Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

  “ရာသီပေါ်မှိုအုန်းနက်”

           မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ရာသီပေါ်မှိုအုန်းနက်များ လှိုင်လှိုင်ထွက်ပေါ် နေကြောင်း သိရှိရပါသည်။ တံတားဦးမြို့နယ် စကားအင်းကျေးရွာမှ ကျေးလက်နေပြည်သူများ အနေဖြင့် နေ့စဉ်စားဝတ်နေရေးအဆင်ပြေစေရန် ရာသီပေါ်မှိုအုန်းနက်များ ရှာဖွေရောင်းချလျက် ရှိကြောင်း သိရှိခဲ့ရပြီး မှိုအုန်းနက် တစ်ပိဿာလျှင် (၁၈၀၀၀၀-၂၀၀၀၀)ကျပ်အနေဖြင့် မှိုဒိုင်များသို့ ရောင်းပြီး မှိုဒိုင်များမှတစ်ဆင့် တံတားဦးမြို့နယ်မြို့မဈေးသို့ တစ်ပိဿာလျှင်(၂၀၀၀၀-၂၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် ပြန်လည်ရောင်းချလျက်ရှိကာ ရာသီပေါ် မှိုအုန်းနက်များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ကျေးလက်နေပြည်သူများအနေဖြင့် မှိုအုန်းနက် တစ်ပိဿာ ရရှိပါက နေ့စဉ်ဝင်ငွေ (၂၀၀၀၀/-)ထက် ပိုမိုရရှိပါသောကြောင့် ပုံမှန်ဝင်ငွေများရရှိကြောင်း ၊ ရာသီပေါ်မှိုအုန်းနက်များသည်သီတင်းကျွတ်လဆန်းမှတန်ဆောင်မုန်းလကုန်တွင် ပေါက်ရောက်လေ့ ရှိပြီး ယခုအခါမှိုအုန်းနက်များ နေရာဒေသမရွေး အလွန်ပေါများစွာပေါက်နေသည် ကိုလည်းသိရှိခဲ့ရပါသည်။

DOCA (မန္တလေး)

 

“သင်္ဘောပွင့်စားသုံးခြင်းအကျိုးနှင့်စျေးနှုန်းစျေးကွက်”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဒေသတွင် ရာသီအလိုက် သီးပင်စားပင် များ ကိုစိုက်ပျိုးလျက်ရှိရာ သင်္ဘောပင်ကိုလည်း စိုက်ပျိုးကြပါသည်။ သင်္ဘောပင်သည် အဖို ၊ အမ ဟူ၍ နှစ်မျိုးရှိကြောင်း ၊ သင်္ဘောသီး(အမ)ပင်ကို စီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးကြ သော်လည်း သင်္ဘောအဖို ပင်ကိုတော့ လက်သုပ်သုပ်စားသုံးရန် ၊ အတို့အမြုပ် စားသုံးရန် အတွက် သီးသန့်စိုက်ပျိုးကြပါသည်။သင်္ဘောအမပျိုးပင်များကို ပျိုးပင်ရောင်းချသော ဆိုင် များမှ ဝယ်ယူစိုက်ပျိုးရကြောင်း ၊ သင်္ဘောအဖိုပင်သည် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပြီး တန်ဖိုးရှိသော အပင်ဖြစ်ပါသည် ။ သင်္ဘောအဖိုပင်သည် ပန်းပွင့်စောထွက်လေ့ရှိပြီး ရိုးတန် ရှည်ရှည်လေးများမှ အပွင့်များအဆုပ်လိုက် အခိုင်လိုက်ပွင့်ကြကြောင်း၊ သင်္ဘောပွင့်ကို ခူးယူ၍ အခါးဓာတ် လျော့နည်းစေရန် မန်ကျည်းသီးမှည့် ၊ မာလာကာရွက်များဖြင့်ထည့်၍ ရေနွေးဖြင့်ပြုတ်ပေးရကြောင်း၊ ပြုတ်ပြီးသောအပွင့်လေးများကို ရေအေးဖြင့် ကြာကြာစိမ်ပြီး ရေစင်အောင်ညစ်၍ မြေပဲဆံ၊ ပဲမှုန့်၊ ဆီချက်တို့ဖြင့် သုပ်၍စားရကြောင်း၊ သင်္ဘောပွင့်စားသုံး ခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိသောကြောင့်ဝယ်လိုအားများလာပြီး စျေးကောင်းရရှိသောကြောင့် ဝယ်လိုအားများလာပြီး စျေးကောင်းရရှိလာက စိုက်ပျိုးမှု များပြားလျက်ရှိကြောင်း၊ သင်္ဘောပွင့်ပြုတ်ပြီးသား တစ်ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ စျေးရရှိကြောင်း၊ သင်္ဘောပွင့်ပြုတ်ပြီးသားများကို စျေးအတွင်းသို့ဖောက်သည်ရောင်းလျက်ရှိ ကြောင်း ၊ သင်္ဘောပွင့်စားသုံးခြင်းဖြင့် ကင်ဆာရောဂါ ၊ ဖောရောင်မှုကိုလျော့ကြစေခြင်း ၊ အစာကြေစေပြီး ဝမ်းချုပ်မှုကို ကာကွယ်ပေးသောကြောင့် သင်္ဘောပွင့်ကို စားသုံးပေးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA (မန္တလေး)

 

စဉ့်ကိုင်မြို့နယ်တွင်မိုးနေကြာများရိတ်သိမ်းလျက်ရှိ”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိူးစုံ စိုက်ပျိုးလျက်ရှိရာ ၎င်းသီးနှံများအနက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ စဉ့်ကိုင်မြို့နယ်တွင် နေကြာ(မိုး) စိုက်ဧက (၂၈၆၀)ဧက စိုက်ပျိုးထားရှိပြီး (၁၇၀၃)ဧက ရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ နေကြာ(မိုး) စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၄၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ နေကြာ(မိုး)ကို ဧပြီနှင့်မေလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် နေကြာ (မိုး)များဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှု မျိုးအနေဖြင့် ဆင်းရွှေကြာ မျိုး-၁၊ ဆင်းရွှေကြာမျိုး-၂မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် နေကြာတစ်တင်းလျှင် (၅၂၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ အထွက်နှုန်း အနေဖြင့် (၂၀-၂၅)တင်းခန့် ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၆၅၀၀၀၀/-) ကျပ် မြတ်ကြောင်း၊ နေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)

 

 

 

တောင်သာမြို့နယ်၏ အောက်တိုဘာလတတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

  တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန် ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၁၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၅၀)ကျပ်၊ 95 Octance(၂၉၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၀၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၇-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၂၀)ကျပ်၊ 95 Octance(၂၉၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၁၅)ကျပ် ဖြစ် ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက  92 Octance တစ်လီတာလျှင် (၂၀)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၀)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၅၀)ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

“ခရမ်းသီးစိုက်ပျိုးဝင်ငွေတိုး”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူ ကြီးများသည် ပဲ၊ ပြောင်း၊ နှမ်း၊ စပါး၊ ကြက်သွန်၊ ဝါသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ ထိုသီးနှံများအပြင် စားဖိုဆောင်သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ခရမ်းသီးပင် များကိုလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းပင်ကို ကျောက်ဆည်မြို့နယ် ကျောင်းကုန်း ကျေးရွာတွင် စိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် စိန်းညိုလုံးကြီးမျိုး၊ ၇၈၉မျိုး နှင့်(၅၅၅)မျိုးများကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ခရမ်းပင်စိုက်ပျိုးမည်ဆိုပါကပထမဦးဆုံးပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊ တစ်ဧက တစ်ပတ်အထွက်နှုန်းမှာ ပိဿာ (၁၅၀)မှ (၂၀၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ သက်တမ်းအနေဖြင့် (၅)လအထိ ခရမ်းသီး များ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၈၀၀၀၀/-) ကျပ် ခန့်ရှိပြီး စတင်ခူး ဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း(၂၀၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီး တစ်ပိဿာလျှင် လက်လီဈေးအနေဖြင့် (၁၂၀၀-၁၄၀၀) ကျပ်ရှိပြီး ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း၊လက်ကားဈေးအနေဖြင့်တစ်ပိဿာလျှင်(၁၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့် ယခုလက်ရှိခရမ်းသီးဈေးနှုန်းများ ကောင်းမွန်သောကြောင့် (၂၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ် ရရှိသည့် ခရမ်းသီး သီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA (မန္တလေး)

 

နေကြာစိုက်ပျိုးချိန်နှင့် မျိုးရွေးခြယ်ခြင်း

     မြန်မာနိုင်ငံအထက်ပိုင်းတွင် နေကြာကို မတ်လ - ဧပြီလ (သို့မဟုတ်) ဇူလိုင်လ - ဩဂုတ်လများ တွင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းသည်။ ရှမ်းပြည်နယ်၌ မိုးနှောင်းပိုင်း အချိန်တွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံအောက်ပိုင်း၌ ရေသွင်း‌ဒေသများတွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အထိစိုက်ပျိုးနိုင်ပြီး ဖေဖော်ဝါရီလနှင့် မတ်လတွင် ရိတ်သိမ်းနိုင်သည်။ အပင်ပေါက်ရာခိုင်နှုန်း မှာ (၈၀% မှ ၉၀%) ခန့်ရှိပြီး မျိုးသန့်မျိုးစေ့ဖြစ်သင့်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၇-၉) ကီလိုနှုန်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးလျှက်ရှိသော မျိုးများမှာ ဆင်းရွှေကြာ(၁)၊ ဆင်းရွှေကြာ(၂)၊ ရေဆင်းစပ်မျိုး(၁) တို့ဖြစ်ပါသည်။

DOCA(ရှမ်း)

 

“ သခွားမွှေးစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

           မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော သခွားမွှေးသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိကြောင်း၊ သခွားမွှေးစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၅)ရက်မတိုင်မီစိုက်ခင်းထဲသို့ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊မျိုးစေ့ကိုစိုက်ပျိုးရေးဆေးဆိုင်များမှဝယ်ယူစိုက်ပျိုးကြကြောင်း၊သခွားမျိုးစေ့တစ်ထုတ်လျှင်(၃၅၀၀၀-၄၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုး (၂၀၀)ဂရမ် စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ တိုင်ထောင်ဝါး၊ ပလပ် စတစ်လိပ်ဖိုး များအပါအဝင် စုစုပေါင်း (၆၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ်ပိုမိုများပြားနိုင်ကြောင်း၊ သခွားမွှေးစိုက်ပျိုးရာတွင် တန်းကြားတစ်ပင်လျှင် (၃)ပေခြား၊ (၂)ပေခြား၍ စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် အပင်ပိုင် (၇၀၀၀)ကျော်ခန့် ဝင်ဆန့်ကြောင်း၊ စတင်အသီးသီးချိန်မှ (၃)လုံးအထိ တင်စေပြီး တင်းနစ်ဘောလုံး အရွယ်အစားရောက်လျှင် တစ်ပင်ကို (၂)လုံးသာယူကြောင်း၊ အသီးတင်ပြီး (၁၀)ရက်တစ်ကြိမ် သွင်းအားစုများ ထည့်ပေးရကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၃၅)ရက်၊ (၄၅) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ရွှေသခွား၊ ကျောက်စိမ်း သခွားနှင့် ပိုက်ကွက်သခွားမျိုးများကို စိုက်ပျိုးကြကြောင်း ၊ ဇွန်လဆန်းတွင် စိုက်ပျိုးခဲ့သောကြောင့် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံးပေါင်း (၁၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခရိုင်အတွင်း လက်ရှိစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး စိုက်ပျိုးသောရွာမှာ မြေစိုရွာဖြစ်ကြောင်း၊ ယခုလက်ရှိဈေးကွက်အတွင်း သခွားမွှေးသီးဈေးနှုန်းများ အနေဖြင့် အလုံးကြီး ရှယ်သန့်တစ်လုံးလျှင် လက်လီဈေး(၈၀၀၀/-)ကျပ်၊ လက်ကားဈေး အလုံး (၁၀၀)ဈေး တစ်လုံးလျှင် (၆၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရောင်းချရကြောင်း၊ တစ်ဧက အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၂၄၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ မြို့နယ်အတွင်း ထွက်ရှိသော အသီးများဖြစ်ပြီး သစ်သီးဆိုင်များမှ သခွားဈေးနှုန်း အနေဖြင့် ကျောက်စိမ်းသခွား/ ပိုက်ကွက်သခွား တစ်လုံးလျှင် အလုံးသေး (၆၀၀၀/-)ကျပ်၊ အလုံးကြီး (၈၀၀၀/-) ကျပ်၊ ရွှေသခွား တစ်လုံးလျှင် အလုံးကြီး(၈၀၀၀/-)၊ အလုံးသေး (၅၅၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက် အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲ အရောက်လာရောက် ဝယ်ယူသူများလည်းရှိကြောင်း သိရှိရ ပါသည်။

DOCA (မန္တလေး)

 

မြင်းခြံမြို့နယ်၏ အောက်တိုဘာလတတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၇-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၂၀)ကျပ်၊ 95 Octance(၂၉၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၁၅)ကျပ် ဖြစ် ကြောင်း  သိရှိရသည်။

   မြင်းခြံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၈၀)ကျပ်၊ 95 Octance(၂၉၆၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၃၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၂၀)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၀)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၅၀) ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။    

DOCA(မန္တလေး)   

မိတ္ထီလာဘိလပ်မြေဈေးကွက်

   မိတ္ထီလာ ဈေးကွက်အတွင်း ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၈၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၈၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ် လျှင်(၁၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင်(၃၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်းသိရသည်။ မိုးရာသီကုန်ချိန်ဖြစ်၍ စက်ရုံထုတ်ဈေးမြှင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ မိတ္ထီလာမြို့ သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက် များသို့ ရောင်းချရကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)

“စျေးကောင်းရ၍ CP ကြက်မွေးမြူသူများပြားလျှက်ရှိ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော ဒေသတစ်ခုဖြစ်သည့်အလျှောက် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်သီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော CP ကြက်မွေးမြူခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်လျှက်ရှိပါသည်။ CP ကြက်မွေးမြူခြင်းဖြင့် ကျေးလက်နေဒေသပြည်သူများ ပုံမှန်ဝင်ငွေရရှိလျှက်ရှိကြောင်း၊ ယခုအချိန်တွင် ကြက်သားစျေးများ ကောင်းမွန်သောကြောင့် ကြက်မွေးမြူသူများ စီးပွားဖြစ်တွက်ခြေကိုက်လျက်ရှိကြောင်း၊ အများဆုံး မွေးမြူသော ကြက်မျိုး မှာအသားတိုးကြက်(CP)မျိုးများကို အများဆုံးမွေးမြူကြကြောင်း၊ မွေးမြူရာ တွင်စနစ်တကျ ဝါးခင်း၍  အမိုးအကာများဖြင့်သန့်ရှင်းသပ်ရပ်စွာ မွေးမြူကြကြောင်း၊ (CP)ကြက်မျိုး၊ ကြက်ပေါက်တစ်ကောင်လျှင် (၃၅၀၀)ကျပ်ဝန်းကျင်ခန့် ဝယ်ယူ၍မွေးရကြောင်း၊ (CP)ကြက်မျိုးများ သည် ပူလွန်းအေးလွန်းသည့် ရာသီဥတုကိုမခံနိုင်ပေ ကြက်ပေါက်များကို မွေးမြူစတွင် ရေခဲဆေး တိုက်ရကြောင်း၊ မွေးမြူပြီး ရက်ပေါင်း (၂၀)အထိ လွှစာမှုန့်များခံ၍ မွေးမြူပေးရကြောင်း၊ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် ကြက်ပေါက်များကိုအားဆေးတစ်ကြိမ်မှ နှစ်ကြိမ်တိုက်ကျွေးပေးရကြောင်း၊ မွေးမြူပြီး (၁)လ၊ (၁)လခွဲအကြာတွင် ရောင်းတန်းဝင်ကြက်များဖြစ်လာကြောင်း ၊ သက်တမ်းတို၍ စီးပွားဖြစ်မြန်ကြောင်း၊ (CP)ကြက် အကောင်(၁၀၀)လျှင် အစာဖိုး(၁)ရက်လျှင်(၄၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ (CP)ကြက်စာ 50kg အိတ် တစ်အိတ်လျှင် (၁၂၀၀၀၀/-)ကျပ်ပေးရကြောင်း၊ မိမိခြံ တွင် အကောင်(၁၀၀) မွေးမြူထားကြောင်း၊ တစ်ကောင်လျှင် အချိန်(၁ပိဿာ ၅၀ကျပ်သား)မှ (နှစ်ပိဿာ) အကောင်အထိရှိကြောင်း၊ ကြက်ဝယ်ယူသူများအနေဖြင့် ကြက်ခြံအထိလာရောက် ဝယ်ယူကြကြောင်း ၊ ကြက်စျေးနှုန်းအနေဖြင့် အကောင်ဖောက်သည်ဈေး (၁)ပိဿာလျှင်(၁၆၀၀၀/-) ကျပ် စျေးဖြင့်ရောင်းချရကြောင်း၊ ကြက်မွေးမြူမှုအကျိုးအမြတ်အနေဖြင့် အစာဖိုး၊ ဆေးဖိုးနှင့် အခြား အသုံးစရိတ်များနှုတ်ပြီး (၁၂၅၀၀၀၀/-)ကျပ် မြတ်ကြောင်း၊ ယခုအချိန်ဈေးနှုန်းများ ကောင်းမွန် သောကြောင့် တစ်နိုင်တစ်ပိုင်မွေးမြူသူများအနေဖြင့် (၁)လ (၁)ခွဲအချိန်တွင် အကျိုးအမြတ် ဖြစ်ထွန်း ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ခန့်မှန်း၍မရကြောင်း၊ ဈေးနှုန်းများကျဆင်းပြီး ကြက်နာများ ဝင်ရောက်ပါက ကြက်မွေးမြူသူများအရှုံးဖြင့်ရင်ဆိုင်ရကြောင်း ကြက်မွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း