Main menu

မြေပဲဈေးကွက်နှင့် ရာသီဥတုအခြေအနေများကြောင့် တောင်သူများအတွက် စိန်ခေါ်မှုဖြစ်လာ

Powered by Drupal

             လက်ရှိကာလတွင် မြေပဲဈေးကွက်အတွင်း အရောင်းအဝယ်ဆက်လက်ရှိနေသော်လည်း ဈေးနှုန်း အတက်အကျများဖြစ်ပေါ်နေခြင်း၊ ရာသီဥတုအခြေအနေအပေါ်မူတည်၍ အထွက်နှုန်း ကွာခြားနိုင်ခြင်း တို့ကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်နှင့် ရရှိနိုင်မည့် ဈေးနှုန်းကို ကြိုတင် တွက်ချက်ပြီး စိုက်ပျိုးရန်လိုအပ်ကြောင်း သုံးသပ်မှုများရှိလာသည်။

          အောက်တိုဘာ ၁ ရက်နေ့ မြင်းခြံကုန်စည်ဒိုင်၏ ဈေးကွက်အချက်အလက်အရ မြေပဲလုံး ဆံဖြူနှင့် မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၁၂၃၀၀ ကျပ်ခန့်၊ မြေပဲတောင့် တစ်တင်းလျှင် ၅၀၀၀၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 

          မြေပဲဈေးနှုန်းအနေဖြင့် ယခုကဲ့သို့ ဈေးကောင်းသည့်အခြေအနေရှိနေသော်လည်း တောင်သူများ အတွက် အဓိကစဉ်းစားရမည့်အချက်မှာ ရောင်းဈေးတစ်ခုတည်းမဟုတ်ဘဲ မျိုး၊ မြေဩဇာ၊ ဆေးဖိုး၊ လုပ်အားခများအပါအဝင် တစ်ဧက ကုန်ကျစရိတ်ဖြစ်သည်။

          မြင်းခြံမြို့နယ်တွင် ဆောင်းမြေပဲကို ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးများ စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လေးလခန့်ကြာမြင့်ကြောင်း၊ ယခင်နှစ်တွင် တစ်ဧကလျှင် မြေပဲ ၅၅ တင်းမှ ၅၆ တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ရာသီဥတုကောင်းမွန်ပြီး အပင်ပြုစုမှုနှင့် မြေဩဇာကျွေးမှုများ ပုံမှန်လုပ်ဆောင်နိုင်ပါက အထွက်နှုန်း ကောင်းနိုင်ကြောင်းလည်း သိရသည်။

                      ယခုနှစ်တွင်လည်း မြေပဲစိုက်တောင်သူများအနေဖြင့် ရာသီဥတုအခြေအနေကို အထူး ဂရုပြုရန် လိုအပ်သည်။ မိုးနှောင်းကာလအတွင်း မိုးရွာသွန်းမှုအခြေအနေပြောင်းလဲနိုင်ခြင်း၊မုတ်သုန်အခြေအနေအပြောင်းအလဲများရှိနိုင်ခြင်းတို့သည်စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ၂၀၂၆ ခုနှစ် မိုးနှောင်းကာလအတွက် သီးခြား မိုးလေဝသ ခန့်မှန်းချက်များ ထုတ်ပြန်ထားသည်။

          ထို့ကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် လက်ရှိမြေပဲဈေးနှုန်းကောင်းမွန်နေမှု တစ်ခု တည်းကို အားထားပြီး စိုက်ပျိုးရန်ဆုံးဖြတ်ခြင်းထက် တစ်ဧကကုန်ကျစရိတ်၊ မျှော်မှန်းအထွက်နှုန်း၊ ရိတ်သိမ်းချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းအတက်အကျနှင့် ရာသီဥတု အခြေအနေတို့ကို ပေါင်းစပ်တွက်ချက်ပြီးမှ စိုက်ပျိုးရန်လိုအပ်သည်။ အထူးသဖြင့် “အခု ဈေးကောင်းလို့ စိုက်ရင် အမြတ်ရမလား” ဆိုသည့် မေးခွန်းထက် “တစ်ဧက ဘယ်လောက်ကုန်မလဲ၊ ဘယ်လောက်ထွက်မလဲ၊ ဘယ်ဈေးရမှ အမြတ်ကျန်မလဲ” ဆိုသည်ကို တောင်သူများအနေဖြင့် ကြိုတင်တွက်ချက်ထားခြင်းက ပိုမိုအရေးကြီးကြောင်း စိုက်ပျိုးရေးလုပ်ငန်းရှင်များက အလေးထားဆွေး နွေးပြောကြားကြောင်း သိရသည်။ DOCA(မန္တလေး)