
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ၊ ဒေါ်ပပလင်း သည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ရွှေတောင်ငူ ထမင်းခြောက်ကြော် လုပ်ငန်း လုပ်ကိုင်သူလုပ်ငန်းရှင် ဒေါ်မိုးသူဇာဝင်း နှင့် စက်တင်ဘာလ ၇ ရက်နေ့တွင် တွေ့ဆုံခဲ့ ပါသည်။
ပိုင်ရှင်အနေဖြင့် အဆိုပါထမင်းခြောက်ကြော်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်မှာ ၂နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်။ ထမင်းခြောက်ထဲတွင်ပါဝင်ပစ္စည်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းဆန်၊ ဆား၊ ဆီ၊ မြေပဲဆံ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် တို့ပါဝင်ပါသည်။ ရွှေဘိုပေါ်ဆန်းဆန်ကိုသုံးလျှင် အဆ ရှည်၍ ကြော်ပုံလှပသောကြောင့် အသုံးပြုခြင်းဖြစ်ပါသည်။ ကုန်ကြမ်းစတင်ရန်အတွက် ဆန်ကို ရိုးရိုးထမင်းချက်သည့်အတိုင်း ပုံမှန်ချက်ပြုတ်ရပါသည်။ ထမင်းများကျက်သွားလျှင် သန့်စင်ထားသော ဖျာကြမ်းများပေါ်တွင် ဖြန့်၍ နေ(၃) ရက်နီးပါးလှန်းရပါသည်။ဆန်များကိုအခြောက်ခံသည့် အခါနွေရာသီတွင်သာ အများဆုံးလှန်းကြပါသည်။ ထမင်းခြောက်ကုန်ကြမ်းများအား နွေရာသီတွင် သာလှန်း၍ သိုလှောင်ထားကြပါသည်။
ထမင်းခြောက်များလှန်းပြီးခြောက်သွားလျှင်ဆာလာအိတ်ကြီးများဖြင့်ထည့်၍သိုလှောင်ထားပြီးအော်ဒါရှိလျှင် ရှိသလိုလိုသလောက်ကြော်ပြီး အော်ဒါပို့ရပါသည်။ ဈေးကွက်အတွင်း ဖြန့်ဖြူးရန် အတွက်လည်းကြော်ရပါသည်။ ထမင်းခြောက်ကြော်အထုပ်လေးတစ်ထုတ်တွင် ထမင်းခြောက် ကြော်၊ မြေပဲဆံ ၊ကြက်သွန်ဖြူတို့ဖြင့်စားချင်စဖွယ် ပြင်ဆင်ထုပ်ပိုးထားခြင်း ဖြစ်ပါသည်။ ထမင်း ခြောက် တစ်ခါကြော်လျှင် ဆန်(၇)ပြည်သုံးရပြီး ဆီ(၇)ပိဿာခန့်ကုန်ကျပါသည်။ ထမင်းခြောက် ကြော် (၂၅) ကျပ်သား တစ်ထုပ် လျှင်(၂၅၀၀)၊(၅)ကျပ်သား တစ်ထုပ်လျှင်(၁၀၀၀) ဖြင့် လက်ကား ဖြန့်ဖြူးရောင်းချပေးပါသည်။ ထမင်း ခြောက်ကြော်လုပ်ငန်းအား အလုပ်သမား (၄)ဦးသာခန့်ထားပြီး တစ်ပိုင်တစ်နိုင် မိသားစု လုပ်ကိုင်ခြင်းဖြစ်သည်ဟု ထမင်းခြောက်ကြော်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီးသိရှိခဲ့ရပါသည်။
DOCA(ပဲခူး)
