
ခဝဲပင်သည် ဘူးဖရုံ စသောအပင်မျိုး၌ပါဝင်၍ နှစ်စဉ် စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် အလျား ၇ လက်မ မှ ၁၅ လက်မခန့်အထိ ရှည်သည်။ ခဝဲပင်၏ အဖျားပိုင်းသည် အနည်း ငယ်ထွား၍ အညှာဖက်သို့ သေးသွယ်သွား၏။ လတ်ဆတ်နေချိန်၌ ခဝဲသီးသည် အစိမ်းရင့်ရောင် ရှိသည်။ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိသည်။ အရည်ရွှမ်း၍ ပွသည်။ အစေ့မှာ သခွားစေ့နှင့် တူသည်။ အပွင့်မှာ အဝါရောင်ရှိ သည်။ ခဝဲပင်ကို အသီးအတွက် စိုက်ပျိုးကြသည်။ ခဝဲသီးတွင်ပါရှိသော စောင်းများကို ခြစ်ထုတ်ပြီးလျှင် အခွံပါးပါး သင်ပြီးသည့်နောက် ကြော်ချက်သော်လည်းကောင်း၊ ဟင်းချိုသော်လည်းကောင်း ချက်၍စား ကြသည်။ ခဝဲသီးကို အချို ချက်၊ အသား၊ ငါး၊ ပုဇွန်များနှင့်ရော၍ ချက်စားတတ်သည်။ ဟင်းချို အဖြစ် ချက်၍ အသီးနုများ ပြုတ်တို့စားကြသည်။ ချိုသော အရသာရှိ၍ ကြိုက်နှစ်သက်မှုများသည်။ မြန်မာ နိုင်ငံတွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။
မျိုးအသုံးပြုမှု
မြန်မာနိုင်ငံ၌ ခဝဲ ၂ မျိုးရှိသည်။ တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး ၅ – ၆ လက်မခန့်ရှည်ပြီး အသီး၏ ပုံသဏ္ဍာန်မှာ အမြီးပိုင်းက တုတ်ပြီး အဖျားပိုင်းသို့ ရှူးသွားသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်သည်။ ဆောင်းရာသီတွင် အပင် ငယ်ငယ်ဖြင့် ပန်းပွင့်တတ်၍ သတိထား စိုက်ပျိုးရသည်။ ရောဂါ ဒဏ်၊ ပိုးမွှား ဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီ သောမျိုးကို ထိန်းသိမ်းစိုက်ပျိုးသင့်ကြောင်း သိရသည်။
စိုက်ပျိုးသည့်ချိန်
မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့် နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကို ၀အောင်ပေး ရပါမည်။ ဆောင်းရာသီတွင် အောက်ခြေမှ ငါးပေအထိ အသီးအပွင့်များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကို ယူသင့်သည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့်သာ စိုက်ပျိုး မှုများကြောင်း သိရသည်။
စိုက်ပျိုးခြင်း
ခဝဲစေ့ကို တိုက်ရိုက်အစေ့ချစနစ် စိုက်ပျိုး၍ရသလို ဘောင်တင်ပြီး စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့ ၂ ပေါင် ၃ ပေါင် လောက်သည် တစ်ဧကကျယ်ဝန်းသော မြေကွက်ပေါ်၌ ကြဲဖြန့်စိုက်ပျိုးရန်အတွက် လုံလောက်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြား လက်မဝက် ခန့်မြုပ်၍ စိုက်ပါ။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေ အမြင့်ဆွဲ၍ တစ်ဘောင်နှင့် တစ်ဘောင် ငါးပေ ခြားဆွဲပါ။ တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင်စိုက်ပျိုးပါ။ စင်ပေါ် သို့မရောက်မီ ကြားဝါး တန်းများ ကို တစ်ပေခြား ကန့်လန့်ဖြတ် ချည်ပေးရပါမည်။ မိုးအနည်းငယ်ရွာသွန်းသော ဒေသများ တွင် ခဝဲပင်ကို စင်မထိုးဘဲ စိုက်ပျိုးကြသည်။ သို့သော် မိုးများစွာရွာသွန်းသောဒေသများတွင် စင်ထိုး၍ စိုက်ပျိုးကြသည်။ အကြောင်းမှာ စွတ်စိုသောမြေပေါ်တွင် ကြာမြင့်စွာ ခဝဲသီးကျနေပါမူ ပုပ်လွယ်တတ်သောကြောင့် ဖြစ်ပါ သည်။
မြေသြဇာထည့်သွင်းခြင်း
ခဝဲပင်ကို မြေဩဇာကောင်းသောနေရာများတွင် စိုက်ပျိုးကြသည်။ သဘာဝမြေဆွေးကို မစိုက်ပျိုးမီ ထည့်ပေးရသည်။ ဓာတ်မြေသြဇာကို လိုအပ်မှသာ စိုက်တန်းမှ ထည့်ပေးရသည်။ မြေဆီလွှာအစိုဓာတ် အမြဲရရှိရန် လိုအပ်သည်။ လိုအပ်၍ ရေသွင်းရလျှင် တစ်ဘောင်ခြားရေသွင်းရသည်။ မြောင်းအနက်၏ ၂/၃ ပုံသာ ရေပြည့်အောင်သွင်းရသည်။ ဘောင်ပေါ် ရေလျှံ မတက်ရပါ။ ခဝဲ တစ်ဧကလျှင် နွားချေးဆွေး လှည်း ၁၀ စီးမှ အစီး ၂၀၊ ပုလဲ(၁-၂) အိတ်၊ တီစူပါ (၂-၄) အိတ်၊ ပိုတက်ရှ် မြေသြဇာ ၁၂ အိတ်ထည့်ပေးသင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာကိုရော၍ စိုက်ဘောင် တွင်း သမအောင် မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ဘောင် အောက်ခြေမှ ဘောင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။ မြေဩဇာညံ့ဖျင်းသော ဒေသများတွင် ပြာနှင့် နွားချေး အဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာ ရွာသွန်းလာသည့်အချိန်ထိ ရေမှန်မှန် လောင်းပေးရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်းပါသည်။
ခူးဆွတ်ခြင်း
အပင်သက်တမ်း ၇၅ – ၈၀ ရက် ရှိသောအခါ အသီးကို ဆွတ်ခူးနိုင်သည်။ ရင့်သည်ထိထားပြီး ဆွတ်ခူးလျှင် အမျှင်များပါရှိပြီး စား၍ မကောင်းတော့ချေ။ တစ်ဧကလျှင် အသီးလုံးရေ ၂၀,၀၀၀ – ၃၀,၀၀၀ အထိ ရရှိနိုင်သည်။ ခဝဲသီးသည် တာရှည်အထားခံသော အသီးမျိုးမဟုတ်ပါ။ ထိုကြောင့် စောင်းများ မရင့်မီအချိန်တွင် ခူးဆွတ်ရကြောင်း သို့မှသာ လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရသည်။
မြင်းခြံမြို့နယ်ရှိ ကျေးရွာများသည် ရွာသို့ တိုက်ရိုက်လာရောက်ဝယ်ယူသော ပွဲစားများသို့လည်း ကောင်း မြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် ကိုယ်တိုင် သော်လည်းကောင်း ရောင်းချကြောင်း သိရသည်။ တစ်ပိဿာလျှင် ရွာတွင်ရောင်းရသောဈေးနှုန်းမှာ (၂၅၀၀)ကျပ် ဖြစ်ပြီး မြို့ပေါ်တွင် ရောင်းရသော ဈေးနှုန်းမှာ(၃၀၀၀)ကျပ်ဖြစ်၍ အကျိုးအမြတ် ပိုမိုရရှိကြောင်း သိရပါသည်။ doca(မန္တလေး)
