Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဗန်းမော်မြို့ရှိစားသုံးဆီဖြန့်ဖြန်းရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ၁၄.၂.၂၀၂၂ ရက်နေ့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး အာမခံရမည်ဖြစ်ကြောင်း၊ ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ၄၂(ခ)နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျည်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းများ လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကို မဖြစ်မနေလိုက်နာဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှစတင်၍ (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍  စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေး လျှောက်ထား နိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသားပြား၊အသားချောင်းများ ရောင်းချခြင်း ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

             ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ခရိုင်ဝန်ထမ်းများသည် ၁၅.၂.၂၀၂၂ ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့(ဈေး)များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် FDAဦးဆောင်မှုဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်မရှိဘဲ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသော အသားချောင်းများ၊ စားသုံးမိ၍ ဘေးဥပါဒ်ဖြစ်ပွားနေကြောင်း တွေ့ရှိရသောကြောင့် စားသုံးခြင်းမပြုရန် ရောင်းဝယ်ဖောက်ကားမှုများ မြဝတီဘုရင့်နောင်ဈေးကြီးအတွင်း ရောင်းချမှု ရှိ/မရှိကို ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ စစ်ဆေးမှုတွင် FDAမှ တားမြစ်ထုတ်ပြန်ထားသော ထိုင်းနိုင်ငံထုတ် ကြက်သားလုံးချောင်းများ ရောင်းချခြင်းကို မတွေ့ရှိရသော်လည်း၊ ပင်လယ်စာနှင့် အသားချောင်း၊ အသားပြားများ ရောင်းချနေသော ဆိုင်များတွင် သက်တမ်းလွန်သော အသားချောင်းများ၊ သတ်မှတ်စည်းကမ်း အေးခဲသောနေရာတွင်ထားရှိပြီး ရောင်းချခြင်းမျိုးမဟုတ်ဘဲ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပြီး ရောဂါပိုးပေါက်ဖွားလွယ်စွာထားရှိပြီး ရောင်းချနေသော အသားပြား၊ အသားလုံး၊ အသားချောင်းများကို သိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်။

          သိမ်းဆည်းရမိသော စားသောက်ကုန် ပင်လယ်စာ အကင်၊ အသားလုံး၊ အသားပြား ရောင်းချနေသော ဆိုင်(၆)ဆိုင်နှင့် သိမ်းရမိသော တန်ဖိုးငွေကျပ် ၄၇၀၀၀/- ကျပ်တန်းဖိုးရှိသော သက်တမ်း လွန်နေသော အသင့်စားခေါက်ဆွဲထုတ် တရုတ်နိုင်ငံထုတ် (၁၅၀၀)တန် ၃ထုတ်၊ တရုတ်နိုင်ငံထုတ် သက်တမ်းလွန်ဟင်းခတ်မှုန့် ၁၅၀၀ကျပ်တန် (၇)ထုတ်၊ တရုတ်နိုင်ငံထုတ် သက်တမ်းလွန်ငရုတ်မှုန့် ၁၀၀၀ကျပ်တန် (၂)ထုတ်၊ ထိုင်းနိုင်ငံထုတ် သက်တမ်းလွန် အချဉ်ရည်ပုံး ၅၀၀၀/-တန် (၃)ပုံး၊ အကင်တစ်ပုံ တစ်ထောင်တန် (၁၅)ပုံစာ ၁၅၀၀၀ကျပ် နှင့် စုစုပေါင်းတန်းဖိုး ၄၇၀၀၀/- ကို အဖွဲ့စုံဖြင့် သိမ်းဆည်းခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့(ဈေး)ရုံးခန်းမတွင် နေ့လည် (၁၃း၀၀)နာရီအချိန်တွင် အသားပြားရောင်းချသူလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့စုံ ရှေ့မှောက်တွင် သက်ဆိုင်ရာဌာန၏ဥပဒေနည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူကာကွယ်ရေးသိကောင်းစရာများ လုပ်ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပြီး၊ လုပ်ငန်းရှင်များအား သတ်မှတ်စည်းကမ်းများဖြင့် လိုက်နာဆောင်ရွက်ရောင်းချရန် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းနှင့် အများပြည်သူရှေ့မှောက်တွင် ဖမ်းဆီးခဲ့သော ပစ္စည်းများအား မြေမြှုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ကရင်)

ခေါက်ဆွဲလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်၊ “Top” ခေါက်ဆွဲ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

              အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၁။(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊  အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့်အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။

             ထို့နောက် “Top” ခေါက်ဆွဲလုပ်ငန်းအား လေ့လာရာတွင် ခေါက်ဆွဲတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းဂျုံများအား မြို့ပေါ်ရှိဂျုံစက်များမှ ဝယ်ယူကြောင်း၊ ဂျုံ ၁ အိတ် လျှင် ၂၄ ပိဿာမှ ၂၅ပိဿာခန့်ရှိပြီး ၃ သောင်းကျော်ဖြင့်ဝယ်ယူရကြောင်း၊  တစ်ရက်လျှင်  ဂျုံ ၁၀ အိတ် မှ ၁၂ အိတ်ထိ ဂျုံကုန်ကြမ်း ၃၀၀ ပိဿာဝန်းကျင် သုံးစွဲရကြောင်း၊ ကိုဗစ်ကာလတွင် လုပ်ငန်း လည်ပတ်မှုအား ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်နိုင်ကြောင်း၊  ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိကုန်မျိုးစုံ ဆိုင်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ဈေးနှုန်း‌အနေဖြင့် အသားတင်အလေးချိန် ၁၈ ကျပ်သား တစ်ထုပ်လျှင် ၅၆၀ ကျပ်နှင့် ၅၀ ကျပ်သား တစ်ထုပ်လျှင် ၁၃၀၀ ကျပ်နှုန်းဖြင့် လက်ကားရောင်းချ လျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ “Top” ခေါက်ဆွဲလုပ်ငန်း၏ ကုန်အမှတ် တံဆိပ်များအား လေ့လာရာတွင် အလေးချိန်ဖော်ပြချက် အသားတင်ပမာဏ ဖော်ပြရန်လိုအပ်ချက်ရှိ၍ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်တွင် ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါရှိရမည့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ဈေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

           (၁၄-၂-၂၀၂၂)နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ဦးဆောင်ပြီး ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး၊ မွေး/ကု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ (စစ်တွေခရိုင်ဦးစီးမှူး) ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ပေါ် ရပ်ကွက်ရှိ စတိုးဆိုင်များ၊ ဈေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

         ကွင်းဆင်းစစ်ဆေးရခြင်း၏ ရည်ရွယ်ချက်မှာ ဈေးကွက်အတွင်း အသင့်စားအသားချောင်း၊ အသားလုံး၊ အသားပြားများ၊ငါးအသားချောင်းနှင့် ပင်လယ်စာချောင်းအမျိုးမျိုးတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်ရယူထားခြင်းမရှိဘဲ နယ်စပ်ဒေသမှ တရားမဝင် ဝင်ရောက်လာပြီး ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေကြောင်း‌တွေ့ရှိရသည့်အတွက် ၎င်းအစားအသောက်များအား စားသုံးမိသည့် ကလေးသူငယ်များကို အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဆိုးကျိုးများဖြစ်ပေါ်နေသည့်အတွက် စားသုံးသူမိဘပြည်သူများဆင်ခြင်သတိပြု ရှောင်ရှားနိုင်ကြရန်နှင့် ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ စတိုး/ဈေးဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ရာ ဆိုင် (၄)ဆိုင်တွင် စားသုံးရန်မသင့်သည့် အသင့်စား အသားချောင်း၊ အသားလုံးနှင့် အသားပြားများရောင်းချ‌နေကြောင်းတွေ့ရှိရသည့်အတွက် FDA မှ ရောင်းချသူများအား ဤအသင့်စား အသားချောင်း၊ အသားလုံးနှင့်အသားပြားများသည် စားသုံးသူများအား အသက်အန္တရာယ် ထိခိုက်စေနိုင်သည့်အတွက် ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဆက်လက်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက ရောင်းဝယ်ဖောက်ကားသူများအား အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခြင်းနှင့် သတိပေးတားမြစ်ခြင်း စားသုံးသူရေးရာဦးစီးဌာနမှလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသည့် ကုန်ပစ္စည်းများအား ရောင်းချပါက ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စားသုံးရန်မသင့်သည့် ထိုင်းစာသားအမှတ်တံဆိပ်ပါ အသားချောင်း၊ အသားလုံး၊ အသားပြား ပစ္စည်းအမျိုးအမည်(၂၀)မျိုး အရေအတွက်(၆၆)ထုပ် အားပူးပေါင်းအဖွဲ့မှ သိမ်းဆည်းခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၁၀.၂.၂၀၂၂ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီတွင် ဝါးခယ်မ မြို့နယ်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောမုန့်များ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိကို စိစစ်ဆောင်ရွက်ပြီး မုန့်ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ဥပဒေပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အထူးစျေးနှုန်းဖြင့်ရောင်းချသော စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦး‌အောင်သိန်း ဦးဆောင်၍ ပြည်တွင်းတာဝန်ခံဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်အဖွဲ့သည် (၉.၂.၂၀၂၂) ရက်နေ့တွင် လက်ပံတန်းမြို့နယ် DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ သတ်မှတ်ထားသော စက်သုံးဆီခွဲတမ်းများ၊ သတ်မှတ်အရည်အသွေးမပြည့်မှီသော ကုန်စည်များအား အမျိုးအစားတူကုန်စည်နှင့် ရောနှောရောင်းချခြင်းမပြုရန်နှင့် စျေးနှုန်းများ အရည်အသွေးများ အချိန်အတွယ်ပမာဏများအတိုင်း မှန်ကန်ပြည့်စုံစွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံဦးမြင့်သူသည် တောင်ငူမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၈ ရက်နေ့က တောင်ငူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ထားသောဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောင်းချရေးတို့ကို စစ်ဆေးကြည့်ရှုပြီး ဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပါသည်။

          စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူ စိတ်ကျေနပ်မှုရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရေးလုပ်ငန်းရှင်များအား မှာကြားခဲ့ပြီး ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၂၀ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)   

တောင်ငူမြို့နယ်အတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချသော စက်သုံးဆီဆိုင်များအား ကွင်းဆင်းစိစစ်

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် တောင်ငူမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ တောင်ငူမြို့နယ်အတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချသည့် စက်သုံးဆီဆိုင်များသို့ ကွင်းဆင်း၍ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် တောင်ငူမြို့ရှိ Regency စက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ နံနက် ၁၁:၃၀ နာရီတွင် တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန် လမ်းရှိ Nilar Yoma စက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း ရောက်ရှိပြီး ဈေးနှုန်းနှင့် အချင်အတွယ်မှန်ကန်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူးက စက်သုံးဆီဈေးနှုန်း မြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချကြရန် သက်ဆိုင်ရာဆိုင်တာဝန်ခံများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး / ထုတ်လုံ တာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကန်ရိုးကျေးရွာရှိ ကာယဗလဆီစက်နှင့် အမှတ် ၁၈ ရပ်ကွက်ရှိ ဝင်းဆီစက်များသို့ သွား ရောက်၍ ဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများကို လေ့လာပြီး သိရှိလိုသည်များကို မေးမြန်းရာ ဆီစက်ပိုင်ရှင်များက ရှင်းလင်းဖြေကြားပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး အမှတ်တံဆိပ်ဖြင့် ရောင်းချဖြန့်ဖြူးသည့် စားသုံးဆီများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန် အကြံပြုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်းအတွင်း လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေစက်တုံးကရိယာမောင်းနှင်သရုပ်ပြ

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်း၌ အမှတ် ၅၈ စက်မှုလယ်ယာစခန်းက ပြုလုပ်သည့် လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေစက်တုံးကရိယာ မောင်းနှင်သရုပ်ပြပွဲသို့ တက်ရောက်လေ့လာခဲ့ပါသည်။

                အဆိုပါသရုပ်ပြမောင်းနှင်ပွဲသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမိုးထက်နှင့် ရေတာရှည်မြို့နယ်မှ တာဝန်ရှိသူများတက်ရောက်ပြီး စက်မှုလယ်ယာဦးစီးဌာန တောင်ငူခရိုင် ဦးစီးမှူးဦးအောင်သိန်းလွင်က စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း စီမံကိန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးဦးသန်းဦးက စက်ကရိယာနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

          ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၄.၉ သန်းဖြင့် ဆောင်ရွက်လျှက်ရှိပြီး နွေစပါးအတွက် လုပ်ငန်းလျာထားချက်မရှိသေးသော်လည်း စီမံကိန်းဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ