
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရသည်။
ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (တတိယပတ်)ပတ်တွင် ခရမ်းချဉ်သီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ပုပ္ပါးသီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသ တွင်းခရမ်းချဉ် စိုက်ပျိုးထားရှိသော စိုက်ခင်းများမှ ခရမ်းချဉ်သီး ထွက်ရှိမှုနည်း၍ဈေးကွက်သို့ ကုန်ဝင် ရောက်မှုနည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ခရမ်းချဉ်သီး ဈေးကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ပခုက္ကူမြို့ကုန်စိမ်း သီးနှံ ရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)
