Main menu

HighLight News

Powered by Drupal

ကုန်စုံဆိုင်များသို့ ဆပ်ပြာခဲ၏ ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာ၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းနှင့်ဝန်ထမ်းများသည် ဗန်းမော်မြို့အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား၁၉.၄.၂၀၂၂ ရက်နေ့ နှင့် ၂၀.၄.၂၀၂၂ ရက်နေ့များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သောအလေးချိန် ကိုက်ညီမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်း နှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

သနပ်ပင်မြို့နယ်ရှိ စက်ဆီ ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊  သနပ်ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေသည် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်းအ‌ရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်း အတုအပများ ‌ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် သနပ်ပင်မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ရောင်းချမည့် စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ‌ရောင်းချမည် ဆိုပါက စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ရောင်းချကြရန် ၊ သတ်မှတ် အရည်အသွေး ပြည့်မီသော ကုန်ပစ္စည်းများသာ ရောင်းချကြရန် ၊ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း ၊ ထုတ်လုပ် ၊ ဖြန့်ဖြူး‌ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အတုအပပြုလုပ်ခြင်း ၊ စျေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ညောင်တုန်းမြို့နယ် တပေကုလားကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

             ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈.၄.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) မှ (၁၁၃၀) နာရီအချိန်ထိ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ညောင်တုန်းမြို့နယ် တပေကုလားကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားကို အစီအစဉ် (၅)ရပ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအစီအစဉ်အရ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာပြီးနောက် အစီအစဉ်(၂)အရ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

        ဆက်လက်၍ အခမ်းအနာအစီအစဉ်အရ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှ ဈေးကွက်အတွင်း ရောင်းချနိုင်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပြည်တွင်း ကုန်သွယ်ရေးလုပ်ငန်းများအကြောင်းကို ဟောပြောပြီး တက်ရောက်လာသူ ကျေးရွာပြည်သူ/ပြည်သား (၅၀)ဦးအနက် သိရှိလို၍ ပြန်လည် မေးမြန်းမှုများကို အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးဟောပြောခဲ့ပြီး လက်လမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီစျေးနှုန်းများ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများကြောင့် ၁၉.၄.၂၀၂၂ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်ဦးစီးမှူးနှင့်အဖွဲ့များသည် မိမိတို့ခရိုင်အတွင်း စက်သုံးဆီဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ ဆီအဝင်မရှိ၍လည်းကောင်း၊ ရန်ကုန်မှ စက်သုံးဆီများဝယ်ယူ၍ မရခြင်းကြောင့်လည်းကောင်း ၊ လက်ကျန် ကျန်ရှိနေသော စက်သုံးဆီများအား ထိန်း၍ရောင်းနေရခြင်း၊ ‌ရောင်းချမှုအား အိမ်စီးကား ၊ ကုန်တင်ကား ၊ ခရီးသွားကားများ ၊ မော်တော်ဆိုင်ကယ်များအား ရောင်းချပေးလျက်ရှိပြီး တစ်ဦး /တစ်စီးလျှင် (၅၀၀၀၀) ကျပ်ဖိုး ၊ အများဆုံးငွေကျပ် (၁၀၀၀၀၀)ကျပ်ဖိုးထက် ပိုမို‌ရောင်းချ၍ မပြုခြင်း၊ ပုံးဆွဲ ၊ ပီပါဆွဲများဖြင့် ဝယ်ယူမှုကို ရောင်းချပေးခြင်းမရှိခြင်း ၊ အချို့ဆီဆိုင်များတွင် အချိန်ကန့်သတ်၍ ရောင်းချခြင်း ၊ ဆီဆိုင်များအနေဖြင့် ပုံမှန်အတိုင်းရောင်းချပါက ပြတ်လပ်မှုမရှိနိုင်သော်လည်း ကောလဟာလ သတင်းများကြောင့် ယခင်ထက်ပိုမိုဝယ်ယူသည့် ပမာဏများပြားပြီး ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ စက်သုံးဆီ ကုမ္ပဏီများမှ ဝယ်ယူရရှိမှုပေါ် အခြေခံ၍ စက်သုံးဆီလုံလောက်စွာ ဖြန့်ဖြူး‌ရောင်းချနိုင်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပြည်တွင်းဆန်ဈေးကွက်၏ အခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

               ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ (၇)ရပ်ကွက်ရှိ ကျော်ဇေယျာထွန်း ဆန်စက်အား (၇.၄.၂၀၂၂) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကျော်ဇေယျာထွန်း ဆန်စက်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှ ဈေးကွက်အတွင်း ရောင်းချနိုင်မှုရှိစေရေးနှင့် ညောင်တုန်းမြို့နယ်၏ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) ကျင်းပပြုလုပ်

        ပဲခူးတိုင်းဒေသကြီ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဧပြီလ ၄ ရက်နေ့ ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးပြုလုပ်ခဲ့ရာ  ဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၄) ဦးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၅) ဦးတက်ရောက်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဉက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ပြဌာန်းထားသောနည်းဉပဒေဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူသတင်းကွန်ယက်ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ချက်များအား ကော်မတီအဖွဲ့ဝင်များသို့ တင်ပြ၍ ကော်မတီ၏ဆုံးဖြတ်ချက်၊ အတည်ပြုချက်၊ အကြံပြုချက်များပေးနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

မအူပင်မြို့ မတ်ပဲဈေးကွက် အရောင်းအဝယ် သွက်

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် သိုက်ကုန်းလမ်းရှိ ထွန်းသူဇာ မတ်ပဲရောင်းဝယ်ရေးလုပ်ငန်းသို့ (၁၈.၄.၂၀၂၂) နေ့ နံနက်ပိုင်း(၁၁၀၀)နာရီချိန်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ထွန်းသူဇာမတ်ပဲ ပွဲရုံပိုင်ရှင် ဦးသန်းထွန်းနှင့် တွေ့ဆုံ၍ မတ်ပဲဈေးကွက်အခြေအနေများ၊ ယနေ့ မတ်ပဲဈေးနှုန်းအနေဖြင့် ၄၈၅၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း တစ်နေ့လျှင် မတ်ပဲတင်း (၁၅၀၀)တင်းခန့် လာရောက်ရောင်းချလျှက်ရှိကြောင်းနှင့် မတ်ပဲစိုက်တောင်သူများ ဈေးအနည်းငယ် ပိုမိုရရှိသဖြင့် တွက်ခြေကိုင်မှုအခြေအနေများကို မအူပင်မြို့နယ် တာဝန်ခံ ဦးအောင်ဇော်ဦးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် လိုအပ်သညိများနှင့် SME လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းအခြေအနေများကို အသေးစိတ် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

               ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၄.၂၀၂၂) နေ့ နံနက်ပိုင်းတွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်မှုတွင် စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များအား မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးက အသင့်စားအစားအစာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်နှင့် ဝတ္တရားများအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကြို့ပင်ကောက်မြို့နယ် ကြို့ပင်ဝိုင်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပျဉ်တောင်တွင်းအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတတ်‌ရေး သင်တန်းအား (၂၀.၄.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စိုက်ပျိုးရေးဌာန ၊ မွေး/ကုဌာန၊ မြေစာရင်းဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တက်ရောက်လာသူ တောင်သူ (၃၄) ဦးအား စားသုံးသူရေးရာဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်အေးအေးမွန်မှ စားသုံးသူကာကွယ်ရေးဉပ‌ဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။

          တက်ရောက်လာသူများအနေဖြင့် ဈေးကွက်အတွင်းဝယ်ယူသုံးစွဲသော ကုန်စည်များအပေါ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှ ရွေးချယ်ဝယ်ယူတတ်စေရန် မြန်မာနိုင်ငံစားသုံးသူကော်မရှင်မှ သတ်မှတ်ထားသော ကုန်စည်(၉)မျိုးအား နမူနာထား၍ ရှင်းလင်းဆွေးနွေး‌ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ပါသည်။

          ‌ဟောပြောပွဲအပြီးတွင် ကျေးရွာအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်ကိုလည်း ရာအိမ်မှူးလိုက်ပါပြီး ရောင်းချနေသောမုန့်များတွင် သတ်မှတ်ထားသောအချက်များပြည့်စုံစွာ ပါရှိမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေး အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မြောင်းမြမြို့၊ စားသုံးရန်မသင့်သည့်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးကော်မတီနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန်မသင့် ထုတ်ပြန်ထားသော အသားလုံး၊ အသားချောင်းများအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိသည့် အသားလုံး၊ အသားချောင်း (၂၁) မျိုးအား မြောင်းမြမြို့နယ်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ  စားသုံးရန်မသင့်ဟု ကြေငြာထားသော အသားလုံး၊ အသားချောင်း  ရောင်းချသော အရောင်းဆိုင် (၃) ဆိုင်မှ ပစ္စည်းအမျိုးအစား(၃) မျိုး၊ အရေအတွက် (၆)ခု အား အဖွဲ့ဖြင့် သိမ်းဆည်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်းအတွင်း မြေမြုပ်ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။

           အလားတူ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန်မသင့် ထုတ်ပြန်ထားသောအသားလုံး၊ အသားချောင်း (၂၁)မျိုးအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းလည်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News