
ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီရောင်းချမှုများ စနစ်တကျရှိစေရေးနှင့် စားသုံးသူများအနေဖြင့် သတ်မှတ်ပမာဏနှင့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား (၁၇-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချရာ၌ စားသုံးသူများအား သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာ ရောင်းချပေးနိုင်ရေးအတွက် ဆီပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ချိန်တွယ်တိုင်းတာသည့် ကိရိယာများ မှန်ကန်စွာ အသုံးပြုမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် စက်သုံးဆီဈေးနှုန်းများကို သတ်မှတ်ထားသည့် ဈေးနှုန်းများနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ မသင့်လျော်ဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိနှင့် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ တို့ကို စိစစ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီဈေးကွက် တည်ငြိမ်စေရေးနှင့် စက်သုံးဆီပြတ်လပ်မှု မှိစေရေး၊ စားသုံးသူအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်းများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
