Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပြောင်းသီးနှံ ထုတ်လုပ်မှု၊ စျေးနှုန်း၊ စျေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

             စိုက်ပျိုးထုတ်လုပ်မှု။   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ 2019 ခုနှစ်၊ မိုးအစေ့ထုတ်ပြောင်း စိုက်ဧက (၁၁၀၉၉၃၁)စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (၁၁၀၀၂၄၇)၊ အထွက်နှုန်း(၆၂.၅၄)တင်း ဖြစ်သည့်အတွက် အထွက်တင်း(၆၈၈၀၈၄၃၅)တင်း ဖြစ်ပါသည်။ ဆောင်း အစေ့ထုတ်ပြောင်း စိုက်ဧက(174111) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (173883)၊ အထွက်နှုန်း (69.30)တင်း ဖြစ်သည့်အတွက် အထွက်တင်း (12050873)တင်း ထွက်ရှိခဲ့ပါသည်။ 2020 ခုနှစ်တွင် မိုးအစေ့ထုတ် ပြောင်း စိုက်ဧက (1191937) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (1142220)၊ အထွက်နှုန်း (61.50) တင်း ဖြစ်သည့်အတွက် အထွက်တင်း (70251164) တင်းထွက်ရှိခဲ့သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စိုက်ဧက (8200၆) ပိုမိုစိုက်ပျိုးခဲ့ပြီး အထွက်တင်း (1442729) ပိုမိုထွက်ရှိခဲ့ပါသည်။ ဆောင်း အစေ့ထုတ်ပြောင်း ရည်မှန်းစိုက်ဧက (183854) စိုက်ပျိုးမည်ဖြစ်ပြီး ယခုအချိန်ထိ (148629) ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

        ပြည်ပတင်ပို့နိုင်မှု။  2020-2021 ဘဏ္ဍာနှစ် (1.10.2020 မှ ၂၅.12.2020) ရက်နေ့ထိ နိုင်ငံပေါင်း (7)နိုင်ငံသို့ ပြောင်းတန်ချိန် (၁၆၉၈၃၅.၀၅၀)တန်၊ တန်ဖိုး(၃၁.၆၀၃) USD သန်း တင်ပို့ခဲ့ ပြီး၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ အများဆုံး တင်ပို့နေရကြောင်း သိရှိရပါသည်။ ယခင်နှစ် အလားတူကာလတွင် ပြောင်းတန်ချိန် (၁၇၅၁၃၃.၄၇၆)တန်၊ တန်ဖိုးအားဖြင့် (၂၉.၆၇၁)သန်း တင်ပို့ခဲ့ သဖြင့် ယခင်နှစ်ထက် တန်ချိန် (၅၂၉၈.၄၂၆)တန်၊ တန်ဖိုး(၁.၉၃၂) USD သန်း လျော့နည်းနေကြောင်း တွေ့ရှိရပါသည်။

        စျေးနှုန်း စျေးကွက် အခြေအနေ။ အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချနေသည့် မြို့ကြီးများ၏ ယခုလက်ရှိပြောင်း တစ်တန်စျေးနှုန်းမှာ ရန်ကုန်တွင် (၂၈၇၈0ဝိ /-) ကျပ်၊ မန္တလေးတွင် (2၅၅30ဝိ/-)ကျပ်၊ တောင်ကြီးတွင် (22350ဝိ/-)ကျပ်နှင့် လားရှိုူးတွင်(22040ဝိ/-) ကျပ် စျေးရှိ၍ ယခင်နှစ်အလားတူကာလ၌ ရန်ကုန်တွင် (28470ဝိ/-)ကျပ်၊ မန္တလေးတွင်(24370ဝိ/-) ကျပ်၊ တောင်ကြီးတွင် (22960ဝိ/-)ကျပ်နှင့် လားရှိုူးတွင် (21430ဝိ/-)ကျပ်ရှိသဖြင့် ယခင်နှစ်ထက် ရန်ကုန်တွင် (3၁0ဝိ/-)ကျပ်၊ မန္တလေးတွင် (1160ဝိ/-)ကျပ်နှင့် လားရှိုူးတွင် (610ဝိ/-)ကျပ် စျေးနှုန်း မြင့်တက်ခဲ့ပြီး၊ တောင်ကြီးတွင် (610ဝိ/-)ကျပ် စျေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

        2020-2021 ခုနှစ်တွင် ပြောင်းအထွက်နှုန်း ပိုမိုလာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ရာသီဥတုအခြေအနေနှင့် ပိုးဖျက်ဆီးခံရခြင်းများကြောင့် 10 ရာခိုင်နှုန်းမှ 15 ရာခိုင်နှုန်းကြား အထွက် လျော့ကျသွားနိုင်ပါကြောင်း၊ 2021  ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင်လည်း ထိုင်းနိုင်ငံသို့ အခွန်ကင်း လွတ်ခွင့်နှင့် ပြောင်းများတင်ပို့ရာတွင် ပြည်တွင်း၌ ပြောင်းထွက်ရှိမှု၊ စားသုံးမှုအပေါ် မူတည်၍ တင်ပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။

 

 

ဆန်၊ ဆန်ကွဲ ထုတ်လုပ်မှု၊ ဈေးနှုန်း၊ဈေးကွက် အခြေအနေလေ့လာသုံးသပ်တင်ပြခြင်း

၁။      စိုက်ပျိုးထုတ်လုပ်မှု။             စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်း အရ  ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ဧက (၁၄၉၂၆၇၁၀) စိုက်ပျိုးထားရှိခဲ့ရာ ၃၀.၁၁.၂၀၂၀ ရက်နေ့ အထိ (၈၀၄၇၆၀၀)ဧက ၊ ရာခိုင်နှုန်းအားဖြင့်(၅၃.၉၁% )ရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကပျမ်းမျှ အထွက်နှုန်း(၇၄.၂၅)တင်းဖြင့်  စပါးတင်းပေါင်း (၅၉၇၅၀၃၂၀၉) တင်း ထွက်ရှိနေပြီဖြစ်ပါသည်။ ထွက်ရှိသည့် စပါးတင်းများအား သုံးစွဲမှုစပါးတင်း (မျိုး၊ အလေအလွင့်) နှုတ်ပါယ်ပါက စပါးတင်း (၅၄၉၇၂၄၆၉၃)ခန့်ကျန်ရှိပါသည်။

၂။       ပြည်ပတင်ပို့နိုင်မှု။                ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁.၁၀.၂၀၂၀ မှ ၁၈.၁၂.၂၀၂၀ ) ရက်နေ့ထိ နိုင်ငံပေါင်း(၂၈)နိုင်ငံသို့ ဆန်တန်ချိန် (၃၄၅၅၉၇)၊ တန်ဘိုး(၁၃၈.၁၆၁) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ပိုလန်၊ ဗီယက်နမ်နိုင်ငံများသို့ အများဆုံးတင်ပို့နေ ရကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်အလားတူကာလတွင် ဆန်တန်ချိန် (၅၄၇၆၃၉)၊ တန်ဘိုး (၁၆၄.၁၆၅) USD သန်း တင်ပို့ခဲ့သဖြင့် ယခင်နှစ်ထက် ဆန်တန်ချိန် (၂၀၂၀၄၂)၊ တန်ဘိုး (၂၆.၀၀၄) USD သန်း လျော့နည်းတင်ပို့ခဲ့ပါသည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် (၁.၁၀.၂၀၂၀ မှ ၁၈.၁၂.၂၀၂၀ )ရက်နေ့ထိ နိုင်ငံပေါင်း(၁၇)နိုင်ငံသို့ တန်ချိန်(၁၇၅၂၈၇)၊ တန်ဘိုး (၅၈.၃၇၂) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ ဘယ်ဂျီယံ၊ ထိုင်း၊ အင်ဒိုနီးရှား၊ နယ်သာလန်နိုင်ငံများသို့ အများဆုံးတင်ပို့နေရကြောင်း တွေ့ရှိရပါ သည်။ ယခင်နှစ်အလားတူကာလတွင် ဆန်ကွဲတန်ချိန် (၂၇၀၀၇၀)၊ တန်ဘိုး(၇၀.၂၃၁) USDသန်း တင်ပို့ခဲ့ သဖြင့် ယခင်နှစ်ထက် ဆန်ကွဲတန်ချိန် (၉၄၇၈၂)၊ တန်ဘိုး (၁၁.၈၅၉) USDသန်းလျော့နည်း တင်ပို့ခဲ့ ပါသည်။

ဈေးနှုန်း၊ဈေးကွက်အခြေအနေ

၃။      စပါး၊ ဆန် အဓိက စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချနေသည့် မြို့ကြီးများ၏ စပါးဈေးနှုန်းမှာ (၄၆)ပေါင်ကိုက် တင်း(၁၀၀)လျှင် ပုသိမ်တွင် ၆၄၄၀၀ဝိ/-၊ ပဲခူးတွင် ၆၁၆၀၀ဝိ/-၊ ရန်ကုန်(သန်လျင်) တွင် ၆၀၄၀၀ဝိ/-ကျပ် ဈေးရှိ၍  ယခင်နှစ်ထက် ပုသိမ်တွင် ၁၆၆၀၀ဝိ/-၊ ပဲခူးတွင် ၁၁၆၀၀ဝိ/-၊ ရန်ကုန် (သန်လျင်)တွင် ၁၂၄၀၀ဝိ/-ကျပ် မြင့်တက်နေ ကြောင်းတွေ့ရှိရပါသည်။ ဧည့်မထဆန် တစ်အိတ် ဈေးနှုန်းမှာ ပုသိမ်တွင် ၂၅၀၀ဝိ/-၊ ပဲခူးတွင် ၂၄၀၀ဝိ/-၊ ရန်ကုန်(သန်လျင်)တွင် ၂၃၅၀ဝိ/-ကျပ် ဈေးရှိ၍  ယခင်နှစ်ထက် ပုသိမ်တွင် ၆၀၀ဝိ/-၊ ပဲခူးတွင် ၆၀၀ဝိ/-၊ ရန်ကုန်(သန်လျင်)တွင် ၆၅၀ဝိ/-ကျပ် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ဆန်ကွဲတစ်အိတ်ဈေးမှာ ပုသိမ်တွင် (A1 Extra ) ၁၉၈၀ဝိ/-၊ (B 1,2 ) ၁၈၅၀ဝိ/-၊ ( B 2,3,4) ၁၈၀၀ဝိ/-ကျပ်၊  ပဲခူးတွင် (A1 Extra ) ၂၂၀၀ဝိ/-မှ ၂၂၅၀ဝိ/- ၊ (B 1,2 ) ၁၉၅၀ဝိ/-မှ ၂၀၀၀ဝိ/-၊ ( B 2,3,4) ၁၈၀၀ဝိ/-မှ ၁၈၅၀ဝိ/-၊ ရန်ကုန်(ဝါးတန်း)တွင်  (B 1,2 ) ၁၉၇၀ဝိ/-၊ ( B 2,3,4)၁၈၇၀ဝိ/-ကျပ်ဈေးရှိ ပြီး ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်နေကြောင်း သိရပါသည်။

၄။      ယခုနှစ် မိုးစပါးရာသီတွင် စတင်စိုက်ပျိုးချိန်၌ မိုးရေလုံလောက်စွာမရရှိခြင်း၊ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးခဲ့သဖြင့် အထွက်နှုန်းလျော့နည်းနိုင်ခြင်း၊ တရုတ်နိုင်ငံမှ ဆန်၊ ဆန်ကွဲဝယ်လိုအားမြင့်တက်မှုကြောင့် ဆန်ထွက်ပစ္စည်းဈေးပိုမိုရရှိ၍ ကြိတ်ခွဲမှုတွက်ခြေကိုက်သဖြင့် စပါးရရှိရေး မန္တလေး၊ မတ္တရာဖက်မှ ကုန်သည်များ နယ်ဆင်းဝယ်ယူမှုရှိနေခြင်း၊ ဒေသခံကုန်များ ဈေးပေးဝယ်ယူမှုကြောင့် စပါး၊ ဆန်ဈေး ယခင်နှစ်ထက် မြင့်တက်ကြောင်း သိရပါသည်။

၅။      ပြည်တွင်းစပါးဈေး၊ ဆန်ဈေးမြင့် တက်နေသဖြင့် နိုင်ငံတကာဈေးကွက်တွင် အိန္ဒိယနိုင်ငံနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိ၍ ယခုအချိန်ထိ အာဖရိက ဈေးကွက်ဝယ်လိုအား တက်လာခြင်းမရှိ ကြောင်းသိရပါသည်။ သို့သော် တရုတ်နိုင်ငံသည် ရေကြီးရေလျှံမုန်တိုင်းဒဏ်ခံခဲ့ရ၍ ဆန်စပါးအများ အပြားပျက်စီးကာ အထွက်နှုန်းများစွာလျော့၍ လိုအပ်ချက်မြင့်မားနေသည့်အတွက် မဖြစ်မနေ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ ဝယ်ယူရမည့် အခြေအနေတွင်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည်လည်း နိုဝင်ဘာလကုန်ဝန်းကျင်က မုန်တိုင်းဒဏ်ခံခဲ့ရ သဖြင့် ပြည်နယ်တစ်ခုထဲပင် စပါးဟက်တာ (၆.၅၉)သန်းကျော် ပျက်စီးခဲ့ပြီး ပြည်နယ်(၁၈)ခုထိခိုက်မှု ခဲ့၍ ဆန်ဈေးနှုန်းမြင့်တက်လျှက်ရှိရာ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်မှု အရေအတွက်အကန့်အသတ်ရှိလာနိုင်ကြောင်း သိရပါသည်။ ပြည်တွင်းထုတ်လုပ်မှုအားနည်းချိန် ပြည်ပတင်ပို့မှု နည်း ခြင်းက ဈေးကွက်မျှခြေတစ်ခုဖြစ်လာကြောင်း ဆန်ကုန်သည်များအသိုင်းအဝန်းမှ သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် ကုန်သည်လက်ဝယ်၌ ကြက်သွန်နီ သိုလှောင်ထားရှိနိုင်မှုပမာဏအား အစိုးရက လျော့ချကန့်သတ်ခြင်း

         ပြည်တွင်းလက်လီ‌ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ရာ သိုလှောင်ဈေးကစားမှုများအား တားဆီးနိုင်ရန်အတွက် ကုန်သည်များလက်ဝယ်၌ သိုလှောင်ထားရှိနိုင်မည့် ကြက်သွန်နီပမာဏအား ကန့်သတ်ခြင်းကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း၌ အိန္ဒိယအစိုးရက ဆောင်ရွက်ခဲ့ပါသည်။ လက်လီရောင်းချသူများ၏ ကြက်သွန်နီလက်ဝယ်ထားရှိနိုင်မှုကို ၁၀ တန် မှ ၅ တန်သို့ လည်းကောင်း၊ လက်ကားရောင်းချသူများ၏ သိုလှောင်နိုင်မှုကို တန် ၅၀ မှ ၂၅ တန် သို့လည်းကောင်း လျော့ချသတ်မှတ်ခဲ့သည်။ သို့ရာတွင် ဈေးနှုန်းများ ဆက်လက်မြင့်တက်မှုရှိနေသဖြင့် လက်လီရောင်းချသူများအနေဖြင့် ၎င်းတို့လက်ဝယ်တွင် ကြက်သွန်နီ ၂ တန် ထက် ပိုမိုသိုလှောင်ခြင်းမပြုရန် အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန မှ ဒီဇင်ဘာလ ဒုတိယပတ်၌ ညွှန်ကြားချက် ထပ်မံထုတ်ပြန်ခဲ့သည်။

       ယခုနှစ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကြက်သွန်စိုက်ခင်းများ ထိခိုက်ပျက်စီးမှုရှိပြီး ထုတ်လုပ်မှုလျော့ကျလျက် ရောင်းလိုအားနည်းပါးခြင်းက လွန်ခဲ့သော ၂ လတာအတွင်း ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အစိုးရ၏ စာရင်းများအရ ၉.၁၂.၂၀၁၉ ရက်နေ့တွင် ကြက်သွန်နီ လက်လီအမြင့်ဆုံးဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁၆၅ ရူပီးရှိပြီး နိုင်ငံအတွင်း ပျမ်းမျှလက်လီဈေးနှုန်းမှာ ရူပီးငွေ ၁၀၀ ခန့် ရှိသည်။ အရည်အသွေးမြင့်သည့် ကြက်သွန်နီကို သုံးစွဲလေ့ရှိသော အိန္ဒိယနိုင်ငံတောင်ပိုင်း မဟာရတ္ထရပြည်နယ် Solapur မြို့တွင် ကြက်သွန်နီထိပ်စ လက်လီဈေးမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၂၀၀ အထိ ဈေးမြင့်တက်လျက်ရှိသည်။

         ပြည်တွင်း၌ အဓိကစားသုံးကုန်တစ်ရပ်ဖြစ်သော ကြက်သွန်နီလိုအပ်ချက် မြင့်တက်နေမှုအပေါ် ပြည်ပမှ ကြက်သွန်နီ ၁.၂ သိန်း တင်သွင်းဖြည့်ဆည်းနိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်ရန် အိန္ဒိယအစိုးရက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော သတ္တုနှင့်တွင်းထွက်ပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်း (MMTC) သို့ ညွှန်ကြားထားပါသည်။ လက်ရှိကာလတွင် တူရကီနှင့် အီဂျစ်နိုင်ငံတို့မှ ကြက်သွန်နီတန်ချိန် ၂၁၀၀၀ တင်သွင်းရန် စာချုပ်ချုပ်ဆိုထားရှိပြီးဖြစ်သည်။ Bussiness Standard သတင်းဌာန၏ ဖော်ပြချက်အရ တမီနာဒူးပြည်နယ် Tiruchi ဆိပ်ကမ်းမြို့၌ အီဂျစ်နိုင်ငံမှ တင်ပို့သော ကြက်သွန်နီတန်ချိန် ၃၀ လက်ခံရရှိပြီး ဈေးကွက်သို့ ဖြန့်ဖြူးခဲ့ရာ လက်လီဈေးနှုန်းအားဖြင့် ၁ ကီလိုလျှင် ရူပီး ၁၀၀ သို့ လျော့ချနိုင်ခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် ပြည်ပမှတင်သွင်းလာမည့် ကြက်သွန်နီများမှာ ပြည်တွင်းဈေးကွက်အတွင်းသို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ လလယ်ပိုင်းခန့်မှသာ အပြည့်အဝရောက်ရှိ ဖြန့်ဖြူးနိုင်ဖွယ်ရှိပြီး အိန္ဒိယနိုင်ငံအတွင်း ကြက်သွန်နီလိုအပ်ချက်မှာ ဒီဇင်ဘာလ စတုတ္ထပတ်အထိ မြင့်တက်လျက်ရှိနေဦးမည်ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုလျက်ရှိသည်။

နေအေးလွင်
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. Govt further caps stock limit on onion retailers to 2 tons to check hoarding, 9 Dec 2019, Economic Times

                   2. The tear-jerker: Onion prices cross Rs 200/kg, 7 Dec 2019, Economic Times

                   3. Government orders import of 4000 tonnes onions, 4 Dec 2019, Economic Times

                   4. Onion prices come down in Tamil Nadu after 30 tonnes import form Egypt, 10 Dec 2019, Bussiness Standard

လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မုံရွာမြို့နယ်အသင်းနှင့် မုံရွာခရိုင်အသင်း ဖွဲ့စည်းပြီး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ သြဂုတ်လ(၂၇)ရက်နေ့က မုံရွာမြို့၊ မြို့နယ်လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မုံရွာခရိုင်လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့်လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူတောင်သူ/လုပ်ငန်းရှင်များ စုစုပေါင်း(၆၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြည်ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ပေါင်းစပ်၍ နိုင်ငံခြားစျေးကွက်ရရှိရေး၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ လျှော်ဖြူအသင်/ လျှော်ဖြူအစုအဖွဲ့များအား တရားဝင်လမ်းကြောင်း မှတင်ပို့ရောင်းချနိုင်ရေး စည်းရုံးဆောင်ရွက်နေပြီး၊ ပြည်တွင်းထုတ်လုပ်မှု၊ သုံးစွဲမှု၊ ပိုလျှံမှုကို တွက်ချက်ပြီး Social Network ၊ သတင်း Media များမှ ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ခြင်း၊ နိုင်ငံတကာ လျှော်ဖြူအစေးစျေးနှုန်းသတင်းများအား ထုတ်ပြန်ကြေငြာဆောင်ရွက်သွားရန် ရည်ရွယ်၍ လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းအသင်းဖွဲ့စည်းရန် ရည်မှန်းထား သဖြင့် မြို့နယ်အသင်းများနှင့် ခရိုင်းအသင်းများကို ဦးစွာဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          လျှော်ဖြူစေးသည် စက်မှုထွန်းကားသည့် နိုင်ငံများအားလုံးက ဝယ်လိုအားရှိနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ လျှော်ဖြူစေးကို စက်မှုကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်း၊ ပရဆေး၊ ပုံနှိပ်လုပ်ငန်းများ၊ အထည်အလိပ် လုပ်ငန်းစသည့်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသည့်အတွက် နှစ်စဉ်ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်/ထိုင်းနိုင်ငံများ၏ ဝယ်လိုအားမြင့်တက်လာသည့် ကုန်ပစ္စည်းတစ်ခုဖြစ်ပါကြောင်း၊ မုံရွာမြို့နယ်အသင်း ကို ယခုအခမ်းအနားသို့ တက်ရောက်လာကြသော မုံရွာမြို့နယ်အတွင်း လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများနှင့် ဦးစွာဖွဲ့စည်းမည်ဖြစ်ပြီး၊ ဆက်လက်၍ မုံရွာခရိုင်အသင်းကို မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် မြို့နယ်များမှ တက်ရောက်လာကြသူများနှင့် ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အသင်း ဖွဲ့စည်းပြီးလျှင်လည်း ရပ်တန့်မနေဘဲ၊ နံရံပေါ်အသင်း/စာရွက်ပေါ်ရှိအသင်းမျိုးမဖြစ်စေလိုဘဲ စည်းစည်းလုံးလုံး ညီညွတ်သည့်အသင်း/ ခိုင်မာတောင့်တင်းသည့်အသင်းအဖြစ်ရပ်တည်ကာ ပြည်တွင်း/ပြည်ပပြပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို အသင်းကိုယ်စားပြုတက်​ရောက်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ဗဟုသုတများ မျှဝေသွားကြစေလိုအကြောင်း၊ အသင်းသားများအနေဖြင့်လည်း အသင်းတိုးတက်ရာ တိုးတက်ကြောင်းကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ ပါသည်။စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းလျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကိုလည်း စက်တင်ဘာ လတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။    

                                                                                သန်းသန်းတင်( မုံရွာ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ