Main menu

စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း/ အမှုထမ်းများနှင့် စစ်ဆေးရေးအရာရှိများအား ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် နည်းဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦရဲထွဋ်နိုင် ဦးဆောင်သော အဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၁) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်ဆွေးနွေးပွဲနှင့် တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း/ အမှုထမ်းများ၊ စစ်ဆေးရေးအရာရှိများကို စားသုံးသူကာကွယ်ရေးနည်းဥပဒေ (မူကြမ်း) အား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မနက်ပိုင်းနှင့် နေ့လည်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ရေသန့်လုပ်ငန်းရှင်များအသင်း၊ လက်လီရောင်းချသူများအသင်း၊ ဒေသတွင်း မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်းများ၊ ကုန်သည်ကြီးများအသင်း၊ ဆီစက်နှင့် လက်လီရောင်းချသူများ၊ တင်သွင်း/ ထုတ်လုပ်/ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များ စုစုပေါင်း (၉၀)ဦးခန့်နှင့် သတင်းမီဒီယာများ၊ အရာထမ်း/အမှုထမ်းများ/ စစ်ဆေးရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

     ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလို စီးပွားရေးလုပ်ငန်းရှင်များ စုံညီစွာ တက်ရောက်လာကြတဲ့အတွက် အထူး ကျေးဇူးတင်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်နှင့်အဖွဲ့က တိုင်းဒေသကြီးအလိုက် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်း အမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအား သိရှိအောင် လာရောက်ဆွေးနွေး ပေးနေခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသစ်နှင့် ပတ်သက်၍ အခန်းအားလုံးသည် ဥပဒေထွက်ရှိသည့်နေ့မှစ၍ အကျုံးဝင်သော်လည်း အခန်း (၁၈)၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ မှုနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်မှစ၍ စတင်အာဏာသက်ရောက်မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး သိရှိလိုက်နာနိုင်ရေး လာရောက်ဆွေးနွေးပေးတာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အလွန်အကျိုးရှိပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ရေသန့်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ မုန့်လုပ်ငန်းရှင်များ၏ ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပတ်သက်၍ တိုင်းမှ စိစစ်ပြီး ရုံးချုပ်သို့ အတည်ပြု ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်နေ့တွင် World Consumer Rights Days အခမ်းအနားကို The Sutainable Consumer (စားသုံးသူအရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေး) ဆောင်ပုဒ်ဖြင့် မိမိတို့ တိုင်း/ခရိုင်/မြို့နယ်အလိုက် အများပြည်သူသွားလာလှုပ်ရှားသည့် လမ်းမများ တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ သီချင်းများဖွင့်ခြင်း၊စားသုံးသူအခွင့်အရေးနှင့်ကာကွယ်ရေး ဆိုင်ရာ ဗီနိုင်း၊ ပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီဒီယာကမ်ပိန်းများကို တစ်ပြိုင်နက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းဖြင့် စားသုံးသူများဘက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်စည်များအပေါ်တွင် စိတ်ချယုံကြည်မှုများတိုးလာစေပြီး လုပ်ငန်းရှင်များဘက်မှလည်း မိမိတို့၏ ထုတ်ကုန်တန်ဖိုးများ မြင့်တက်လာစေမည်ဖြစ်သည့်အတွက် အကျိုးရှိလာစေမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်နေ့ နောက်ပိုင်း မြန်မာလိုဖော်ပြရမည့်ကိစ္စမှာ လုပ်ငန်းရှင် အခက်အခဲများစွာရှိမည်ကို သိရှိပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းရှင်များ၏ အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းပေးရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မတ်လ(၁၆)ရက် နောက်ပိုင်း ဈေးကွက်တွင် စစ်ဆေးသွားမည့် အခြေအနေတွေကိုလည်း လုပ်ငန်းရှင်များကို အကြမ်းဖျင်းရှင်းလင်းတင်ပြလိုပါကြောင်း၊ ကုန်စည်များတွင် မြန်မာလိုဖော်ပြရန်နှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွင် မြန်မာစာသားဖြင့် ဖော်ပြလာရေး စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာစာသားဖြင့် ဖော်ပြရေး စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီမှ ၂၀၁၈ တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ (၆)လ အချိန်ပေးခဲ့ပါကြောင်း၊ အမိန့်ကြော်ငြာစာမထုတ်ခင် လုပ်ငန်းရှင်များ၏ အခက်အခဲကို သိ၍ (၃)လ ကြိုတင်၍ ကုန်စည်များတွင် မြန်မာစာသားဖြင့် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းကို နိုင်ငံပိုင် သတင်းစာများမှ အသိပေးခဲ့ပါကြောင်း၊ ဗဟိုကော်မတီမှ မြန်မာလိုဖော်ပြရမည့် ရက်ကိုသတ်မှတ် ပေးဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တို့အား တဖြည်းဖြည်းစောင့်ဆိုင်းပေးနေရာမှ ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဘက်မှာ တရုတ်မှလာသည့် ခွေးကျွေးသည့် ဇူကာဗင်အားဆေးကို ကျောင်းမုန့်ဈေး တန်းတွင် ရောင်းချလျက်ရှိရာ မိမိတို့လို စစ်ဆေးသည့် ဌာနဆိုင်ရာများပင် နိုင်ငံခြားဘာသာဖြင့် ဖော်ပြထားသည့်အတွက် မသိရှိသော်လည်း နားလည်သည့် ကျောင်းသားမိဘတစ်ဦးမှ ခွေးကျွေး သည့် အားဆေးကို ကလေးများ စားသုံးနေရသည်ဟု တိုင်ကြားမှုများရှိလာသည့်အတွက် ဌာနဆိုင်ရာ များဖြင့် သွားရောက်စစ်ဆေးရာ ၎င်းတို့ဘာသာဖြင့် ခွေးများစားသုံးရန်အတွက်ဟု ရေးသားထား သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကုန်စည်များတွင် မြန်မာစာသားဖြင့် ထည့်သွင်းဖော်ပြရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ရပါကြောင်း၊ ထိုအတောအတွင်း လွှတ်တော်တွင် ဥပဒေကို ပြင်ဆင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ဥပဒေရေးဆွဲရာတွင် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဖိတ်ကြား၍ ချပြရှင်းလင်းဆောင်ရွက်ခဲ့ရာ ပြည်တွင်းထုတ်လုပ်သည့် လုပ်ငန်းရှင်များမှ (၆)လအတွင်း မြန်မာ စားသားဖြင့် ထည့်သွင်းနိုင်ရေး ဆောင်ရွက်နိုင်သော်လည်း နိုင်ငံခြားမှ တင်သွင်းသည့် ကုန်စည်များ မှာ အဆင်သင့်မဖြစ်သည့်အတွက် ဥပဒေထုတ်ပြန်ပြီး ထပ်မံ၍ အချိန်(၁)နှစ်ပေးခဲ့ပါကြောင်း၊ သတင်းမီဒီယာများမှတဆင့် အားလုံးသိရှိအောင်ကြော်ငြာခဲ့သော်လည်း အားလုံးကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်ရေး ရှေးဦးစွာ ကုန်စည်အုပ်စုအလိုက် ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ စားသုံးသူသိရှိအောင် ဆောင်ရွက်တာဖြစ်သည့်အတွက် အရောင်သတ်မှတ်ချက်၊ ဖောင့်ဆိုဒ် သတ်မှတ်ချက်မရှိပါကြောင်း၊ နိုင်ငံခြားမှတင်သွင်းသည့် ကုန်စည်များတွင် မြန်မာစာသားဖြင့် ဖော်ပြလာရေး စတစ်ကာပဲကပ်ကပ်၊ ပန်းဖလက်ပဲပေးပေး၊ လက်ကမ်းစာစောင်နဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်ခွင့်ပြုပါကြောင်း၊ ဥပမာ- ရေသန့် ဆိုလျှင် FDA မှ အင်္ဂလိပ်စာသားဖြင့် ဖော်ပြရေးခွင့်ပြုထားသော်လည်း စားသုံးသူကာကွယ်ရေး ဥပဒေအရ မြန်မာလိုလည်း ထပ်မံဖော်ပြရမှာဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၊ ပုဒ်မ ၄၁ (ခ)နှင့် (ဆ)မှာ မြန်မာလို မဖြစ်မနေ ဖော်ပြရမည့် အချက်တွေဖြစ်ပြီး ၎င်းတို့ အနက်မှ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေး ချက်တို့မှ မဖြစ်မနေထည့်ရမည့် အချက်များကို  ကုန်စည်အုပ်စုအလိုက် စားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြေညာပေးထားပါကြောင်း၊ စားသုံးသူဘက်မှ တိုင်ကြားမှု ရှိလာရင်တော့ လုပ်ငန်းရှင်ဘက်မှာ ဖြေရှင်းရမည့်တာဝန်ရှိပါကြောင်း၊ ပြစ်မှုပြစ်ဒဏ်အရ အမြင့်ဆုံး ထောင်ဒဏ် (၂)နှစ်၊ ငွေသိန်း (၂၀၀)ထက်မပိုသော ငွေဒဏ်ဟုပါသော်လည်း တရားရုံးမှ ချမှတ်သည့်အတိုင်း လိုက်နာရမှာဖြစ်ကြောင်း၊ ဌာနအနေဖြင့် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်လို့ ရသော် လည်း နောက်တစ်ဆင့်မှာ ရဲအရေးပိုင်ဖြစ်၍ အမှုဖွင့်ပါက တရားရုံးမှ ကိုင်တွယ်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အခက်အခဲရှိပါက မိမိတို့ဌာန၏ E-mail, Website နှင့် မိုဘိုင်းဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်မှာ အလွန်နီးကပ် လာပြီဖြစ်သည့် အတွက် အခက်အခဲ တွေ့ရှိရင် ဌာနကို တင်ပြဆွေးနွေးလို့ရပါကြောင်း၊ ပထမအဆင့် အနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ၌ မြန်မာစာသားများ ထည့်သွင်း လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အတိုင်း မှန်ကန်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စတစ်ကာကပ်ဖို့ကိုလည်း အချို့ကုန်စည်တွေကိုကပ်ဖို့ ခွင့်ပြုနိုင်သော်လည်း အချို့ကုန်စည်တွေကို ခွင့်မပြုနိုင်တာတွေလည်း ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နောက်ပိုင်းမှာလည်း ကုန်စည်အားလုံးကို ချက်ချင်း အရေးယူသွားတာမျိုးမဟုတ်ဘဲ ကုန်ပစ္စည်း အမယ်တစ်မျိုးချင်းအလိုက် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သတ်မှတ်ပေးထားသည့် ကုန်ပစ္စည်း အမယ်တစ်မျိုး (သို့) နှစ်မျိုးကို ဈေးကွက်မှ စတင်ဖယ်ရှား သွားမှာဖြစ်ကြောင်း၊ ဥပဒေအသစ်မှာ ဥပဒေပါ အခန်းအားလုံးသည် ဥပဒေစတင်ပြဌာန်းသည့်နေ့မှ အာဏာတည်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်းသည့် ဥပဒေအခန်း(၁၈)မှာ ဥပဒေ ပြဌာန်းပြီး တစ်နှစ်ပြည့်မြောက်မှသာ အာဏာတည်မည်ဟု သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန် ထားသည့်အတွက် မြန်မာစာသားဖြင့် ဖော်ပြလာရေး ထပ်မံ၍ ရက်တိုးပေး၍ရမည်မဟုတ် ပါကြောင်း၊ လုပ်ငန်းရှင်တို့အနေဖြင့်လည်း သိလိုသမျှ ပွင့်လင်းစွာ မေးမြန်းနိုင်ပါကြောင်း ဆွေးနွေး ခဲ့ပါသည်။

            ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ လက်လီအသင်းအဖွဲ့အစည်း များ၊ သတင်းမီဒီယာများမှ သိလိုသည်များ မေးမြန်းမှုအပေါ် အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပါကြောင်း သိရှိရပါသည်။ နေ့လည်ပိုင်းတွင် အရာထမ်း/ အမှုထမ်းနှင့် စစ်ဆေးရေးအရာရှိများကို စားသုံးသူကာကွယ် ရေးနည်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်မှ  လည်းကောင်း၊ ဈေးကွက်စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်ကေဇင်ယုမှလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်မှလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန