Languages

Main menu

“စားသုံးသူအရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေး”ဟူသော ဆောင်ပုဒ်ဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေးလှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝှမ်း၌ကျင်းပ

Powered by Drupal

 

         ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့တွင် “စားသုံးသူအရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေး” ဟူသော ဆောင်ပုဒ် ဖြင့် အသိပညာပေးလှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးစိုက်ရာ မြို့ကြီးများနှင့် ခရိုင်ဦးစီးမှူးရုံးစိုက်ရာ မြို့ကြီး အချို့တွင် (၁၅.၃.၂၀၂၀)နေ့က တပြိုင်တည်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ပေးလျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ၎င်းတို့၏နစ်နာမှုများကို စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ဖြစ်ပါသည်။

          အသိပညာပေးလှုပ်ရှားမှုများဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများ၊ ဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်း အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သောအချက်များအား ပြည်သူအများစု တွေ့မြင်နိုင်မည့်နေရာများတွင် ဗီနိုင်းပိုစတာများဖြင့်ပြသခြင်း၊ ပြည်သူများထံသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

         ထို့အပြင် “ကုန်စည်လုံခြုံစိတ်ချရမှုအစ၊ ကုန်အညွှန်းအမှတ်အသားက”ဟူသော မီဒီယာကမ်ပိန်းကိုလည်း (၁၅.၃.၂၀၂၀)နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ခဲ့ရာ မီဒီယာများနှင့် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ လူမှုကွန်ယက်စာမျက်နှာများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်သော အသိပညာပေးရုပ်သံဇာတ်လမ်းတိုအား ဖော်ပြခဲ့ပါသည်။ အသိပညာပေးရုပ်သံဇာတ်လမ်းတိုအား စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများက စိတ်ဝင်တစားလေ့လာကြည့်ရှုကြပါသည်။ ဖော်ပြပါမီဒီယာကမ်ပိန်းအား (၁၅.၃.၂၀၂၀)နေ့မှစ၍ (၂၇.၄.၂၀၂၀)နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးတို့၏ လူမှုကွန်ယက်စာမျက်နှာများ(Facebook Page)တွင် အသိပညာပေး Post များ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ITQM – DOCA