Main menu

ကန်စွန်းဥ၏ အာဟာရတန်ဖိုး၊ စိုက်ပျိုးထုတ်လုပ်မှု နှင့်ဈေးကွက်အခြေအနေများ

Powered by Drupal

       ကန်စွန်းဥသည် မြန်မာနိုင်ငံတွင် လူအများနေ့စဉ်စားသုံးကြသော အမြစ်စား သီးနှံတစ်မျိုး ဖြစ်သည်။ ကန်စွန်းဥကို မြေကြီးအတွင်းတွင် ကြီးထွားလာသော အမြစ်ပိုင်းကို အဓိကစားသုံးကြပြီး အမျိုးအစားအလိုက် အခွံအရောင်နှင့် အသားအရောင်များ ကွဲပြားကြသည်။ အဖြူရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်နှင့် ခရမ်းရောင်တို့ရှိပြီး အရသာနှင့် ကန်စွန်းဥအသားအနူးအညံ့လည်း အနည်းငယ်ကွာခြားကြသည်။ ကန်စွန်းဥသည် စိုက်ပျိုးရန် အလွန်ခက်ခဲသော သီးနှံမဟုတ်ဘဲ ရာသီဥတုနှင့်မြေအမျိုးအစားကိုသင့်တင့်စွာရွေးချယ်နိုင်ပါကကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင် သည်။ ထို့ကြောင့် တောင်သူများအတွက်လည်း အရေးပါသော စားသုံးသီးနှံတစ်မျိုး ဖြစ်လာခဲ့သည်။

        ကန်စွန်းဥတွင် လူတို့၏ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များစွာ ပါဝင်သည်။ အထူးသဖြင့်ကာဗွန်ဟိုက်ဒရိတ်၊အမျှင်ဓာတ်၊ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် စွမ်းအင်ရရှိစေသည်။ ကန်စွန်းဥတွင် အမျှင်ဓာတ်ပါဝင်သည့်အတွက် အစာချေဖျက်မှုကို အထောက်အကူပြုနိုင်ပြီးဝမ်းလည်းမှန်စေပါသည်။လိမ္မော်ရောင်ကန်စွန်းဥများတွင်ဘီတာကာရိုတင်း ပါဝင်မှုကောင်းမွန်ပြီး ခန္ဓာကိုယ်အတွင်း ဗီတာမင်အေဖြစ်ပေါ်စေသောကြောင့် မျက်စိနှင့်ကိုယ်ခံအား စနစ်အတွက် အထောက်အကူပြုနိုင်သည်။ သို့သော် မည်သည့်အစားအစာမဆို အလွန်အကျွံ စားသုံး ခြင်းထက် မျှတစွာ စားသုံးသင့်ပါသည်။

        ကန်စွန်းဥကို စားသုံးရာတွင်လည်း နည်းလမ်းအမျိုးမျိုးရှိသည်။ အလွယ်ဆုံးနည်းမှာ ရေဖြင့် ပြုတ်၍ စားသုံးခြင်းဖြစ်သည်။ ထို့အပြင် မီးဖုတ်၍ စားနိုင်သကဲ့သို့ ကြော်၍လည်း စားနိုင်သည်။ ကန်စွန်းဥ ကိုပြုတ်စားခြင်းသည် ဆီအသုံးပြုမှုနည်းသောကြောင့် ရိုးရှင်းပြီး ကျန်းမာရေးနှင့် ပိုမိုသင့်လျော်သော စားသုံးနည်းတစ်ခုဖြစ်သည်။ အချို့ဒေသများတွင် ကန်စွန်းဥကို အချိုပွဲ ပြုလုပ်ရာတွင်လည်း အသုံးပြုကြပြီး ကန်စွန်းဥမုန့်၊ ကန်စွန်းဥကြော်၊ ကန်စွန်းဥပြုတ်နှင့် အခြား အစားအစာများအဖြစ် ပြုပြင်စားသုံးကြသည် ။ ထို့ကြောင့် ကန်စွန်းဥသည် အာဟာရရရှိ စေသည့်အပြင် အစားအစာအမျိုးမျိုး ပြုလုပ်နိုင်သော သီးနှံတစ်မျိုးလည်းဖြစ်သည်။

          ကန်စွန်းဥကို စိုက်ပျိုးရာတွင် မြေသားပေါ့ပါးပြီး ရေစီးဆင်းမှုကောင်းသော မြေမျိုးသည် သင့်တော်သည်။ မြေတွင် ရေကြာရှည်စွာတင်နေပါက အမြစ်များပုပ်နိုင်သောကြောင့် ရေမဝပ်စေရန် ဂရုစိုက်ရသည်။ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပြီး ပေါင်းမြက် ရှင်းလင်းခြင်း၊ မြေဩဇာပေးခြင်းနှင့် ရောဂါပိုးမွှားများကို စောင့်ကြည့်ထိန်းချုပ်ခြင်းတို့ ပြုလုပ်ပေးရသည်။ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ပါက အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများ အတွက် ဝင်ငွေ ရရှိစေသော သီးနှံတစ်မျိုး ဖြစ်နိုင်သည်။

         ကန်စွန်းဥ၏ ဈေးနှုန်းသည် ရာသီအလိုက်၊ ဒေသအလိုက်နှင့် အရည်အသွေးအလိုက် ကွာခြား နိုင်သည်။ ပြင်ဦးလွင်မြို့ဈေးကွက်တွင် ကန်စွန်းဥကို လက်ကား တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ် လက်လီတစ်ပိဿာလျှင် ၄,၀၀၀ကျပ်မှ ၄,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါ သည်။ ကန်စွန်းဥ၏ အရွယ်အစား၊ အမျိုးအစား၊ လတ်ဆတ်မှုနှင့် ဝယ်ယူသည့်နေရာတို့အပေါ် မူတည်၍လည်း ဈေးနှုန်း ကွာခြားနိုင်ပါသည်။

      ကန်စွန်းဥဝယ်ယူရာတွင်လည်း အရည်အသွေးကောင်းမွန်သော ဥများကို ရွေးချယ်သင့်သည်။ အလွန်ပျော့နေသော၊ ပုပ်နေသော၊ မှိုတက်နေသော သို့မဟုတ် အနံ့မကောင်းသော ကန်စွန်းဥများကို မဝယ်ယူသင့်ပါ။ အပြင်ခွံတွင် အနာအဆာများလွန်းခြင်းမရှိဘဲ တင်းတင်းရင်းရင်းရှိသော ဥများကို ရွေးချယ်ခြင်းကပိုမိုကောင်းမွန်သည်။အိမ်တွင်သိမ်းဆည်းရာတွင်လည်းအစိုဓာတ်များသောနေရာထက် ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိသင့်သည်။ ရေခဲသေတ္တာထဲတွင် အချိန် ကြာမြင့်စွာ ထည့်သိမ်းခြင်းထက် သင့်လျော်သော အပူချိန်ရှိသည့် ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းခြင်းက ပိုမိုသင့်တော်သည်။

       အချုပ်အားဖြင့် ကန်စွန်းဥသည် စားသုံးရလွယ်ကူပြီး အာဟာရတန်ဖိုးလည်းရှိသည့် သီးနှံ တစ်မျိုးဖြစ်သည်။လူတို့အတွက်အစားအစာအဖြစ်အသုံးဝင်သည့်အပြင် တောင်သူများအတွက်လည်း ဝင်ငွေရရှိစေနိုင်သော စီးပွားရေးသီးနှံတစ်မျိုးဖြစ်သည်။ကန်စွန်းဥကို ပြုတ်ခြင်း၊ဖုတ်ခြင်း၊ ကြော်ခြင်း နှင့်အခြားအစားအစာများအဖြစ် ပြုပြင်စားသုံးနိုင်သောကြောင့် လူအများနှစ်သက်ကြသည်။ ထို့အပြင် အာဟာရဓာတ်များ ပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများထဲမှ တစ်မျိုး အဖြစ်လည်း သတ်မှတ်နိုင်သည်။ ထို့ကြောင့် ကန်စွန်းဥ၏ အာဟာရတန်ဖိုး၊ စိုက်ပျိုးထုတ်လုပ်မှု နှင့်ဈေးကွက်အခြေအနေများကို သိရှိနားလည်ထားခြင်းသည် စားသုံးသူများနှင့် တောင်သူများအတွက် အကျိုးရှိစေမည်ဖြစ်သည်။

DOCA(မန္တလေး)