Main menu

တနင်္သာရီတိုင်းဒေသကြီး၏ ပြည်ပဝင်ငွေရှာဖွေ ပေးနေသည့် ဇီဝဇိုးငှက်သိုက်

Powered by Drupal

ဇီဝဇိုးငှက်သိုက်

            တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံတောင်ဘက်ဆုံးတွင် တည်ရှိ သည့် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပါသည်။ သဘာဝသယံဇာတများတွင် ထူးခြားသည့် ထွက်ကုန်များ ထွက်ရှိ ရာ ဒေသလည်းဖြစ်ပြီး ထိုအထဲတွင် မြန်မာနိုင်ငံတောင်ဘက်စွန်းဒေသ ကျောက်တောင်များတွင် ထွက်ရှိသည့် ဇီဝဇိုးငှက်၏အန်ဖက်(သို့မဟုတ်)ငှက်သိုက်သည် ဆေးဖက်ဝင်ထူးခြားသည့် ထွက်ကုန်တစ်မျိုးဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌သာ အဓိကထွက်ရှိပါသည်။

ဇီဝဇိုးငှက်၏ နေထိုင်မှုသဘာဝ

            ဇီဝဇိုးငှက်သည်လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့၌ ကျောက်ဆောင်လှိုင်ဂူများ အကြားတွင် အုပ်စုဖွဲ့၍ တစ်အုပ်စုလျှင် ထောင်ပေါင်းများစွာ နေထိုင်ကြပါသည်။ မြေပြင်တွင် ကျက်စားလေ့မရှိဘဲ ဝေဟင်နှင့်ပင်လယ်ရေပြင်အထက်လျင်မြန်စွာပျံသန်းစဉ် တောင်ပံပါ အင်းဆက်များကို ဖမ်းယူစားသောက် ကြပါသည်။ တစ်နှစ်လျှင်(၂) ကြိမ် ဥ ပြီး တစ်မြုံလျှင် ဥ နှစ်လုံး ပါရှိကာအထီးတစ်ကောင် အမ တစ်ကောင် ပေါက်လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။

ဇီဝဇိုးငှက်သိုက်ထွက်ရှိရာဒေသ

          တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ် ကျွန်းစု၊ ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့ နယ်ရှိ ရေအေး၊ ကျွန်းစု၊ ဘုတ်ပြင်းမြို့ရှိ ပုလုတ် ကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်ကျွန်းစုများမှာ အဓိကထွက်ရှိပြီး ယင်း ကျွန်းစုများအနက် မလိကျွန်းမှ ငှက်သိုက် အများ ဆုံး ရရှိကြောင်း လေ့လာသိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

ဒေသထွက်ဇီဝဇိုးငှက်သိုက်အနုတစ်ပိဿာလျှင် ကျပ် (၂၆၀၀၀၀၀) မှ ကျပ် (၃၀၀၀၀၀၀) နှင့် အကြမ်းတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀၀၀)မှ (၁၃၀၀၀၀၀) ထိရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အတွင်း ထွက်ရှိသော ဘဘာဝငှက်သိုက်များကို တရုတ်နိုင်ငံ၊ မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများ ဆုံးဝယ်ယူကြောင်းနှင့် ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် ထိုင်း-မြန်မာနယ်စပ်ရနောင်းမှတဆင့် တင်ပို့ပြီး အချို့ကို အမျိုးအစားအရည်အသွေးခွဲခြား၍ ဒေသတွင်းနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း သိရှိရပါ သည်။ ရန်ကုန်သို့ ရောက်ရှိလာသောငှက်သိုက်များကို ကုန်သည်များက သန့်စင်မှုများ၊ ထုတ်ပိုးမှု များ ပြုလုပ်ကာ မလေးရှားနိုင်ငံသို့လည်းကောင်း၊ မန္တလေးမှတဆင့် တရုတ်နိုင်ငံသို့လည်းကောင်း ဆက်လက် တင်ပို့ရောင်းချ ကြောင်းသိရှိရပါသည်။ ယခုအခါ Covid-19 ရောဂါဖြစ်ပွားမှုကြောင့် ပြည်ပသို့ တင်ပို့ နိုင်ခြင်းမရှိဘဲ ဒေသတွင်းသုံးစွဲမှုသာ ရှိကြောင်းသိရှိရပါသည်။

 သုံးသပ်ချက်

          သဘာဝငှက်သိုက်သည် အရှေ့တောင်အာရှတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက တရုတ်တိုင်းရင်းဆေးအဖြစ် နာမည်ကြီးလာခဲပါသည်။ ယခုအခါ သဘာဝငှက်သိုက်များရှားပါးလာ သည့်အတွက် လူတို့ဖန်တီးသော ဇီဝဇိုးငှက်များနေထိုင်ရာ ငှက်အိမ်များတိုးချဲ့တည်ဆောက်ပြီး သန့်စင်မှုများ၊ စနစ်တကျထုပ်ပိုးမှုများပြုလုပ်၍ ရောင်းချပါက ဈေးကောင်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးခြင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွက်လည်း ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။