Main menu

မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

           အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် သတ်မှတ်ထုတ်ပြန်ထားသည့် Covid -19 ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ  မုံရွာကုန်စည်ဒိုင် ဥက္ကဌနှင့် အဖွဲ့၊ တိုင်းဒေသကြီးရေသန့်အသင်းဥက္ကဌနှင့်အဖွဲ့၊ တိုင်းမုန့်လုပ်ငန်းရှင်အသင်း ဥက္ကဌနှင့်အဖွဲ့၊ တိုင်းဆီစက် အသင်းဥက္ကဌ၊ မုံရွာခရိုင် စားသောက်ကုန်အသင်း၊ ရေချမ်းဆေးဆိုင်နှင့် မုံရွာမြို့ပေါ်ရှိ ဆေးဆိုင် ပိုင်ရှင်များ မြနဂါးစတိုးနှင့်  မုံရွာမြို့ပေါ်ရှိ  စတိုးဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ပါသည်။

         ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်က ထုတ်ပြန်ထားသည့် ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်ရရှိရေးနှင့် စဉ်ဆက်မပြတ် တိုးတက်စေရေး ကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ထောက်ခံချက်များကို လုပ်ငန်းရှင်များ၏ ထင်သာမြင်သာရှိတဲ့ နေရာတွင် ချိတ်ဆွဲထားရန်လိုအပ် ကြောင်း၊  အရေးကြီးကုန်စည်များကို ကုန်ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ ဖြန့်ဖြူးခြင်းနှင့်ရောင်းချခြင်းတို့ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

       အဆိုပါ ဆွေးနွေးပွဲသို့  တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြန်လည် ဆွေးနွေးခဲ့ရာ မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များအနေဖြင့်  လမ်းဘေးဆိုင်များတွင်သာ Mask  ဈေးနှုန်းယာယီတက်ခဲ့ပြီး ယခုအချိန်တွင် ဈေးနှုန်းများ ပြန်လည်ကျဈေးဖြင့်ရောင်းချနေ ပါကြောင်း၊ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို တိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ရှင်းလင်း  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန