Main menu

ဟိုက်ဒြိုဂျင်ဆိုင်ယနိုက်ပါဝင်မှုများသော ထောပတ်ပဲနှင့် ပဲတောက်ခြင်း(ခေါ်) အစာဆိပ်သင့်ခြင်းအကြောင်း

Powered by Drupal
Mon, 01/16/2023 - 11:58 -- consumer_admin

       မြန်မာ့လယ်ယာထွက်ကုန်သီးနှံများထဲတွင် ပဲမျိုးစုံသီးနှံမှာ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပသို့ တင်ပို့ရောင်းချရသည့်အတွက် ပြည်ပဝင်ငွေရရှိသော သီးနှံများဖြစ်ပါသည်။ အဆိုပါ ပဲများထဲတွင် ထောပတ်ပဲသီးနှံသည်လည်း ပြည်တွင်းစားသုံးမှုသာမက ပြည်ပဝင်ငွေရှာဖွေပေးနိုင်သော အရေးပါသည့် လယ်ယာထွက်ကုန်သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ ထောပတ်ပဲ၏ ရုက္ခဗေဒအမည်မှာ Phaseolus Lunatus ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Butter Bean, Lima bean ဟု ခေါ်ဝေါ်ကြပါသည်။

     မြန်မာနိုင်ငံတွင် ထောပတ်ပဲသီးနှံအား မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ အအေးဓါတ်လွန်ကဲသောတောင်ပေါ်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများ၌ စိုက်ပျိုးကာ မတ်လတွင် ရိတ်သိမ်းလေ့ရှိပြီး မြေပြန့်ဒေသများတွင် ဩဂုတ်လ၊ စက်တင်ဘာလများ၌ စိုက်ပျိုးကြကာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြကြောင်းသိရှိရပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ထောပတ်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲသီးနှံများလောက် စိုက်ပျိုးမှုဧကမများဘဲ ဧက (၂)ထောင်ကျော်သာ စိုက်ပျိုးကြပါသည်။ ယခုကာလတွင် ဆောင်းပဲသစ်များဈေးကွက်သို့ ဝင်ရောက်မှုရှိလာသည့်အတွက် ထောပတ်ပဲသီးနှံသည်လည်း ပဲသစ်များဈေးကွက်အတွင်း ဝင်ရောက်လာခဲ့ကာ ပဲသစ်ဈေးတစ်တင်းလျှင် ၅၀၀၀၀ ကျပ်ဖြင့် မတ်ပဲသီးနှံနီးပါးဈေးရသလို ပဲတီစိမ်းသီးနှံထက်ပင် ဈေးပိုကောင်းနေကြောင်းသိရှိရပါသည်။

စားသုံးမှုနှင့်ပါဝင်သောအာဟာရဓါတ်များ

      ထောပတ်ပဲသီးနှံအား စားသုံးမှုအနေဖြင့် ပဲကိုပြုတ်၍ဖြစ်စေ၊ ရေစိမ်၍ထောင်းပြီး ဘယာကြော်အဖြစ် ကြော်၍ဖြစ်စေ စားသုံးမှုများရှိကြပါသည်။ ထောပတ်ပဲအပါအဝင် ပဲအများစုကို ပရိုတိန်းအရင်းအမြစ် (sources of protein) အဖြစ်စားသုံးကြပါသည်။ ထောပတ်ပဲတွင် ပါဝင်သောအာဟာရဓါတ်များအနေဖြင့် ရေဓါတ် ၁၁%၊ အသားဓါတ် (protein) ၁၉.၇%၊ အဆီဓါတ် (Fat) ၁.၈၇%၊ အမျှင်ဓါတ် (Fiber) ၄.၄%၊ ပြာဓါတ် (Ash) ၃.၄% ၊ ကစီဓါတ် (Carbohydrate) ၆၄.၈%၊ အင်အားဓါတ် (Colorie) ၃၄.၁% ပါဝင်မှုရှိကြောင်း ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားရှိပါသည်။ ပရိုတိန်း(အသားဓါတ်)ရှိသောပဲများကို ချက်ပြုတ်စားသုံးရာတွင် ပဲတောက်ခြင်း (သို့) အစာအဆိပ်သင့်ခြင်းများကို ဖြစ်ပေါ်စေတတ်သဖြင့် အထူးဂရုပြု၍ ချက်ပြုတ်စားသောက်ကြရန် လိုအပ်ပါသည်။ ယခုအခါ ပဲသီးနှံများတွင် စိုက်ပျိုးစဉ်မှ ရိတ်သိမ်းချိန်နှင့် လှောင်ချိန်အထိ အသီးအပွင့်ကောင်းဆေးများနှင့် ပိုးသတ်ဆေးစသည်တို့ကို သုံးစွဲလျက်ရှိကြရာ စားသုံးရာ၌ ဆေးကြွင်းများကင်းဝေးအောင် ပဲကိုမချက်ပြုတ်မီ ရေတစ်ညစိမ်ခြင်း၊ စိမ်ထားသောရေများကို သွန်ပြီး အထပ်ထပ်ဆေးကြောခြင်းများပြုလုပ်ပြီးမှ ချက်ပြုတ်စားသောက်ခြင်းဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းများ လျော့နည်းစေနိုင်မည်ဖြစ်ပါသည်။ ထောပတ်ပဲအပါအဝင် ဟိုက်ဒြိုဂျင်ဆိုင်ယနိုက်ပါဝင်မှုများသော ပဲအချို့အား စားသုံးမိသဖြင့် အဆိပ်အတောက်ဖြစ်ရပါသည်(အရပ်အခေါ် ပဲတောက်သည်) ဟုသိရှိကြပြီး ပဲတောက်ရခြင်း၏အကြောင်းရင်းကိုမူ သေချာမသိရှိကြပါ။ အဆိုပါပဲများတွင် သဘာဝအလျောက်ပါဝင်သော cyanogenetic glucoside သည် ပဲတောက်ရခြင်းအကြောင်းရင်း၏ အဓိကအချက်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

         ထောပတ်ပဲအပါအဝင် ပဲမျိုးစုံသီးနှံများတွင် HCN (ဟိုက်ဒြိုဂျင်ဆိုင်ယနိုက်)သည် သဘာဝအလျောက်ပါဝင်လေ့ရှိတတ်ပြီး ထောပတ်ပဲ၊ ပဲဖြူကလေး၊ စွန်တာနီ၊ စွန်တာပြာပဲများတွင် ဟိုက်ဒြိုဂျင်ဆိုင်ယနိုက်ပါဝင်မှုမှာ အခြားသောပဲများထက် များသောကြောင့် အဆိုပါပဲများတွင် ဟိုက်ဒြိုဂျင်ဆိုင်ယနိုက်ပါဝင်မှုပမာဏမှာ ပဲ ၁၀၀ ဂရမ် တွင် အမြင့်ဆုံးပါဝင်မှု ၇၀.၈၉ ဂရမ်နှင့်  အနိမ့်ဆုံး ပါဝင်မှုပမာဏမှာ ၁၅.၃၁ ဂရမ်ပါဝင်ကြောင်း ရုက္ခဗေဒနည်းဖြင့် ခွဲခြားထားသော ပဲမျိုးစုံ Species အလိုက်သိရှိရပါသည်။ HCN (ဟိုက်ဒြိုဂျင်ဆိုင်ယနိုက်) ၏ အဆိပ်ဓါတ်သည် ဆေးမမီလောက်သည့် အဆိပ်ပြင်းအမျိုးအစားဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ရှိ အစိုဓါတ်နှင့် ပူးပေါင်းမိရာမှ အင်ဇိုင်းဖြင့် ရေသွင်းဓါတ်ဖြိုခွဲခြင်းဖြစ်စဉ်ကြောင့် HCN  ပိုမိုထွက်ရှိလာပြီး ကြာရှည်စွာသိုလှောင်ခြင်း၊ မကြာခဏကိုင်တွယ်ရွေ့ပြောင်းခြင်းတို့ကြောင့် ပွန်းပဲ့ထိခိုက်ခြင်း၊ ပိုမွှားဖျက်ဆီးခြင်းတို့ကြောင့်လည်း HCN ပါဝင်မှုမြင့်တက်ရကြောင်း သုတေသနပြုချက်များတွင် ဖော်ပြထားရှိသည်ကို တွေ့ရှိရပါသည်။ ဆိုင်ယနိုက်အဆိပ်ဓာတ်ပါဝင်သောအစားအစာများကို စားမိပါက သွေးလည်ပတ်မှုစနစ်၌ သွေးတွင်းရှိ ဟေမိုဂလိုဘင်ဓါတ်သည် အောက်စီဂျင်ဓါတ်အစား ဆိုင်ယနိုက်အဆိပ်ကို သယ်ဆောင်သွား၍ တစ်သျှူးများအနေဖြင့် အောက်စီဂျင်ပြတ်လတ်မှုဖြစ်ကာ အသက်ရှူမရတော့ဘဲ သေဆုံးသည်အထိဖြစ်တတ်ပါသည်။ ထောပတ်ပဲတွင်သာမက မျှစ်၊ ပီလောပီနံ စသည့် အစားအစာများစားသုံးမိရာမှ အော့အန်ခြင်း၊ မူးခြင်း၊ ဝမ်းသွားခြင်း စသည့် အစာအဆိပ်သင့်ခြင်းဖြစ်ရသည်တို့မှာလည်း HCN ပါဝင်မှုအနည်းအများကြောင့် ဖြစ်ရသည်ဟု သိရှိရပါသည်။

       မြန်မာ့စွယ်စုံကျမ်း၌ ဆိုင်ယနိုက်နှင့်ပတ်သက်၍ ဖော်ပြထားရှိမှုတွင် အလွန်အသုံးဝင်သလောက် အဆိပ်အလွန်ပြင်းထန်မှုရှိကြောင်း၊ လက်အိတ် စသည့်အကာအကွယ်များမပါဘဲ မကိုင်တွယ်သင့်ကြောင်း၊ သတ္တုရည်စိမ်ခြင်း၊ ဆေးဆိုးခြင်း၊ ရွှေသန့်ထုတ်ယူခြင်း၊ ဓာတ်ပုံလုပ်ငန်း၊ ပိုးသတ်ခြင်းလုပ်ငန်းများတွင် သုံးစွဲကြကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် ပိုတက်ဆီယမ်ဆိုင်ယနိုက်အနည်းငယ်အား အဝတ်စတွင်ဆွတ်၍ နကျယ်အိမ်အပေါက်ဝတွင် ပိတ်ဆို့ထားပါက အတွင်းရှိ နကျယ်ကောင်များနှင့်တကွ အပြင်ဘက်မှ ပြန်ဝင်လာသော နကျယ်ကောင်များပါ သေဆုံးကြကြောင်း ဆိုင်ယာနိုက်၏ အဆိပ်ပြင်းထန်ပုံကို ဖော်ပြထားပါသည်။

        ပဲများတွင်သာမက သစ်သီးဝလံ၊ သစ်ဥ၊ သစ်ဖုများဖြစ်သော ချယ်ရီသီး၊ မက်မုံသီး၊ ဆီးသီးအဆန်၊ ဗန်ဒါစေ့၊ ကန်စွန်းဥ၊ မျောက်ဥ၊ ပီလောပီနံ၊ မျှစ်စသည်တို့တွင်လည်းကောင်း၊ နှံစားပြောင်း၊ လူးဆပ်၊ ကြံ စသောသီးနှံများတွင်လည်းကောင်း၊ သံပုရာသီး၊ ရှောက်သီး၊ ပန်းသီး၊ သစ်တော်သီး စသည့်သစ်သီးများတွင်လည်းကောင်း ပါဝင်နိုင်ကြောင်းလည်း သိရှိရပါသည်။

     ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သီးနှံများကုန်သွယ်မှု၊ ရောင်းဝယ်မှုများပြုလုပ်ကြရာ၌ အမျိုးအစားအလိုက် စံချိန်စံညွှန်းသတ်မှတ်၍ ရောင်းဝယ်လျက်ရှိကြရာ အဆိုပါ ဟိုက်ဒြိုဂျင်ဆိုင်ယာနိုက်ပါဝင်မှုသည်လည်း အရေးကြီးသော စံချိန်စံညွှန်းတစ်ရပ်အဖြစ် အထူးဂရုပြုသင့်ပါသည်။  ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရလျက်ရှိသောကြောင့် စံချိန်စံညွှန်းနှင့်ကိုက်ညီသော၊ အရည်အသွေးကောင်းပြီး ရောင်းပန်းလှသော ပြည်ပဈေးကွက်အကြိုက်ဖြစ်သော မြန်မာ့ထောပတ်ပဲသီးနှံများ ပိုမိုတိုးတက်အောင် ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစားသုံးမှု ဖူလှုံရုံသာမက ပြည်ပဝင်ငွေပါ တိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားရပါသည်။

DOCA(ပဲခူး)