
၂၀.၈.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ် သည့် လုပ်ငန်းများ/ စက်ရုံများ/ကုမ္ပဏီများအား စားသုံးသူများကို ဘေးအန္တရာယ်ကင်းရှင်းမှု မရှိသော၊ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များ ရယူသုံးစွဲခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်၍ မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ်ကွက်ရှိ ပဲငံပြာရည်ထုတ်လုပ်သည့် လုပ်ငန်းသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များ အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့် တာဝန်(၁၁)ချက်အကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူ သည်ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (မွန်)
