Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရဲ့ ရာသီပေါ်ဝါးယောင်းမှို ဈေးကွက်

           ပြည်ခရိုင်၊ ပြည်မြို့ရှိ ဈေးများတွင် ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ ဝါးယောင်းမှိုများ ဈေးကွက်ထဲတွင် ရောင်းချလျှက်ရှိပါသည်။ သဘာဝအလျောက် အလေ့ကျပေါက်လေ့ရှိသည့် မှိုများ ထဲတွင် ဝါးယောင်းမှိုမှာအပါအဝင်ဖြစ်ပြီး ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းလည်းရပြီး ရောင်းအား လည်းကောင်းလျှက်ရှိပါသည်။ ဝါးယောင်းမှိုကို ပြည်မြို့ အနောက်ဘက်ကမ်းရှိ ကျေးရွာများတွင် အလေ့ကျပေါက်ရောက်တက်သောမှိုတစ်မျိုးဖြစ်ပါသည်။ မှိုများစွာထဲတွင် အဆိပ်အတောက် အလွန် နည်းပါးသော မှိုတစ်မျိုးဖြစ်သဖြင့် စားသုံးသူများက ဝယ်ယူစားသုံးကြပါသည်။ ဝါးယောင်းမှိုကို ကြော်၍တစ်မျိုး၊ ငရုတ်သီးစီမ်းနှင့်ချက်၍တစ်မျိုး၊ မှိုချဉ်ပြုလုပ်၍တစ်ဖုံ စားသုံးကြပါသည်။ ဝါးယောင်းမှိုစားသုံးခြင်းဖြင့် လူကိုဘေးအန္တရာယ်မဖြစ်စေနိုင်သည့်အပြင် ဗီတာမင်ဓါတ် များကို လည်းရရှိနိုင်ပါသည်။ ပေါ်ဦးပေါ်စ ဝါးယောင်းမှိုဈေးများမှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ဈေးကောင်းရပြီး အရောင်းအဝယ်လည်းဖြစ်လျှက်ရှိပါသည်။ တချို့ခေါင်းရွက်ဈေးသည်များမှာ ဝါးယောင်းမှိုကို အင်ဖက်ဖြင့် ကတော့လေးများထိုး၍ ရောင်းခသည်ကိုလည်း တွေ့ရပါသည်။ ရာသီ ပေါ်ဖြစ်၍ စားသုံးသူများအနေဖြင့် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြသလို ရောင်းချသူများ အနေဖြင့်လည်း တွက်ခြေကိုက်လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား စားသုံးသူပြည်သူများအား (၄.၈.၂၀၂၂)ရက်နေ့တွင်တစ်ကြိမ် ၊ ၉.၈.၂၀၂၂ရက်နေ့တွင် မင်းရပ် ရပ်ကွက် ၊ သူရဲဇီးကျေးရွာတွင် တစ်ကြိမ် စားအုန်းဆီများ အား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

           ထိုသို့ စားအုန်းဆီများအား ပြည်ခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးလျှက်ရှိရာ တစ်ပိဿာလျှင် (၃၈၅၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၉၉၀)ကို ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ စားအုန်းဆီရောင်းချနေမှုအား ပူးပေါင်းပါဝင် ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ်တွင် နွေနှမ်းများ ရိတ်သိမ်းလျှက်ရှိ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်ရှိ သရက်လိန်ကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာတွင် ယခုအချိန်၌ နွေနှမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်သဖြင့် နွေနှမ်းဈေးနှုန်း ဈေးကွက်အခြေအနေမျာအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

        ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သရက်လိန်ကျေးရွာအုပ်စု၊ သရဲဇီးကျေးရွာသို့ (၁၀.၈.၂၀၂၂) နေ့ နေ့လယ် (၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် နွေနှမ်းစိုက်ပျိုးသူတောင်သူ ဦးဌေးအောင်နှင့် တွေ့ဆုံပြီး ၎င်းတွင် နွေနှမ်း စိုက်ဧက (၁၀)ဧကရှိပြီး စိုက်ပျိုးထားသည့်မျိုးမှာ နှမ်နက်မျိုးဖြစ်ပါသည်။ စိုက်ပျိုးဧက (၁၀)ဧက တွင် ခန့်မှန်းအထွက်တင်းအနေဖြင့် (၄၅)တင်းခန့် ထွက်ရှိသည်ဟု သိရပါသည်။ တစ်ဧကလျှင် နွေနှမ်းအထွက်နှုန်းအနေဖြင့် (၄/၅)တင်းခန့်ထွက်ရှိပါသည်။ ပန်းတောင်းမြို့နယ်ရှိ နွေနှမ်းလက်ရှိ ပေါက်ဈေးအနေဖြင့် (၁၅)ပိဿာတစ်တင်းလျှင် (၆၅၀၀၀)ကျပ်ဈေးရှိပြီး ဈေးကွက်အနေဖြင့် ပြည်မြို့ရှိပဲနှမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

            နွေနှမ်းစိုက်ပျိုးသူတောင်သူများအနေဖြင့် နွေနှမ်းမှာ အထွက်နှုန်းအနေဖြင့် နည်းသော်လည်း ဈေးနှုန်းမှာ အမြင့်ရရှိသဖြင့် တောင်သူအကျိုးအမြတ်များသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

ကယားပြည်နယ် ဒေသထွက်  ငှက်ပျောသီးတင်ပို့မှု

          လွိုင်ကော်မြို့နယ်အတွင်းမှာလည်း ငှက်ပျောသီးကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လွိုင်ကော်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ငှက်ပျောစိုက်ဧက (၁၈၄၇ )ဧကနှင့်  ဘောလခဲခရိုင် (၄၄၀) ဧကစိုက်ပျိုးကြပြီး လွိုင်ကော်ခရိုင်တွင် မထောခူကျေးရွာ၊ လောပိတကျေးရွာ၊ ရှမ်းရွာ ၊ ကျောက်တောင် ၊ လေးမိုင် စံပြ ကျေးရွာတို့တွင် ရခိုင် ငှက်ပျော အဓိက စိုက်ပျိုးထွက်ကြပြီး၊ ရွှေနီသီးမွှေးငှက်ပျောကိုလည်း တပိုင်တနိုင်စိုက်ပျိုးကြပါသည်။             

         ယခု ဩဂုတ်လအတွင်း လွိုင်ကော်မှ အခြားဒေသများသို့ ငှက်ပျောအထွက်မှာ  ကားစီးရေ (၁၃) စီးဖြင့် တင်ပို့လျက်ရှိပြီး ရွှေနီသီးမွှေးငှက်ပျော အခိုင်ပြတ်ယူ တစ်ဖီးလျှင် ( ၂၄၀၀-၂၅၀၀)ကျပ် လက်လီ တစ်ဖီးလျှင်(၂၈၀၀-၃၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ရခိုင်ငှက်ပျော ခြံပြတ်ခုတ်ပေး ငှက်ပျော တစ်ခိုင်လျှင် အနည်း ဆုံး(၈)ဖီး မှ (၁၂) ဖီးထိပါရှိကြောင်း၊ တစ်ဖီး(၄၀၀)ကျပ်နှုန်းဖြင့် (၈ )ဖီးပါ တစ်ခိုင် လျှင် (၃၂၀၀) ကျပ် ၊ငှက်ပျောအခိုင်ပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်ရောင်းချကြကြောင်း၊ ငှက်ပျောသီးကို စီးပွားဖြစ် စိုက်ပျိုးကြပြီး ဒေသတွင်းရှိဈေးကွက်တွင် လက်လီ တစ်ဖီးလျှင်ကျပ်(၇၀၀)၊ (၈၀၀) ဖြင့် အဖီးအကြီးအသေးပေါ် မူတည်၍ လည်း ရောင်းချလျက်ရှိကြောင်း ၊ လွိုင်ကော်မှထွက်ရှိသော ငှက်ပျောကို မိတ္ထီလာ၊ ကျောက်ပန်းတောင်းမြို့များသို့ အဓိကတင်ပို့လျက်ရှိကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ပြည်နယ်အတွင်းသို့ ကုန်စည်များ ပုံမှန်လည်ပတ်လျက်ရှိ

      ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုမှာ ပုံမှန်ရောင်းဝယ်လည်ပတ်လျက်ရှိပြီး ဇူလိုင်လအတွင်း အခြားတိုင်းဒေသကြီး / ဒေသများမှ ပြည်နယ်အတွင်းသို့ အိမ်ဆောက်ပစ္စည်း အချို့ဘိလပ်မြေ (၇၀၄၀)အိတ် နှင့် လူသုံးကုန်ပစ္စည်းများ ၊ လယ်ယာထွက်ကုန်သီးနှံများ၊ စားဖိုဆောင်အသုံးပြု ကုန်စည် များ ဝင်ရောက်လျက်ရှိရာ ယခင်လ ဆန်တင်သွင်းမှုများမှာ (၁၉၅၀)အိတ်၊ (၉၈)တန်နှင့် ဆီတင်ပို့မှုမှာ (၁၀၇၅)ဗူး ၊  ကြက်သွန်နီ တင်သွင်းမှုမှာ (၁၉၆၅ )အိတ်၊ ကုန်မျိုးစုံကား (၆၁) စီး ၊ ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၀၉ )အိတ် (၅)တန်၊  ပဲအမျိုးမျိုးတင်ပို့မှုမှာ (၁၉၅၄) အိတ်၊ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

         ယခုလဒုတိယပတ်အတွင်း ကုန်စည်စီးဝင်မှုမှာ ဆန်တင်သွင်းဝင်ရောက်မှုမှာ (၂၀၆၀) အိတ် (၁၀၃) တန်၊  ကုန်မျိုးစုံကား (၅၃) စီး ၊ ဆီ (၁၅၃) ပုံးနှင့် ဆီ( ၈၉၂)ဂျပ်ဖာ၊ဘိလပ်မြေ (၁၅၁၃၂)အိတ် ၊ ကြက်သွန်နီ တင်သွင်းမှုမှာ (၆၅၆) အိတ်၊ ပြည်နယ်မှ ဆန်အထွက် (၄၄၅)အိတ် (၂၂)တန် ၊ ပဲစဉ်းငုံ (၉၉၀)အိတ်၊ (၄၉.၅)တန်တင်ပို့ခဲ့ကြောင်း၊ ယခင်လနှင့် ယခုလနှိုင်းယှည်မည်ဆိုလျှင် ပြည်နယ်အတွင်းသို့ ဆန်တင်သွင်း ဝင်ရောက်မှုမှာ (၁၁၀)အိတ် ၊ ၅၅တန် ပိုလာကြောင်း ၊ ဘိလပ်မြေ (၈၀၉၂) အိတ်ပို ဝင်ရောက်လာကြောင်း၊ လွိုင်ကော်မှ အခြားမြို့များသို့ ဆန်တင်ပို့မှုမှာ (၃၃၆)အိတ် ၊(၁၇) တန်ပိုမို တင်ပို့လာနိုင်ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)

 

ကြက်သွန်နီဈေးကွက်

         ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော စားဖိုဆောင် သီးနှံကြက်သွန်နီကို ကျိုင်းတုံမြို့တွင် ဆောင်းရာသီ၌ အမြိတ်စားကြက်သွန်အဖြစ်သာ အနည်းငယ် စိုက်ပျိုးမှုရှိပြီး ဥစားကြက်သွန်နီစိုက်ပျိုး ဖြစ်ထွန်းမှုမရှိသောကြောင့် စားသုံးမှုလိုအပ်ချက်အရ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မိတ္ထီလာနှင့် တောင်ကြီးမြို့မှတဆင့် အများအပြားတင်သွင်းရပြီး ဇူလိုင်လအတွင်း ကျိုင်းတုံမြို့တွင် ကြက်သွန်နီဝင်ရောက်မှုမှာ အိတ် (၃၀၀) ခန့်၊ ပိဿာချိန် (တစ်သောင်းနှစ်ထောင်) ခန့်ရှိပြီး ဩဂုတ်လ ဒုတိယပတ်တွင် အိတ် (၁၆၀) ခန့်၊ ပိဿာချိန် (ခြောက်ထောင့်လေးရာ) ခန့်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အခြေအနေမှာ ဇူလိုင်လ ဒုတိယပတ်တွင် ကြက်သွန်နီ(အလုံးကြီး) လက်ကားဈေးနှုန်း (၂၀၀၀) ကျပ်၊ လက်လီဈေးနှုန်း (၂၃၀၀) ကျပ်ရှိပြီး ယခုဩဂုတ်လ ဒုတိယပတ်တွင် လက်ကားဈေးနှုန်း (၂၅၀၀) ကျပ်၊ လက်လီဈေးနှုန်း (၂၈၀၀) ကျပ် အရောင်းအဝယ်ရှိပါသည်။ ယခင်ဇူလိုင်လ ဒုတိယပတ်နှင့် ယခုဩဂုတ်လ ဒုတိယပတ် ဈေးနှုန်းနှိုင်း ယှဉ်လျှင် ကြက်သွန်နီဈေးနှုန်းမှာ (၁) ပိဿာလျှင် (၅၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း သိရှိရပါသည်။

          ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ  စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ဝေးကွာခြင်းတို့ကြောင့် သယ်ယူစရိတ်များမြင့်မားလာခြင်းဖြစ်သည်ဟု ကြက်သွန်နီ ရောင်းချသူများ ထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

ကံမမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ ဩဂုတ်လ (၉)ရက်၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်၌ အမှတ်(၁/၃/၄)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင် များတွင်ရောင်းချလျက်ရှိသည့် ကြာပန်းတံဆိပ် ၊ မေဇင်၊ Goody အမှတ်တံဆိပ် စားသုံးဆီများ နှင့်ပက်သက်၍  ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မိမိရောင်းချသည့် ကုန်စည်နှင့်ပက်သက်၍လည်း ဘေးအန္တရာယ် ကင်းရှင်းမှုကို အာမခံပေးရမည်ဖြစ်ကြောင်း၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေမှလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)သို့ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၄.၈.၂၀၂၂)နှင့် ယခုအပတ် (၁၀.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီတို့မှာ (၄၅) ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ်(၁၉၅၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး နှမ်းနက်(စမုံ)မှာ (၂၂၀၀၀ဝိ/-) ဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

                 ပဲမျိုးစုံစျေးကွက်တွင်  ပဲကြီး (၂၀)ပိဿာ တစ်တင်းလျှင် ယခင်အပတ်(၇၁၀၀ဝိ/-) ယခုအပတ်(၇၁၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း မတ်ပဲမှာ ယခင်အပတ်(၅၃၀၀ဝိ/-) ယခုအပတ် (၅၈၀၀ဝိ/-) ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၄၀၀ဝိ/-) ယခုအပတ် (၃၇၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲတီစိမ်း ယခင်အပတ်(၄၃၀၀ဝိ/-) ယခုအပတ် (၄၈၀၀ဝိ/-) ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲစဉ်းငုံနီ ယခင်အပတ်(၄၉၁၀ဝိ/-) ယခုအပတ် (၆၀၀၀ဝိ/-) ဖြစ်၍ (၁၀၉၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(HL) ယခင်အပတ်(၅၂၀၀ဝိ/-) ယခုအပတ် (၅၆၀၀ဝိ/-) ဖြစ်၍ (၄၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၅၂၀၀ဝိ/-) ယခုအပတ် (၅၆၀၀ဝိ/-) ဖြစ်၍ (၄၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခင်အပတ်(၅၉၀ဝိ/-) ယခုအပတ် (၅၉၅ဝိ/-) ဖြစ်၍ (၅ဝိ/-) ဈေးမြင့်တက်ခဲ့ကာ မြေပဲလုံးဆံ(နီ)မှာ (၅၉၀ဝိ/-)နှင့် မြေပဲတောင့်(စို) တစ်တင်း (၂၁၅၀ဝိ/-)ဖြစ်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၁၁၅)အိတ်၊ နှမ်းနီ(၁၈၀)အိတ်၊ နှမ်းနက်(စမုံ)(၁၈၅၀) အိတ်၊ ပဲတီစိမ်း(၇၀၀)အိတ်၊ ပဲစဉ်းငုံနီ(၁၃၅၀)အိတ်၊ မတ်ပဲ(၁၇၀)အိတ်၊ ကုလားပဲ(HL) (၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၉၅၀)အိတ်၊ ဘိုကိတ်ပြာ (၃၈၀)အိတ်၊ ပဲကြီး(၄၅၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၅၄၀)အိတ်၊ မြေပဲလုံး ဆံ(နီ) (၇၇၀)အိတ်တို့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့နယ် ပဲတီစိမ်းနှင့် နှမ်းဈေးနှုန်းဈေးကွက် အခြေအနေ

          သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းနှင့်နှမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဩဂုတ်လ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၀၀၀ဝိ/-)ဖြင့် အရောင်းအဝယ်အေးလျက်ရှိရာ  ဒုတိယပတ်တွင် (၄၈၀၀ဝိ/-)၊ နှမ်းသီးနှံများမှာလည်း  ပထမပတ်တွင် နှမ်းနက်တစ်တင်းလျှင်(၆၅၀၀ဝိ/-)၊ နှမ်းနီ တစ်တင်းလျှင်(၆၀၀၀ဝိ/-)ဖြစ်ပြီး  ဒုတိယပတ်တွင် နှမ်းနက်တစ်တင်းလျှင်(၈၀၀၀ဝိ/-)၊ နှမ်းနီတစ် တင်းလျှင်(၇၀၀၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။

          အောင်လံမြို့ရှိ ဝယ်လက်သမားများမှ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် ပဲတီစိမ်း အိတ်ရေ(၁၀)ခန့် ၊ နှမ်းအိတ်ရေ(၅၀-၆၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ရှိ “နေခြည်” အာလူးကြော်လုပ်ငန်းနှင့် “ကျော်ဇော” ပဲအမွကြော် လုပ်ငန်းသို့ သွားရောက်ပြီး နေ့စဉ်စားသုံးဆီ သုံးစွဲမှုနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းလေ့လာခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင်/ ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက် ညွှန်ကြားရေးမှူး)၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၉.၈.၂၀၂၂)ရက်နေ့တွင် မကွေးမြို့၊ မကျီးကန်ကျေးရွာ သင်ကြားရေးဆေးရုံလမ်းရှိ “နေခြည်” အာလူးကြော်လုပ်ငန်းနှင့် မကွေးမြို့၊ အောင်စေတနာ(စီ)လမ်းရှိ “ကျော်ဇော” ပဲအမွကြော် လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်းပြီး ထုတ်လုပ်မှု အခြေအနေ၊ နေ့စဉ်စားသုံးဆီသုံးစွဲမှု အခြေအနေများအား လေ့လာမေးမြန်းခဲ့ပြီး အမှတ်တံဆိပ်များတွင် ဌာနမှသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          “နေခြည်”အာလူးကြော်လုပ်ငန်းသည် နေ့စဉ် အာလူးအိတ်(၃၂)ပိဿာဝင်(၅၀)အိတ်(၁၆၀၀) ပိဿာခန့်ကို Auto အကြော်စက်များ အသုံးပြုထုတ်လုပ်နိုင်ကြောင်းနှင့် ထွက်ရှိလာသော အာလူး ကြော်များကို (၈၀)ဂရမ်ပါ တစ်ထုတ်လျှင် (၅၅၀)ကျပ်ဖြင့် မကွေးတိုင်းအတွင်းနှင့် မန္တလေးတိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချကြောင်း လုပ်သားဦးရေ(၅၀)ခန့်ရှိပြီး လုပ်ငန်းပြီးစီးမှုအပေါ် အာလူးတစ်အိတ်လှီးခ (၁၀၀၀)ကျပ်နှင့် အာလူးကြော်တစ်ဖာထုတ်ပိုးခ (၇၀၀)ကျပ် ပေးချေရ ကြောင်း နေ့စဉ်စားသုံးဆီ (၂၈)ပေပါ (၃၀၈၀)ပိဿာခန့် သုံးစွဲရကြောင်း သိရှိရပါသည်။

          “ကျော်ဇော” ပဲအမွကြော်လုပ်ငန်းတွင်လည်း နေ့စဉ်ပဲကြီး(၃၀)ပိဿာဝင် (၄၀)အိတ် (၁၂၀၀)ပိဿာခန့်ကို Auto အကြော်စက်(၂)လုံး၊ လက်ဖို(ဒယ်အိုး) (၄)လုံးဖြင့် ထုတ်လုပ်ပြီး ပဲကြီး (၁)ပိဿာ (၃၇၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း ထွက်ရှိလာသော ပဲအမွကြော်များကို (၂၅)ကျပ်သား တစ်ထုတ်လျှင်(၂၁၂၅)ကျပ်၊ (၅၀)ကျပ်သားတစ်ထုတ်လျှင် (၄၂၅၀)ကျပ်နှင့် (၁)ပိဿာတစ်ထုတ် လျှင် (၈၅၀၀)ကျပ်ဖြင့် ဒေသတွင်း လက်လီရောင်းချပြီး ရန်ကုန်မြို့သို့ (၃၀)ပိဿာဝင်အိတ်များဖြင့် တင်ပို့ရောင်းချရကြောင်း လုပ်သားဦး‌ရေ(၂၀)ခန့်ရှိပြီး တစ်နေ့လျှင် အမျိုးသား(၁)ဦး (၈၅၀၀)ကျပ် နှင့် အမျိုးသမီး(၁)ဦး (၄၅၀၀)ကျပ်ဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနေကြောင်း နေ့စဉ်စားသုံးဆီ (၁၄)ပေပါ (၁၅၄၀)ပိဿာခန့်သုံးစွဲနေရကြောင်း အခြားလိုအပ်သော ကုန်ကြမ်းပစ္စည်းများအား အလွယ်တကူ ဝယ်ယူရရှိနေသော်လည်း စားသုံးဆီဝယ်ယူရရှိရန် အခက်အခဲရှိကြောင်း သိရှိရပါသည်။

          မကွေးခရိုင်/ ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှမှ အဆိုပါလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်‌ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်/တားမြစ်ချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း