင့် တစ်ပြည် လျှင် (၈၀၀၀) ကျပ်ဖြင့် ရယူပြီး၊ လက်လီအရောင်းသမားများအနေဖြင့် ၈၅၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ရာသီချိန်ဖြစ်သည့်အတွက် အုန်းသီး၊ သကြား စသောပါဝင်ပစ္စည်းများဖြင့် ချိုချိုမွှေးမွှေး မုန့်ဆမ်းသကြားထပ်များပြုလုပ်၍လည်းကောင်း၊ မုန့်ဆမ်းများကို လှော်၍ လည်းကောင်း မုန့်ဆန်းအစိမ်းများကိုလည်းကောင်း ရောင်းချလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေး မုန့်ဆမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း