Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်မှုလယ်ယာထူထောင်ရေး

      မြန်မာနိုင်ငံသည် စိုက်ပျိုးမြေများ၊ လူအင်အားများ၊ လုပ်နိုင်ကိုင်နိုင်သော အင်အားများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အဖြင့် နိုင်ငံခြားသို့ တင်ပို့နိုင်သည့် စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များကို သည့်ထက်မက ပိုမိုတင်ပို့နိုင်ခြေရှိပါသည်။ အရေးကြီးသည်မှာ ခိုင်မာသော ဈေးကွက်တစ်ခုဖြစ်ပါသည်။ စိုက်ပျိုး၍ရသော သီးနှံများ ဈေးကောင်းမရ၊ တွက်ခြေမကိုက်လျှင် သီးနှံအထွက်တိုးရေးကိစ္စအပေါ် မည်သည့်တောင်သူမှ စိတ်ဝင်စားမည် မဟုတ်ပါ။ တောင်သူများအတွက် အားထားရနိုင်သော ဈေးကွက်တစ်ခု ဖန်တီးပေးလျှင် စိုက်ပျိုးရေးတွင် အထွက်တိုးစေရန် အတွက်သော်လည်းကောင်း၊ စိုက်ပျိုးမြေများတိုးချဲ့ရေးကိုသော်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအပေါ် အားကြိုးမာန်တက် ဖိဖိစီးစီးလုပ်ကြရရေး ကိုသော်လည်းကောင်း မည်သူမျှဆော်ဩနေစရာ စည်းရုံး နေစရာ လိုမည်မဟုတ်ပါ။

        လယ်သမားများအတွက် ခိုင်မာသော ဈေးကွက်တစ်ခုတည်ဆောက်ပေးပြီးနောက် လယ်ယာလုပ်ကိုင်နိုင်ရန်နှင့် သီးနှံအထွက်တိုးရန် အကောင်အထည်ဖော်ရမည့် စက်မှုလယ်ယာကိစ္စဖြစ်ပါသည်။  မြန်မာနိုင်ငံအနှံ့  စက်မှုလယ်ယာစခန်းများ ဖွင့်လှစ်လုပ်ဆောင်ခဲ့ပြီး လယ်ထွန်စက်များကိုလည်း ထုတ်လုပ်လာနိုင်ခဲ့သော်လည်း ယခုအချိန်ထိ တေင်သူလယ်သမားအများစုသည် လယ်ယာလုပ်ငန်းတွင် လူနှင့် ကျွဲ၊ နွား အင်အားကိုသာ အဓိကထားသုံးစွဲနေရသေးပါသည်။ လယ်ယာလုပ်ငန်းတွင် ကျွဲ၊ နွားများအစား စက်ကိရိယာများကို သုံးစွဲနိုင်လျှင် သီးနှံအထွက်တိုး လာမည်ဖြစ်ရာ နိုင်ငံခြားသို့တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်ပမာဏသည်လည်း အမှန်ပင် တိုးတက်လာမည်ဖြစ်ပါသည်။ အခွင့်သာပါက လယ်သမားများအနေနှင့် မိုးစပါးများပြီးလျှင် နွေစပါးကိုဆက်စိုက်မည်။ သို့မဟုတ်ပါကလည်း မတ်ပဲ စသောသီးနှံ တစ်မျိုးမျိုးကို လယ်ထဲတွင်စိုက်လိုမည်သာဖြစ်ပါသည်။ ဤကဲ့သို့ စိုက်ရာတွင် နောက်သီးနှံအတွက်  အစိုဓာတ်အရေးကြီးပါသည်။ ထိုအခါရိတ်သိမ်းပြီးသောစပါး များကို ခြွေလှေ့ခြင်း၊ တလင်းထဲသို့ပို့နိုင်ခြင်းမပြုနိုင်သေးဘဲ ရိတ်ပြီးစလယ်ကို ထယ်ထိုးရသည်။  နောက်သီးနှံအတွက် လုံးပန်းနေရသဖြင့် လယ်ကန်သင်းများပေါ်တွင် ပုံထားသော ကောက်လှိုင်းပုံများမှာ လိုသည်ထက် ပိုခြောက်ကုန်သည်။ ထို့နောက် ကောက်လှိုင်းပုံမှ တလင်းသို့ သယ်သည့်အခါတွင် အလေအလွင့်များလှသည်။ သည်ကြားထဲ အချိန်အခါ မဟုတ် မိုးရွာလိုက်ပါက  ကြွေသည်ကတစ်မျိုး၊ မိုးကောင်း၍ အစို့ပေါက်ကုန်သည် ကတစ်မျိုးတို့ဖြင့် ကောက်လှိုင်းရှိ စပါးမှာ တစ်ဝက်ပင် မတင်တော့ပါ။

          လယ်သမားများသည်  စပါးကို ရိတ်သိမ်းခြွေလှေ့စက်( Combine Harvester) ဖြင့် ရိတ်သိမ်းနိုင်ခဲ့ပါက ရိတ်သည်နှင့် တစ်ပြိုက်နက် အိတ်သွတ်ပြီးသား စပါးကို ရသဖြင့် အထက်ဖော်ပြပါ အလေအအလွင့်များကို များစွာလျှော့ချနိုင်ပေလိမ့်မည်။ စက်ဖြင့်ရိတ် သောကြောင့်လည်း နောက်သီးနှံအတွက် အစိုဓါတ်မမီမှာ မပူရတော့ပေ။ မြန်မာနိုင်ငံအနှံ့အပြားတွင် လယ်ယာလုပ်ငန်းများ မည်မျှတွင်ကျယ်လာသည်၊ လယ်သမားများအနေနှင့် ထိုစက်များသုံးစွဲနေရသည်မှာ အဆင်ပြေ/မပြေ၊ မည်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသနည်း၊ စနစ်တကျ ရင်ဆိုင်နေရပါသနည်း စသည်တို့ကို စနစ်တကျ  ကွင်းဆင်းလေ့လာသင့်ပါသည်။

နိုင်ငံခြားမှတင်သွင်းခြင်းသည့် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပြီး အစိုးရစက်ရုံများနှင့် ပုဂ္ဂလိက စက်ရုံများမှလည်း မြန်မာ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဦးဆောင်မှု အောက်တွင် ပြည်တွင်း၌ လယ်ယာသုံးစက်ကိရိယာများကိုထုတ်လုပ်ခဲ့ကြပါသည်။ စက်မှုလယ်ယာအဖြစ် ဖော်ဆောင်ရာတွင် အဓိကလိုအပ်ချက်မှာ နည်းပညာများ ပံ့ပိုးမှုဖြစ်ပါသည်။ ငွေအင်အားသုံးပြီး စက်ပစ္စည်းကိရိယာများ မည်မျှပင် ထည့်သွင်းစေပါမူ ထိုစက်ကိရိယာများကို ထိထိရောက်ရောက် အသုံးမချနိုင်ပါက အောင်မြင်ဖြစ်ထွန်းမည်မဟုတ်ပါ။ လယ်ယာသုံးစက်ကိရိယာများကို သုံးစွဲရာတွင် သုံးစွဲနေသည့် တောင်သူများထံမှလည်း စက်သုံးစွဲရာတွင် မည်သည့်အခက်အခဲများရှိသည်၊ မည်သည့်အခက်အခဲ ရင်ဆိုင်နေရသည်၊ မည်ကဲ့သို့လုပ်လိုက်လျှင် ပိုကောင်းလာမည် စသည်တို့ကိုလည်း ပြန်လည်အကြံပြုချက် (Feed Back) အမြဲ ပြန်လည်ရယူနေသင့်ပါသည်။ သို့မှသာ ထိုဒေသနှင့်ကိုက်ညီမည့် စက်ကိရိယာများကို တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

     အချုပ်အားဖြင့် စက်မှုလယ်ယာ ထူထောင်ခြင်းဟူသည် လယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ ရောင်းချပေးရုံသာမဟုတ်ပါ။ လယ်ယာသုံးစက်ကိရိယာများ လယ်ယာများထဲ၊ ကျေးရွာများထဲ၌ စက်များမြင်နေရုံမျှ နှင့် စက်မှုလယ်ယာများဖြစ်လာပြီဟု  မဆိုနိုင်ပေ။ စပါးခြွေ့စက်များနှင့် ခြွေလှေ့နေသည်ကိုမြင်ရသည်နှင့် စက်မှုလယ်ယာစနစ် အောင်မြင်ပြီဟု လက်ခမောင်းခတ်လို့မဖြစ်ပါ။ စက်မှုလယ်ယာထူထောင်ရေးအတွက်  အရေးကြီးသော နောက်တစ်ချက်မှာ စက်သုံးဆီ အလုံအလောက်ရရှိရေးနှင့် စက်ကိရိယာ  အပိုပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိရေးပင်ဖြစ်ပါသည်။ ထွန်စက်အလုံးတစ်ရာရှိလျှင် ထိုထွန်စက် အလုံးတစ်ရာစာအတွက် အနည်းဆုံးအပိုပစ္စည်းအစုံ တစ်ရာထားရှိရန်လိုပါသည်။ သို့မဟုတ်ပါက စက်ချို့ယွင်း၍ အပိုပစ္စည်းအစားထိုးရမည်ဆိုမှ အပိုပစ္စည်းမရှိမှုကြောင့် စက်ကြီးကို သည်အတိုင်းရပ်ထားမည်ဆိုလျှင် လုပ်ငန်းများနှောင့်နှေး ကြန့်ကြာမည်ဖြစ်ပါသည်။ ထိုအခါ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရပါမည်။ ဤသည်တို့သည်ကား စက်မှုလယ်ယာထူထောင်ရေးတွင် အဓိကစိန်ခေါ်မှုများပင် ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ဟင်္သာတမြို့နယ်တွင် Riceberry စပါးစမ်းသပ်စိုက်ပျိုး

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ထွန်ယက် တောင်သူအကျိုးပြု ကုမ္ပဏီလီမိတက်မှ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် ဟင်္သာတမြို့နယ်၊ တောင်လုံးစုအုပ်စု၊ ပခန်းရွာ နှင့် ကျုံတုံးအုပ်စု၊ ရဲကွင်းရွာ၊ တလုတ်ကုန်းကျေးရွာတို့တွင်  တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ Riceberry စပါးမျိုး (၂၅) ဧကကိုစမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ အဆိုပါ စပါးမျိုးသည် ထိုင်း ငချိတ်နှင့် ထိုင်း စံပယ် ဆန်မွှေးတို့ကို မျိုးစပ်ထားသော စပ်မျိုးစပါးဖြစ်ပြီး ထိုင်းနိုင်ငံမှတ်ပုံတင် စပါးမျိုး ဖြစ်ပါသည်။ ၎င်းကို ချက်ပြုတ်သည့်အခါ ငချိတ်ထမင်းကိုရရှိပြီး အဆိုပါငချိတ်ထမင်းသည် ရိုးရိုးထမင်းဖြူ ထက် အမျှင်ဓာတ် ပိုမိုပါဝင်ပြီး gluten free ဖြစ်သည့်အတွက် ဆီးချိုရောဂါရှင်များအတွက်လည်း သင့်လျော်ပြီး၊ အမျှင်ဓာတ် ပါဝင်မှုများသည့်အတွက် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာကို ကာကွယ်နိုင်ပါသည်။ Rice Berry ဆန်သည် ကိုလက်စထရော လျှော့ချခြင်းကို လုပ်ဆောင်ပေးတဲ့အတွက် အဝလွန်ခြင်းနှင့်  နှလုံးရောဂါ အခံရှိသူများ စားသုံးရန် အထူးသင့်လျော်ပြီး၊ ၎င်းကို သာမန်ထမင်းချက်သလို ပေါင်းအိုး နှင့်ချက်ပြုတ်နိုင်ပါသည်။ ဆန်တဆ ရေနှစ်ဆ ထည့်ချက်ပါက သင့်လျော်ပြီး မချက်ခင် ၂၀မိနစ်ခန့် ရေစိမ်ထားရင် ပိုကောင်းပါသည်။ ယခုနှစ်တွင် ဟင်္သာတမြို့၌ (၂၅) ဧက ကို တောင်သူငါးဦးနှင့် ကြဲခင်းစနစ် ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် မျိုးနှင့် သွင်းအားစုတန်ဖိုး တစ်သိန်းခုနှစ်သောင်းကျပ် ကုန်ကျခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလဆန်းတွင် ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် (၅၀) တင်းမှ (၆၅)တင်းနှုန်း ခန့်  ထွက်ရှိခဲ့ပြီး၊ လာမည့်နှစ်များတွင် အထွက်နှုန်း ပိုမိုလာနိုင်ကြောင်းနှင့် ထွန်ယက် ကုမ္ပဏီအနေ ဖြင့်  Riceberry စပါးတင်း တရာလျှင် ငွေကျပ်ရှစ်သိန်း ဈေးနှင့်ပြန်လည် ဝယ်ယူခဲ့ကြောင်း၊  Riceberry ကို တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုး ထုတ်လုပ် ရောင်းချလျက်ရှိပြီး ပူးပေါင်း စိုက်ပျိုး လိုသော တောင်သူများကိုလည်း ဖိတ်ခေါ် လျက်ရှိကြောင်း ထွန်ယက်ကုမ္ပဏီ ၏ ဟင်္သာတ မြို့နယ် တာဝန်ခံ ဦးခိုင်စိုးမင်းက ပြောပြခဲ့ပါသည်။ ထွန်ယက် ကုမ္ပဏီအနေဖြင့် တောင်သူများကို စပါးရိတ်ခြွေစက်များ၊ ပြောင်းရိတ်ခြွေစက်များ၊ ထွန်စက်ကြီးများဖြင့် ဝန်ဆောင်မှုပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မိုးညှင်းမြို့နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အရည်အသွေးစိစစ်ချက်အရ စံမညီသော ဆေးဝါးများ ရောင်းချခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ၁၂.၁၁.၂၀၂၀ ရက်နေ့မှ ၁၃.၁၁.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်၊ ဟဲလုံရပ်ကွက်၊ စက်ကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် အရှေ့စုရပ်ကွက်အတွင်းရှိ ဆေးဆိုင်များတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ သတ်မှတ်ချက်များနှင့်(စံမညီ)သောဆေးဝါးများ ရောင်းချခြင်းရှိ မရှိ စစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

မြိတ်မြို့၊ သီဟဇေယျာစျေးကြီးအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေး

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  မြိတ်မြို့၊ သီဟဇေယျာ(မြို့သစ်)စျေးကြီးရှိ ဆေးဆိုင် များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူပြည်သူများ သုံးစွဲရာတွင်ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာ ဌာနများမှတားမြစ်ထားသောကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက်စောင်ကြည့်စစ်ဆေး ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကော့သောင်းမြို့၊ မြို့မစျေးအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေး

      ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်  ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက် မြို့မစျေးကြီးရှိ စားသောက်ကုန်များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် စားသောက်ကုန်ပစ္စည်းများရောင်းချသူများအနေဖြင့် စားသုံးသူ ပြည်သူများ၀ယ်ယူစားသုံးရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် ရောင်းချသောကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှတားမြစ်ထားသောကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက် စောင်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ငွေများပေးအပ်ခြင်း

          ၁၁.၁၁.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ကြောင့် စားဝတ်နေရေး အခက်အခဲမဖြစ်စေရန် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက်၊ မန်ခိန်ရပ်ကွက်၊ ရွှေစက်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်များရှိ လက်လုပ်လက်စား အိမ်ထောင်စုပေါင်း (၄၃၉၅)စု အား အိမ်ထောင်စု တစ်စုလျှင် ၂၀၀၀ဝိ/-  ( ကျပ်နှစ်သောင်း ) နှုန်းဖြင့် ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်        

ဗန်းမော်မြို့နယ်ရှိ ဆေးဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

          ၉.၁၁.၂၀၂၀ ရက်နေ့မှ ၁၀.၁၁.၂၀၂၀ ရက်နေ့ထိ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ ဗန်းမော်မြို့ မင်းကုန်းရပ်ကွက် ၊အလယ်ရပ်ကွက်၊ ညောင်ပင်ရပ်ကွက်ရှိ ဆေးဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင် စသည့် ဆိုင် (၉)ဆိုင်တို့တွင်  ရောင်းချလျက်ရှိသည့် မိခင်နို့အစားထိုး စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့်  FDAမှ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကချင်ပြည်နယ်        

မြန်မာ့စပါးစံချိန်စံညွှန်းနှင့်မြန်မာ့လက်ဖက်စို၊ လက်ဖက်အချိုခြောက်၊ အခါးခြောက်စံချိန်စံညွှန်းများရေးဆွဲနိုင်ရေး နည်းပညာဆပ်ကော်မတီ၏ (၇/၂၀၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Application အသုံးပြု၍ကျင်းပ

မြန်မာ့စပါးစံချိန်စံညွှန်းနှင့် မြန်မာ့လက်ဖက်စို၊လက်ဖက်အချိုခြောက်၊အခါးခြောက် စံချိန်စံညွှန်းများရေးဆွဲနိုင်ရေးအတွက်စိုက်ပျိုးရေး အခြေခံထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီ၏ (၇/၂၀၂၀)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Application အသုံးပြု၍ကျင်းပ
--------------------------------------------
စိုက်ပျိုးရေး အခြေခံထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီ၏ (၇/၂၀၂၀) ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ရက်နေ့တွင် Virtual meeting 
ကျင်းပခဲ့ရာ စိုက်ပျိုးရေးအ‌ခြေခံထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီဥက္ကဌ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး‌မြင့်ဝေတက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

နည်းပညာဆပ်ကော်မတီဥက္ကဌကအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ဆန်စပါးအဓိက စားသုံးစိုက်ပျိုးသော နိုင်ငံဖြစ်ပါကြောင်း တောင်သူ၊ လယ်သမား၊ စက်ပိုင်များအကြားတွင် စပါးရောင်းဝယ်ဖောက်ကားမှုသည် အ‌ခြေခံကျပြီး ကြီးမားသော ဈေးနှုန်းဈေးကွက်တစ်ခုဖြစ်ပါကြောင်း

မြန်မာ့စပါးစံချိန်စံညွှန်းပေါ်ပေါက်လာပါက စပါးအရည်အသွေးကောင်းမွန်မှုကို လိုက်၍ ကောင်းမွန်သောဈေးနှုန်းကို ရရှိခံစားလာနိုင်မည်ဖြစ်ပါကြောင်း၊ ကြိတ်ခွဲရေးအပိုင်းတွင်လည်း စံပေတံဖြင့် စပါးမျိုးကောင်းမျိုးသန့်များကို ဝယ်ယူနိုင်မည်ဖြစ်ရာ မြန်မာ့ဆန်အရည်အသွေးကိုပါ မြှင့်တင်လာနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံစပါးအရည်အသွေးကို သတ်မှတ်နိုင်ခြင်းဖြင့် အရည်အသွေးကဏ္ဍတွင် တိုးတက်ဖွံ့ဖြိုးမှုများရှိလာမည်ဖြစ်ပါကြောင်း
အလားတူ ပြည်ပပို့ကုန်အလားအလာရှိသည့် မြန်မာ့လက်ဖက်အ‌ချိုခြောက်၊ အခါးခြောက်၊ လက်ဖက်စိုတို့ကို ‌စံချိန်စံညွှန်းများ ရေးဆွဲနိုင်ပါက များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊ စံချိန်စံညွှန်းများသည် နိုင်ငံတကာကုန်သွယ်မှုကဏ္ဍတွင် အထောက်အပံ့ကောင်းဖြစ်၍ နိုင်ငံတကာကလက်ခံကျင့်သုံးလျက်ရှိသည့် စံချိန်စံညွှန်းများအပြင် ဒေသတွင်း အာဆီယံစံချိန်စံညွှန်းများနှင့်လည်းလိုက်လျောညီထွေဖြစ်အောင် ရေးဆွဲလျက်ရှိပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
ဆက်လက်၍မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့်ကြိတ်ခွဲရောင်းချသူများအကြားတွင် ကောင်းမွန်သောကုန်ပစ္စည်းအရည်အသွေးနှင့်မျှတသော ဈေးနှုန်းဈေးကွက်တို့ဖော်ဆောင်နိုင်ရေးရည်ရွယ်၍ဆပ်ကော်မတီ အဖွဲ့ဝင်များကမြန်မာ့စပါး စံချိန်စံညွှန်းမူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 

အလားတူပြည်ပဈေးကွက်အလားအလာရှိသော မြန်မာ့လက်ဖက်စို၊လက်ဖက်အချိုခြောက်၊ အခါးခြောက် စံချိန်စံညွှန်းမူကြမ်းများကိုလည်း ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှပညာရှင်များပါဝင်သည့် ပုဂ္ဂလိကအသင်းအဖွဲ့များကညှိနှိုင်းပူးပေါင်း၍ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ 

မြန်မာနိုင်ငံအမျိုးသားစံချိန်စံညွှန်းကောင်စီသည် ကဏ္ဍအသီးသီးနယ်ပယ်အသီးသီးရှိ မြန်မာ့စံချိန်စံညွှန်း စုစုပေါင်း (၄၃၉)ခုကိုအတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ရာ စိုက်ပျိုးရေးအခြေခံထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှရေးဆွဲသည့် စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်း (၂၄)ခုပါဝင်ကြောင်း သိရှိရပါသည်။

သတင်း/အရည်အသွေး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ် ဆောင်ရွက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊   

တမူးခရိုင်ဦးစီးမှူးရုံး  (၅၀’× ၃၅’× ၂၄) RC  ( ၂ )ထပ် (အတွင်း  ရေ၊ မီး၊ မိလ္လာ)၊ (Apron & Drain အပါ) ဆောက်လုပ်ခြင်းအတွက် အိတ်ဖွင့်တင်ဒါများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

          ( က ) တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်နေရာ             - စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီးပွားရေးတက္ကသိုလ်၊ အနောက်ဖက်လမ်းနှင့် ရသုံးမှန်းခြေလမ်းထောင့်၊ မုံရွာမြို့

          ( ခ ) တင်ဒါလျှောက်လွှာပုံစံရောင်းချမည့် နေ့ရက်/အချိန် - (၃.၁၁.၂၀၂၀ မှ ၃.၁၂.၂၀၂၀)

                                                                                           (ရုံးချိန်အတွင်း )

          ( ဂ ) တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေ့ရာ              - စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မုံရွာမြို့

          ( ဃ ) နောက်ဆုံးတင်ဒါပေးသွင်ရမည့် ရက်စွဲ/အချိန်      - (၃.၁၂.၂၀၂၀)   (၁၃:၀၀)နာရီ

          ( င ) တင်ဒါဖွင့်မည့်နေရာ                                         - စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မုံရွာမြို့

၂။       တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများ အသေးစိတ်သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးတက္ကသိုလ်အနောက်ဖက်လမ်း၊ မုံရွာမြို့၊ ဖုန်း ၀၇၁ - ၂၁၀၂၀ ၊ ၀၇၁ - ၂၃၅၉၅ သို့ ရုံးချိန်အတွင်း

ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါသည်။

          တင်ဒါခေါ်ယူ လက်ခံရေးနှင့်စိစစ်ရွေးချယ်ရေးအဖွဲ့

          စစ်ကိုင်းတိုင်းဒေသကြီး

လယ်ယာထုတ် ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး လယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၅           

          ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

     ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့်ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀  ပြည့်နှစ်ထွက် မိုးစပါးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်အခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်သည့် စပါးတင်း (၁၀၀)လျှင် ကျပ် (၅၂၀,၀၀၀)နှုန်းအောက် မကျသော ဈေးနှုန်းဖြင့် ဝယ်ယူရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေ (၂၀) ဘီလီယံကို ထုတ်ယူ၍ စပါးဝယ်ယူရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စပါးဝယ်ယူရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် မိမိတိုင်းဒေသကြီး/ ပြည်နယ်အတွင်း စပါးဝယ်ယူရေးအတွက် တင်ဒါ ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ဆန်များ ပြန်လည်အပ်နှံရာတွင် လက်ခံနိုင်ရေး အတွက် သိုလှောင်ရုံများ ငှားရမ်းသုံးစွဲနိုင်မည့်အခြေအနေနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် အခြေအနေများအား ဆွေးနွေးပေးကြရန်နှင့် တင်ဒါစနစ်ဖြင့် စပါးဝယ်ယူရေးဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်မည့်အခက်အခဲများအပေါ် အစည်းအဝေးတက်ရောက်လာကြသော လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်း အဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့သည်။

   ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းများလီမိတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက်တင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ပြည်လည်ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

မူဝါဒ၊ DOCA

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ