
၂၀၂၆ ခုနှစ် ပထမ (၇) လအတွင်း တရုတ်နိုင်ငံ၏ သတ်မှတ်ပမာဏထက် ကျော်လွန်သော အဓိက စက်မှုလုပ်ငန်းကြီးများ၏ အမြတ်ငွေသည် လွန်ခဲ့သောနှစ် တူညီသည့်ကာလထက် ၁၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရို၏ ဩဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန် ချက်အရသိရသည်။ တစ်နှစ်လျှင် ပင်မစီးပွားရေး ဝင်ငွေ အနည်းဆုံး ယွမ် သန်း ၂၀ (အမေရိကန် ဒေါ်လာ ၂.၉၅ သန်းခန့်) ရှိသော အဆိုပါ စက်မှုလုပ်ငန်းကြီးများသည် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကာလအတွင်း စုစုပေါင်း အမြတ်ငွေ ယွမ် ၄.၅၈ ထရီလီယံ ရရှိခဲ့ကြောင်း ဒေတာများအရ သိရသည်။
အဓိက ကဏ္ဍကြီး (၃) ခုအနက် သတ္တုတူးဖော်ရေး ကဏ္ဍ၏ အမြတ်ငွေမှာ ၃၄.၉ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၆၆၆.၀၅ ဘီလီယံ ရရှိခဲ့ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ၏ အမြတ်ငွေမှာ ၁၈.၈ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၃.၄၄ ထရီလီယံနီးပါး ရရှိခဲ့သည်။ သို့သော် လျှပ်စစ်ဓာတ်အား၊ အပူစွမ်းအင်၊ ဓာတ်ငွေ့နှင့် ရေ ထုတ်လုပ်ဖြန့်ဖြူးရေး ကဏ္ဍ၏ အမြတ်ငွေမှာမူ ၅.၈ ရာခိုင်နှုန်း လျှော့ကျခဲ့ပြီး ယွမ် ၄၇၈.၄၂ ဘီလီယံသာ ရှိခဲ့သည်။
အဓိက စက်မှုလုပ်ငန်းများအနက် ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြား အီလက်ထရွန်နစ် ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍ၏ အမြတ်ငွေမှာ ၁၁၀ ရာခိုင်နှုန်းထိမြင့်တက်ခဲ့သည်။ အရောင်မဲ့ သတ္တုကျိုချက်ခြင်းနှင့် အပြားကြိတ်ခြင်း လုပ်ငန်းမှာ ၉၁.၈ ရာခိုင်နှုန်း၊ ဓာတုဗေဒ ကုန်ကြမ်းနှင့် ထုတ်ကုန်များ ထုတ်လုပ်မှုမှာ ၅၆.၆ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး တူးဖော်သန့်စင်မှု လုပ်ငန်းမှာ ၅၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ရေနံ၊ ကျောက်မီးသွေးနှင့် အခြား စွမ်းအင်သစ် ထုတ်လုပ်ရေး ကဏ္ဍမှာမူ အရှုံးမှ အမြတ်သို့ ပြန်လည် ကူးပြောင်းနိုင်ခဲ့သည်။
အမျိုးသား စာရင်းအင်းဗျူရို၏ ဒေတာများအရ ပထမ (၇) လအတွင်း အဆိုပါ စက်မှုလုပ်ငန်း ကြီးများ၏ စုစုပေါင်း ဝင်ငွေမှာ ယွမ် ၈၀.၉၂ ထရီလီယံ ရှိခဲ့ပြီး လွန်ခဲ့သောနှစ်ထက် ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လုပ်ငန်းလည်ပတ်မှု စရိတ်မှာမူ ၅.၉ ရာခိုင်နှုန်း မြင့်တက်၍ ယွမ် ၆၈.၇၉ ထရီလီယံ ရှိခဲ့သည်။
အမျိုးသား စာရင်းအင်းဗျူရိုမှ စာရင်းအင်းပညာရှင် Yu Weining က အမြတ်ငွေ ပုံမှန်ထက် ပိုမို လျှင်မြန်စွာ တိုးတက်လာခြင်းမှာ ငြိမ်ဝပ်သော စက်မှုကုန်ထုတ်လုပ်မှုနှင့် မောင်းနှင်အားသစ် များ၏ လျှင်မြန်စွာ တိုးတက်လာမှုကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ Yu က အီလက်ထရွန်နစ် ကဏ္ဍသည် အဓိက ဒေါက်တိုင်ဖြစ်ကြောင်း၊ ယင်း၏ အမြတ်ငွေ ၁၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စက်မှုလုပ်ငန်း တစ်ခုလုံး၏ အမြတ်ငွေ တိုးတက်မှုတွင် ၉.၃ ရာခိုင်နှုန်းအထိ ပါဝင် ပံ့ပိုးပေးခဲ့ကြောင်း အလေးပေး ပြောကြားခဲ့သည်။ နည်းပညာမြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍသည်လည်း အားကောင်းသော အရှိန်အဟုန်ကို ပြသခဲ့ပြီး အမြတ်ငွေ ၅၀.၁ ရာခိုင်နှုန်း မြင့်တက်ကာ စက်မှုလုပ်ငန်း တစ်ခုလုံး တိုးတက်မှုတွင် ၉.၆ ရာခိုင်နှုန်း ပံ့ပိုးပေးခဲ့သည်။ ကုန်ကြမ်း ထုတ်လုပ်မှု ကဏ္ဍ၏ အမြတ်ငွေမှာ ၅၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၇.၁ ရာခိုင်နှုန်း ပံ့ပိုးပေးခဲ့သည်။
ပထမ (၇) လအတွင်း ဝင်ငွေအပေါ် အမြတ်ငွေ ရရှိမှု ရာခိုင်နှုန်းမှာ ၅.၆၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း တူညီသည့် ကာလများအနက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း Yu က မှတ်ချက်ပြုခဲ့သည်။
သို့သော် နိုင်ငံတကာ ပတ်ဝန်းကျင်မှာ ဆက်လက် ရှုပ်ထွေး၍ စိန်ခေါ်မှုများ ရှိနေသေးသလို ပြည်တွင်း၌ ရောင်းလိုအား အားကောင်းပြီး ဝယ်လိုအား အားနည်းသည့် မမျှတမှုများလည်း သိသာ နေသေးကြောင်း Yu က သတိပေးခဲ့သည်။ ၎င်းက စက်မှုလုပ်ငန်းများ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်အတွက် ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်း၊ ရောင်းလိုအားကို မြှင့်တင်ခြင်း၊ ရိုးရာ စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ခြင်း၊ ပေါ်ထွက်ခါစ ကဏ္ဍများကို တိုးတက်စေခြင်းနှင့် အနာဂတ် စက်မှုလုပ်ငန်းများကို ပျိုးထောင်ပေးခြင်းတို့ကို ပိုမို ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။ ဇူလိုင်လ တစ်လတည်းတွင်ပင် အဓိက စက်မှုလုပ်ငန်းကြီးများ၏ အမြတ်ငွေမှာ လွန်ခဲ့သောနှစ် တူညီသည့်ကာလထက် ၁၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရိုအရ သိရသည်။
DOCA (ရန်ကုန်)
